သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်း ၃ နှစ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေ အခြေအနေ


ရန်ကုန်မြို့ရှိ အင်းစိန်ထောင်ရှေ့မြင်ကွင်း (ဩဂုတ် ၁၊ ၂၀၂၃)
ရန်ကုန်မြို့ရှိ အင်းစိန်ထောင်ရှေ့မြင်ကွင်း (ဩဂုတ် ၁၊ ၂၀၂၃)

စစ်ကောင်စီအာဏာသိမ်းထားတဲ့ ကာလအတွင်းမှာ အာဏာသိမ်းမှုနဲ့ ဆက်စပ်ဖမ်းဆီးခံရသူပေါင်းဟာ သောင်းနဲ့ချီ ရှိနေ ပြီးဖမ်းဆီး ခံရသူ တွေ ဟာခေတ်အ ဆက်ဆက် မကြုံဖူးတဲ့ ညဉ်းပမ်း ဖိနှိပ်မှုမျိုးစုံ ရင်ဆိုင်နေရတယ်လို့ အကျဉ်း သားတွေနဲ့အကျဉ်းသားတွေကိုကူညီစောင့်ရှောက်သူတွေဘက်က ပြောပါတယ်။ စစ်ကောင်စီက နိုင်ငံတ ဝန်း အကျဉ်း ထောင် တွေထဲက အကျဉ်းသားပေါင်း သိန်းဂဏန်းနီးပါးလွှတ်တာမှာ နိုင်ငံရေးအကျဉ်းသား ထောင်နဲ့ချီသာပါဝင်ခဲ့တယ်လို့ လည်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ပါတယ်။ ၃နှစ်တာကာလအတွင်း ထောင်တွင်းအခြေအနေတွေ ဘယ်လောက်ဆိုးဝါးနေသလဲဆိုတာ ရန်ကုန်ကစုစည်းတင်ပြလာတာကို မခင်ဖြူထွေးက ပြောပြပေးမှာပါ။

အာဏာသိမ်း ၃ နှစ်တာကာလအတွင်းမှာ အာဏာသိမ်းမှုကြောင့် ဆက်စပ်ဖမ်းဆီးခံရသူပေါင်းဟာ ၃၀၀၀၀ ထက် မနည်းရှိနေ ပြီးဖမ်းဆီး ခံရသူတွေဟာ ခေတ်အဆက်ဆက် မကြုံဖူးတဲ့ ဖိနှိပ်မှုမျိုးတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအပြင် ဆေးကုသခွင့်မရတာ၊ ရာဇဝတ်အကျဉ်း သားတွေရဲ့နှိပ်စက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရ တာစတဲ့ ဖိနှိပ်မှုမျိုးစုံခံနေရပေမယ့် ထိရောက်တဲ့ကာကွယ်ပေးမှုတွေမရှိဘဲ ဖိနှိပ်မှု တွေကို ခံစားနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောပါတယ်။ အကျဉ်းသားတွေ အကျဉ်းထောင်ထဲမှာ ဘယ်လိုဖိနှိပ်ခံရသလဲ ဘယ်လိုအခက်အခဲတွေကြုံနေရသလဲဆိုတာကို သူကခုလိုပြောပြလာတာပါ။

"ပိုပြီးဆိုးဝါးလာတာကတော့ ၂၀၂၂ အကုန် ၂၀၂၃ မှာဆိုရင် အကျဉ်းထောင်ထဲရှိတဲ့ အကျဉ်းသားတွေကိုပြင်ပကိုခေါ်ယူပြီးတော့ သတ်ဖြတ် တာ ၂၀၂၃ မှာသိသိသာသာကျူးလွန်လာတယ်။ နောက်အမျိုးသမီးတွေကိုမုဒိန်းကျင့်တယ်လို့ပြောမလားသတ်မှတ်လို့ရတာ အမျိုးသမီး တွေရဲ့ အလိုဆန္ဒမပါဘဲနဲ့သူတို့ရဲ့ ကိုယ်အင်္ဂါတွေကိုလက်တွေနဲ့နှိုက်ယူစစ်ဆေးတာ ဓမ္မတာလာချိန်တောင်မရှောင်စစ်ဆေးတာတွေလုပ်တာ က ၂၀၂၄အစောပိုင်းမှာ လုပ်လာတာမျိုးတွေတွေ့ရတယ်။ နောက်တခုက အမျိုးသားအမျိုးသမီးဘဲပြောနေသေးတာမဖြစ်သေးတော့ LGBT တွေလည်း အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးပုဒ်မနဲ့ကျတာတွေရှိတယ်။ တခါတခါမှာ သူတို့တွေအနေနဲ့လည်း လိင်ပိုင်းဆိုင်ရာအရ စော်ကားခံရတာတွေကြုံနေရတယ်။ တချို့ LGBTတွေဆို ဝန်ထမ်းအမျိုးသားတွေရဲ့ စိတ်အာသာဖြေဖို့အသုံးချခံနေရတာတွေရှိပါ တယ်။"

