သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်စခန်းချရာ မန္တလေးနန်းတွင်း ပစ်ခတ်အတိုက်ခိုက်ခံရ


ယခင်မှတ်တမ်းရုပ်ပုံ | မန္တလေးမြို့ နန်းတော်ရှေ့မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတဦးကိုတွေ့ရစဉ် (အောက်တိုဘာ ၁၁၊ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | မန္တလေးမြို့ နန်းတော်ရှေ့မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတဦးကိုတွေ့ရစဉ် (အောက်တိုဘာ ၁၁၊ ၂၀၂၁)

မန္တလေးက စစ်တပ်အခြေစိုက် တပ်စွဲထားတဲ့ နန်းတွင်းထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ နန်းတွင်း ပေါက်ကွဲမှုတွေဖြစ်ပွါးခဲ့တဲ့နောက် မနက်ပိုင်းမှာပဲ မန္တလေး မြို့ဝင်မြို့ထွက်တွေမှာ အစစ်အဆေးတွေ များလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မန္တလေး မြို့တွင်း အခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့က စစ်တပ် အခြေစိုက်တပ်စွဲထားတဲ့ နန်းတွင်းထဲကို ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့ မနက် ၂ နာရီကျော်အချိန်မှာ ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခံရတာပါ။ တိုက်ခိုက်မှုဟာ ပစ်မှတ်ကို ကျရောက်ခဲ့တယ်လို့လည်း ပြင်ဦးလွင်ခရိုင် ပကခလုံခြုံရေးအဖွဲ့တာဝန်ရှိသူတဦးက VOA ကို ပြောပြပါတယ်။

“ကျွန်တော်တို့ ၂၁ ရက်နေ့ပေါ့ မနက် ၂ နာရီ ၃၀ မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ နန်းတွင်းကို ကျွန်တော်တို့ ၆ လုံးပစ်တယ်ပေါ့နော်။ ၆ လုံးပစ်တဲ့အချိန်မှာ ၂ လုံးကတော့ အယ်ရာတက်သွားတယ်ပေါ့လေ။ ၄ လုံးကတော့ နန်းတွင်းထဲကို တိုက်ရိုက်ထိမှန်ပြီးတော့ ကွဲပါတယ်ခင်ဗျ။ နန်းတွင်းထဲမှာက အကြမ်းဖက် စစ်ကောင်စီတွေပဲနေလို့ တိုက်ခိုက်တာဖြစ်ပါတယ်။ ၄ လုံး လုံးကတော့ ထိမှန်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ အရင်ကလည်း ခဏခဏ လုပ်ဖူးတဲ့ဟာရှိတော့ သေသေချာချာတိုင်းတာပြီးမှ သေချာချာပစ်တာဖြစ်လို့ နန်းတွင်းထဲကို သေချာပေါက်ကျပါတယ်။”

ယခင်မှတ်တမ်းရုပ်ပုံ | မန္တလေးမြို့ ရှိ နန်းတော်ကို ကျုံးတဘက်မှမြင်တွေ့ရစဉ် (နိုဝင်ဘာ ၄၊ ၂၀၁၀)
ယခင်မှတ်တမ်းရုပ်ပုံ | မန္တလေးမြို့ ရှိ နန်းတော်ကို ကျုံးတဘက်မှမြင်တွေ့ရစဉ် (နိုဝင်ဘာ ၄၊ ၂၀၁၀)

ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ နန်းတွင်းမှာ ကျရောက်ပေါက်ကွဲသံကို မန္တလေးမြို့ခံတွေ ကြားခဲ့ကြရကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွါးခဲ့တဲ့နောက် မနက်ပိုင်းမှာပဲ မန္တလေးမြို့အထွက် စစ်ကိုင်းမြို့အဝင် နေရာတွေမှာ စစ်ဆေးတာတွေ ကြုံရတယ်လို့ မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“၂ နာရီကျော်ကျော်လောက်ကတော့ ကြားတယ်ခင်ဗျ။ ၂ နာရီ ဝန်းကျင်မှာ ၆ ချက်လောက်ကြားတယ်။ အသံနည်းနည်းပြင်းတယ်။ ဗုံးကွဲတဲ့အသံလိုမျိုး မနက် ကျွန်တော်ကြားတာတော့ ရှော့တိုက်ဒုံးနဲ့ထုတယ်လို့ ကြားတာပေါ့လေ။ လုံခြုံရေးအခြေအနေကတော့ ဘယ်လိုပြောမလည်းဆိုရင် မြို့ထဲမှာတော့ ဆိုးဆိုးရွားရွားကြီး မရှိဘူး။ အဝင်အထွက်မှာတော့ တော်တော်စစ်တယ်။ မြို့ဝင်မြို့ထွက်နေရာတွေ အဆိုးဆုံးကတော့ စစ်ကိုင်းတံတား နှာပေါက်ခေါ်တာပေါ့။ မန္တလေးလိုပြောရင်တော့။ အဲ့နေရာမှတော့ ဆိုင်ကယ်တွေကော ကားတွေကော တော်တော်စစ်တယ်။ မြို့ထဲမှာတော့ ဆိုးဆိုးရွားရွားမရှိဘူး။”

တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ မန္တလေးနန်းတွင်းထဲက စစ်တပ် မိသားစုဝင်အချို့ကို တခြား လုံခြုံတဲ့နေရာ ရွှေ့ပြောင်းတာ တွေရှိခဲ့တယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ပကဖ ၊ Brave Warriors For Myanmar ၊ မန္တလေး လုံခြုံရေး အထူးတပ်ဖွဲ့ (Mandalay Security and Special Task Force) တို့ အပြင် တခြား မဟာမိတ်တွေက ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

မန္တလေး နန်းတွင်းဟာ ခေတ်အဆက်ဆက် နိုင်ငံရေး အကျဉ်းသားတွေကို ညှင်းပန်းနှိပ်စက် ဖမ်ဆီးစစ်ဆေးမှုတွေ ပြုလုပ်လေ့ရှိတဲ့ နာမည်ကြီးတဲ့ နေရာတခုဖြစ်ပြီး လူအခွင့်ရေးချိုးဖောက်မှုတွေ၊ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးသတ်ဖြတ်ခံရမှုတွေ ဖြစ်ပွါးနေတဲ့အတွက် နာမည်ကြီးတဲ့နေရာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG