KNPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား တစ်ဦး အသတ်ခံရတဲ့ကိစ္စအပေါ် ကန့်ကွက်ဆန္ဒပြ ခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ကယားပြည်နယ်ကသမဂ္ဂအဖွဲ့ဝင် စုစုပေါင်း ၅ ဦးကို ဒီနေ့ လွိုင်ကော်မြို့နယ်တရားရုံးကနေစစ်ဆေးပြီး တရားစီရင် ချက်ချမှတ်ခဲ့ပါတယ်။ တရားရုံးကနေ ငွေဒဏ်သုံးသောင်း ပြစ်ဒဏ်ချမှတ်ခဲ့ပေမဲ့လည်း ဒဏ်ငွေမဆောင်တဲ့အတွက် ထောင်ဒဏ်ရက်(၂၀)ကျခံခဲ့တယ်လို့ တရားရုံးမှာတက်ရောက်နားထောင်သူတွေကပြောပါတယ်။
ကရင်နီသမဂ္ဂ အဖွဲ့ဝင် ၅ဦး အဖမ်းဆီးခံတရားစွဲဆိုခံရတဲ့အပေါ် အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကရင်နီလက်နက်ကိုင်အဖွဲ့တွေကနေ တောင်းဆိုခဲ့သလို တရားမျှတမှုမဖော်ဆောင်နိုင်တဲ့အခြေအနေကြောင့် ကယားပြည်နယ်လွှတ်တော်ရေးရာ အရပ်ဘက် ကိုယ်စားလှယ် ၄ ဦး ဆန္ဒပြနုတ်ထွက်ခဲ့ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် ကပြောပြပေးမှာ ဖြစ်ပါတယ်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)တပ်ဖွဲ့ဝင်၃ ဦးနှင့် အရပ်သား ၁ ဦး အသတ်ခံရမှု နှင့် ပတ်သက်ပြီး ဆန္ဒဖေါ်ထုတ်မှုနဲ့တရားစွဲဆိုခံထားရတဲ့ ကရင်နီသမဂ္ဂအဖွဲ့ဝင် ၅ဦးကို ဒီကနေ့မှာ ကယားပြည်နယ် လွိုင်ကော် မြို့နယ်တရားရုံးမှာ အမိန့်စီရင်ချက်ချလိုက်ပြီးလို့ ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်ဘီထူးက အခုလို ပြောပါတယ်။
"ပုဒ်မ(၁၉)အတိုင်းပေါ့နော်။ (၂၄)နာရီကြိုတင်အကြောင်းကြားထားခြင်းမရှိတဲ့အတွက် ကြောင့်ပေါ့နော် ပုဒ်မ(၁၉)နဲ့ တရားစွဲပြီးမှပေါ့နော်။ အမိန့်ချတာ ဒဏ်ငွေသုံးသောင်းဆောင်ခိုင်းတယ်။ ဒါပေမဲ့လူငယ်တွေက သူတို့တောင်းဆို ဆန္ဒပြတာက အမှန်တရားအတွက် ဖြစ်တဲ့အတွက် ဒဏ်ငွေလက်မခံနိုင်ဘူး။ ဒဏ်ငွေမဆောင်တဲ့အတွက် ထောင်ဒဏ် အရက်(၂၀)ကိုဘဲအကျခံနေပါတယ်ခင်ဗျ။"
ပြစ်ဒဏ်စီရင်ချက်ချမှတ်ခံရတဲ့ ကရင်နီသမဂ္ဂအဖွဲ့ဝင် ၅ဦးဟာ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးတဲ့အခြေအနေ မှာရှိနေသလို ရှေ့ဆက်အယူခံဝင် မ၀င်ကိုတော့ မပြောနိုင်သေးကြောင်း ကယန်းမျိုးဆက်သစ်အဖွဲ့ ခေါင်းဆောင် ခွန်အသန်းက အခုလိုပြောပါတယ်။
"အစကမိသားစုနဲ့တွေ့ခွင့်ပေးမယ်ဆိုပြီး တွေ့ခွင့်မပေးတော့ အခုထောင်ထဲတိုက်ရိုက်သွင်းထဲ့ပြီးမှ ထောင်ဝမှာနဲနဲ ရုတ်ရုတ်ဖြစ်နေတယ်ဗျ။ လာတွေ့တဲ့လူငယ်တွေနဲ့ မိသားစုတွေက ထောင်တံခါးပိတ်ထားပြီးမှ ရဲတွေနဲ့အခြေ အတင် ဖြစ်နေတယ်။ အယူခံကတော့ဝင်ဖို့မရှိလောက်ဘူးနဲ့တူတယ်။ ဒါပေမဲ့အတိအကျတော့ မပြောတတ်သေးဘူး။ သူတို့မိသားစုတွေနဲ့ တွေ့ခွင့်မရဘူးဆိုတော့လေ။"
ကယားပြည်နယ်ကျောင်းသားသမဂ္ဂအဖွဲ့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ လူငယ်များသမဂ္ဂအဖွဲ့ ၀င် လူငယ်(၅)ဦးဟာ ဒီဇင်ဘာ(၂၀) ရက်နေ့က ကယားပြည်နယ် ရှားတောမြို့က ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၁ ဦးကို မြန်မာ့တပ်မတော်သားတွေက သတ်လိုက်တာ နဲ့ ပတ်သက်ပြီး ဒီဇင်ဘာ လ ၂၂ ရက်နေ့က ဆန္ဒပြခဲ့မှုမှာ ဦးဆောင်သူတွေအဖြစ်ဖမ်းဆီးခံခဲ့ရပြီး ဒီကနေ့မှာပြစ်ဒဏ်ချမှတ်တာခံခဲ့ရတာပါ။
အဖမ်းဆီးခံကရင်နီသမဂ္ဂအဖွဲ့ဝင် ၅ဦးကို တရားစွဲဆိုရာကနေ ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့တွေဖြစ်တဲ့ ကယန်းပြည် သစ်ပါတီနဲ့ ကလလတခေါ် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့ လွတ် မြောက်ရေးတပ်ဦးတို့ကနေ ဒီကနေ့မှာ ပူးတွဲကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့တယ်လို့ ကယန်းပြည် သစ်ပါတီ ဗဟိုကော်မီတီဝင်ဦးစိုးနိုင်ကပြောပါတယ်။
"အဖမ်းဆီးခံထားရတဲ့(၅)ယောက်ကဆန္ဒပြတာပေါ့လေ သူတို့အတွက်နစ်နစ်နာနာမရှိအောင်ပေါ့လေ။ ကျွန်တော်တို့ ၀ိုင်းဝန်းပြီးတော့အတတ်နိုင်ဆုံးခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ အဲတာတောင်းဆိုတာပါဗျ။ ကြီးမားတဲ့ပြစ်ဒဏ် ပေးမယ်ဆိုရင် ဒီဒေသတွင်းလဲစိုးရိမ်ကြောင့်ကျမှုတွေ ပိုများလာနိုင်တယ်ပေါ့လေ။"
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တပ်ဖွဲ့ဝင်၃ ဦးနှင့် အရပ်သား ၁ ဦး အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဆန္ဒဖော်ထုတ်တဲ့လူငယ် ၅ ဦးကို တရားစွဲဆို ဖမ်းဆီးခံရမှုအပေါ် တရားမျှတစွာ မဖော်ဆောင်နိုင်တဲ့ ကယားပြည်နယ် အစိုးရကို အယုံအကြည်မရှိလို့ ဗုဒ္ဒဟူးနေ့တုန်းက လွှတ်တော်အရပ်ဘက်ကိုယ်စားလှယ် ၄ ဦး နုတ်ထွက် စာ တင်ထားတဲ့ဖြစ်စဉ်လဲ ဖြစ်ပွါးခဲ့ပါတယ်။
ဒီအခြေအနေကို ကိုယ်တိုင်နှုတ်ထွက်ခဲ့တဲ့ ကယားပြည်နယ်လွှတ်တော် တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေး ကော်မ တီဝင် ခူတူးရယ်ကအခုလိုပြောပါတယ်။
"အမှန်တရားကိုလူငယ်တွေနဲ့အတူ ဖေါ်ထုတ်ရမယ့် အစားပေါ့။ အဲဒီအမှန်တရားကိုဖေါ်ထုတ်နေတဲ့လူကိုလဲ တရားစွဲ တယ်။ လူသတ်မှုကိုကျူးလွန်နေတဲ့လူကို သူတို့ကလဲ မထိရဲမကိုင်ရဲ။ ပြည်နယ်အစိုးရအနေနဲ့ တရားဥပဒေစိုးမိုး မှုရရှိအောင် ကြွေးကြော်နေတဲ့သူတွေကို ပံ့ပိုးကူညီမဲ့အစား ကူညီမှုလဲ ပျက်ကွက်တယ်။ တရားဥပဒေစိုးမိုး မှုကိုဖေါ် ဆောင်တဲ့နေရာမှာ ပျက်ကွက်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ အားမလိုအားမရဖြစ်လို့ ဒီိရေးရာကော်မီတီအဖြစ် ကနေ နုတ်ထွက်လိုက်ခြင်းဖြစ်တယ်။"
KNPPတပ်ဖွဲ့ဝင်သုံးဦးနဲ့ အရပ်သားတစ်ဦး သေဆုံးမှုဖြစ်စဉ်နဲ့ပက်သက်လို့ မြန်မာ့တပ်မတော်ကနေ စီစစ်နေဆဲ ဖြစ်ပြီး ဘယ်လို အရေးယူကိုယ်တွယ်မလဲ ဆိုတာကိုတော့ မသိရှိသေးဘူးလို့ KNPPကရင်နီအမျိုးသားတိုးတက် ရေးပါတီ ဆက်ဆံရေးရုံးတာဝန်ခံကပြောပါတယ်။
KNPP အဖွဲ့ဟာ မြန်မာအစိုးရနဲ့NCAလက်မှတ်မထိုးနိုင်သေးတဲ့ UNFCခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်ဖြစ်သလို အခုလိုဖြစ်ပွါးခဲ့တဲ့ပြဿနာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အဟန့်အ တား ဖြစ်စေနိုင်တယ်လို့လဲUNFCခေါင်းဆောင်တွေကသုံးသပ် ထားပါတယ်။