၃နှစ်တာကာ လအတွင်းစစ်ကောင်စီဟာ လွတ်ငြိမ်းချမ်းသာခွင့် ၁၄ကြိမ်ပေးခဲ့မှုအတွင်း အကျဉ်းသားပေါင်း ၉၀၀၀၀ ကျော် လွှတ်တာမှာ နိုင်ငံရေး အကျဉ်းသား ၇၀၀၀ ကျော်သာပါဝင်ခဲ့တာဖြစ်ကြောင်းISP အစီရင်ခံစာမှာဖော်ပြထားတာဖြစ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၈ ဒသမ ၃ ရာခိုင်နှုန်းသာ ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပြောထားပါတယ်။ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းကနေ ဒီနှစ် ဇန်နဝါရီနောက်ဆုံးပတ်အထိ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့သူစုစုပေါင်း ၃၀၀၀၀ ထက်မနည်း အဖမ်းခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

မကြာသေးခင် ၂၀၂၄ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ လွှတ်ပေးခဲ့တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာဆိုရင် အကျဉ်းသား ၉၆၀၀ကျော် လွှတ်ပေးခဲ့တာမှာ နိုင်ငံရေးအကျဉ်းသား ၈၁ ယောက်သာ ပါဝင်ပါတယ်။ ဒီအထဲက အများစုဟာလည်း လွတ်ရက် စေ့ခါနီးတဲ့ အကျဉ်းသား တွေဖြစ်ပြီး ၃နှစ်အတွင်းလွတ်ပေးခဲ့တဲ့ လွတ်ငြိမ်းတွေမှာလွတ်လာခဲ့သူတွေအကုန်က လွတ်ရက်စေ့တွေများပါတယ်။ အထင်ကရခေါင်းဆောင်ပိုင်းတွေနဲ့ အထင်ကရတက်ကြွလှုပ်ရှားသူတွေပါဝင်လာတာတော့မရှိခဲ့ပါဘူး။

နိုင်ငံရေးအကျဉ်းသားတွေကိုကူညီပေးနေတဲ့ အေအေပီပီပြောခွင့်ရကတော့ နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်တာက လက်ရှိနိုင်ငံတကာ ဖိအားတွေလျော့ကျလာဖို့သတ်သတ်သာဖြစ် ပြီး နိုင်ငံရေးအကျဉ်းသမားတွေကို အသုံးချရုံ သူတို့ ဖိအားတွေကို လျှော့ချဖို့ နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံအနေနဲ့ဖမ်းထား တဲ့သဘော ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။ ထောင်တွင်းမှာ နိုင်ငံရေးသမားတွေဟာခေတ်အဆက်ဆက် မကြုံဖူးတဲ့ ဖိနှိပ်မှုတွေကိုခါးစည်းခံနေရတာကို နိုင်ငံတကာဘက်က ပြတ်ပြတ်သားသားလုပ် ကိုင်ဖို့ လိုတယ်လို့ထောက်ပြလာပါတယ်။

"ပြည်တွင်းမှာဆို အကျဉ်းထောင်နဲ့ပတ်သက်ရင် (ICRC) ပေါ့ဗျာ။ (ICRC) အနေနဲ့လည်းအကျဉ်းထောင်တွေကိုဝင်ရောက်လေ့လာ ခွင့် နိုင်ငံရေးအကျဉ်းသားတွေနဲ့တွေ့ဆုံခွင့် ဒါတွေတောင်းဆိုနေတာအကြိမ်ပေါင်းများစွာဖြစ်နေပြီ ဒါမယ့်စစ်အုပ်စုဘက်ကခွင့်ပြုတာ မရှိဘူး အကြိမ်ကြိမ်ခွင့်တောင်းတယ် ခွင့်မပြုတဲ့အနေအထားမှာဘာလို့ စစ်အုပ်စုနဲ့ MOU ထိုးပြီးပြည်တွင်းထဲရပ်တည်နေဦးမှာလဲံ (ICRC) အနေနဲ့စစ်အုပ်စုအောက်မနေဘဲ အပြင်ကိုပြန်ထွက်မယ်ထွက်ပြီးလို့ စစ်အုပ်စုကိုဒီထပ်ပိုဖိအားတွေပေးနိုင်အောင်လုပ်ရမယ်။ (ICRC) အားဆိုသေးလှတဲ့အားမဟုတ်ဘူး အရင်အာဏာရှင်လက်ထက်ဦးသန်းရွှေလက်ထပ်မှာလဲဒီလိုဘဲလုပ်ခဲ့တယ်။ ဘာလို့အခုဒီလိုမလုပ်နိုင်ရတာလဲ စစ်အုပ်စုကိုအသိအမှတ်မပြုဘဲ မြန်မာပြည်ထဲက (ICRC) ထွက်သွားပြီးတော့ ဒီထပ်ပိုတဲ့ဖိအားတွေပေးဖို့လို အပ်တယ်။ "

အင်းစိန်ထောင်တွင်း အကျဉ်းသားတွေ နေထိုင်ရတဲ့အခြေအနေတွေကို ဆွဲထားတဲ့ ပုံကြမ်းတခု (ဧပြီ ၁၇၊ ၂၀၂၁)
အင်းစိန်ထောင်တွင်း အကျဉ်းသားတွေ နေထိုင်ရတဲ့အခြေအနေတွေကို ဆွဲထားတဲ့ ပုံကြမ်းတခု (ဧပြီ ၁၇၊ ၂၀၂၁)

နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ ထပ်ကြုံနေရတဲ့အကြီးမားဆုံးပြဿနာတခုကတော့ ကျန်းမာရေးပြဿနာဘဲဖြစ်ပါတယ်။ အကျဉ်း ထောင်တွေဆီ ထောင်ဝင်စာ ပါဆယ်ပေးပို့ရာမှာ နိုင်ငံခြားဆေးဝါးတွေ ပို့ခွင့် ကန့်သတ်ထားသလို အကျဉ်းထောင်ထဲမှာလည်း လုံလောက်တဲ့ ဆေးဝါး ကုသခွင့်လည်းမရတဲ့အပြင် အရေးပေါ်လူနာတွေကို အချိန်နဲ့တပြေးညီ ပြင်ပဆေးရုံဆီ ပို့ဆောင်ကုသခွင့်မရခဲ့တာ တွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ မသေသင့်ဘဲ သေဆုံးနေရတာတွေဟာ ဒီနှစ်တွေအတွင်းမှာမြင့်တက်လာနေတယ်လို့ ကိုသိုက်ထွန်းဦး က ပြောပါ တယ်။ ၃နှစ်တာကာလအတွင်းမှာ အကျဉ်းထောင်တွေထဲမှာ သေဆုံးခဲ့ရတဲ့အကျဉ်းသားဟာ ၃၀ထပ်မနည်း ရှိခဲ့ပါတယ်။ ဒီထဲမှာ ထောင်တွင်း ဆေးဝါးကုသခွင့်မရလို့သေဆုံးသူကောထောင်ကနေပြင်ပခေါ်ထုတ်ကာရိုက်နှက်ခံရသူတွေကောပါဝင်တယ်လို့ကိုသိုက်ထွန်းဦးကပြောပါတယ်။

စစ်ကောင်စီဟာ ထောင်တွင်းလူတွေ့ခွင့်ကို ပြီးခဲ့တဲ့နှစ်အောက်တိုဘာလလောက်မှာပြန်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် လူတွေ့ခွင့်တွေမှာ တချို့ ထောင်တွေမှာ ၁၀နှစ်အထက် နှစ်ကြီးကျတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုတော့လုံခြုံရေးအကြောင်းပြချက်နဲ့ခုထိတွေ့ခွင့်မပေးခဲ့ပါဘူး နိုင်ငံ တော်ဒေါ်အောင်ဆန်းစုကြည် NLD နာယကတဦးဖြစ်တဲ့ ဦးဝင်းထိန်၊ ကင်ဆာဝေဒနာခံစားနေရတဲ့ ဒေါက်တာဇော်မြင့်မောင်အပြင် တချို့တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေခုထိ တွေ့ခွင့်မရသေးတာပါ။

တွေ့ခွင့်ရတဲ့သူတွေမှာလည်းထောင်ဝင်စာပါဆယ်ပေးပို့တာမှာ ပါဆယ် မရောက်တာ၊ ထောင်ကျသူတွေ ထောင်ထဲသုံစွဲနိုင်ဖို့ ငွေကြေး ပေးပို့တာ မှာလည်း လက်မှတ်အတုလုပ်ခိုးထုတ်တာ၊ ထောင်ဝင်စာပါဆယ် တခါပေးပို့မယ်ဆို ဆက်ကြေးသဘောပေးပို့နိုင်မှသာ ပေးနိုင် တာစတဲ့ အခက် အခဲတွေကို မိသားစုဝင်တွေခံစားနေရတယ်လို့ထောင်ဝင်စာပါဆယ်တွေနဲ့ပတ်သက်လို့ မိသားစုဝင်တဦးက ကြုံနေရ တဲ့အဖြစ်အပျက်တွေကို အခုလိုပြောပြလာတာပါ။

"ဥပမာအိမ်ကနေပစ္စည်း ၁၀မျိုးထည့်ပေးလိုက်ရင် ကိုယ့်လူဆီရောက်တာ ၄၊ ၅မျိုးဘဲ အနည်းဆုံးကြားထဲမှာ ဟိုကောင်တာက တခုနှိုက်တယ်။ ဒီကောင်တာကတခုနှိုက်တယ်။ အဲမှာ ၃ခုလောက်အသာလေးပြုတ်တယ်။ ပိုက်ဆံပေးရင်လဲကျနော်တို့က ကျနော်တို့မလာနိုင်တဲ့လ ဆိုရင် သုံးနိုင်ဖို့ ပိုက်ဆံလွှဲပေးရတယ်။ ဝန်ထမ်းကို အဲကျရင် ဥပမာ တသိန်းတောင်းရင်အနည်းဆုံး ၁သိန်း၂သောင်းလွဲပေးရတယ်။ ကြားထဲဝန်ထမ်း တွေ စားတယ် ပိုက်ဆံအပြည့်မရောက်ဘူး။ နောက်တခု အိမ်ကိုလည်းမမှာဘူး ပိုက်ဆံလဲမတောင်းဘူး ပစ္စည်းလည်းမမှာဘဲ ဝန်ထမ်းကကြား ထဲကကုလားဖန်ထိုးပြီးတာ့ မမှာတဲ့ပိုက်ဆံအမောင့်ကို သူ့ကိုယ်သူလိမ်ပြီး ၃သိန်းလောက်လိုတယ်ထည့်ပေးလိုက်ပါ လက်မှတ်နဲ့ပေါ့ အဲလို လက်မှတ်အတုလုပ်ပြီးတော့ ရှေ့နေပေးရှေ့နေကကျနော်တို့မိသားစုပေး အဲတော့ကျနော်တို့မိသားစုတွေက ပေးလိုက်တော့ကြားထဲ လူလိမ်က ရသွားကော ဝန်ထမ်းလိမ်တာပေါ့"

အာဏာသိမ်းဆန့်ကျင်မှုမှာ အသက်အရွယ်ရောက်ပြီးသားတွေဘဲဖမ်းဆီးထောင်ကျခဲ့တာမဟုတ်ပါဘူး။ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အသက်မပြည့်တဲ့ကလေးတွေ ကိုလည်းစစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ကာထောင်ချသလို နှစ်ရှည်ထောင်ဒဏ်တွေတပ်ကာတရားစွဲဆိုတာတွေလုပ်ပါတယ်။ လူကြီးထောင်တွေမှာသာလူ့အခွင့်အရေးချိုးဖောက်ခံနေရတာမဟုတ်ပါဘူး။ အသက်မပြည့်တဲ့ ကလေးတွေအကျဉ်းချခံနေရတဲ့ ထိန်းသိမ်းရေး စခန်းတွေနဲ့ အချုပ်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာဆိုးရွားစွာကြုံတွေ့နေရတာပါ။ အသက်မပြည့်တဲ့ကလေးတွေ ထိန်းသိမ်းရေး စခန်းတွေနဲ့ အချုပ်တွေမှာဘယ်လိုလူ့အခွင့်အရေးချိုးဖောက်ခံနေရသလဲဆိုတာနဲ့ပတ်သက်လို့ ကလေးတွေရဲ့အမှုတွေကိုကူညီဖြေရှင်းပေးနေတဲ့ ရှေ့နေတဦးကတော့ အခုလိုပြောပြလာပါတယ်။

"နေရေးထိုင်ရေးဘာဖြစ်လဲဆိုတော့ ရေမသန့်ဘူး။ ရေကတော်တော်ဆိုးဆိုးဖြစ်နေတယ် သံချေးရေဖြစ်နေတယ်။ အဲဒါတွေသုံးရလို့ကလေးတွေ ယားနာတွေပေါက်တယ်။ ဝဲပေါက်လို့ဆေးခန်းတောင်ပြရတယ်။ ဆေးထိုးကြရတယ် အဲလိုဖြစ်နေတာကိုသူတို့ဘက်က ဘာမှတာဝန်ယူမှု မရှိဘူး။ ဒါကခဏယာယီထိန်းသိမ်းတဲ့နေရာ သန်လျင်လူငယ်ထိန်းသိမ်းရေးကျောင်းမှာဖြစ်နေတဲ့ဟာ ကလေးတွေထောင်ချပြီး ငှက်အော်စန်း လူငယ်ထိန်းသိမ်းရေးကျောင်းမှာကျတော့ ရိက္ခာတွေပြတ်နေတယ်။ စားရေးသောက်ရေး ဖူလုံမှုမရှိဘူး။ ဒါတွေဖြစ်နေတယ်။ မိန်းကလေး သင်တန်းကျောင်းရှိတယ်။ မိန်းကလေးနဲ့ပတ်သက်တဲ့ တကိုယ်ရေတကာယပစ္စည်းတွေ မရှိဘူး။ အကျတွေထားတဲ့မိန်းကလေး ကျောင်းမှာဆို လည်း ဆပ်ပြာတောင် ၂ယောက်သုံးနေရတာရှိတယ်။ အဲလိုပြဿနာတွေဖြစ်နေတယ်။"

ဒါတွေနဲ့ပတ်သက်လို့ စစ်ကောင်စီအကျဉ်းဦးစီးဌာနဘက်ကို ဗွီအိုအေကအကြိမ်ကြိမ်ဆက်သွယ်မေးပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိခဲ့ပါဘူး။ လက်ရှိမှာတော့ နိုင်ငံရေးအကျဉ်းသားတွေကူညီစောင့်ရှောက်သူတွေနဲ့ မိသားစုတွေဘက်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ကလည်း အကျဉ်းထောင်တွေထဲက ကိစ္စတွေကို လျစ်လျူမရှုဘဲ လူ့အခွင့်အရေးခံစားခွင့်‌ တွေရနိုင်ဖို့ နိုင်ငံတကာဘက်က ကူညီဖို့မျှော်လင့်နေကြပါတယ်။ ဒါပေမယ့်လက်တွေ့မှာ မရနိုင်ဘဲ ဖိနှိပ်မှုတွေသာတိုးလာတယ်လို့ ထောက်ပြမှုတွေရှိနေပါတယ်။

၃ နှစ်အတွင်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် အယောက် ၈၆၀၀ ကျော်ဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ အေအေပီပီဘက်ကထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ သေဒဏ်နဲ့ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရတဲ့ အမျိုးသမီး ၃၉၈ ယောက်ရှိတယ်လို့လည်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဇန်နဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG