သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း သွားရောက်ကြည့်ရှု


ယခင်မှတ်တမ်းရုပ်ပုံ | Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းကိုတွေ့ရစဉ် (ဇွန် ၂၊ ၂၀၂၀)
ယခင်မှတ်တမ်းရုပ်ပုံ | Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းကိုတွေ့ရစဉ် (ဇွန် ၂၊ ၂၀၂၀)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကို အမေရိကန် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ဒီနေ့ပဲ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ စိန်ခေါ်မှုတွေကို သိနိုင်ဖို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာတော့ ရီပတ်ဘလစ်ကန်အောက်လွှတ်တော်အမတ် Richard McCormick နဲ့ အာဏာရ ဒီမိုကရက်ပါတီအမတ် Ed Case တို့ အပါအဝင် အဖွဲ့ဝင် ၁၁ ဦး လိုက်ပါသွားခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဖိနှိပ်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တိမ်းရှောင်ခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး စီစဉ်နေပေမဲ့ လက်တွေ့အကောင်အထည် မဖော်နိုင်သေးဘဲ ဖြစ်နေတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

မကြာသေးခင်ကလည်း ရိုဟင်ဂျာအကျပ်အတည်းကို ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖြေရှင်းချက်ရဖို့အတွက် ခိုင်မာသေချာတဲ့ နိုင်ငံတကာအကူအညီတွေကို စုစည်းဖို့ OIC-UNHCR ပူးတွဲကိုယ်စားလှယ်အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်က တိုက်တွန်း လိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေးနဲ့ ရိုဟင်ဂျာတွေကို သူတို့ရဲ့ မွေးရပ်မြေ၊ မြန်မာ ဒါမှမဟုတ် တတိယနိုင်ငံကို ပြန်လည်နေရာချထားရေးဟာ ရိုဟင်ဂျာ အကျပ်အတည်းအတွက် ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းသာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen က ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ်တုန်းက စစ်ဆင်ရေးတွေကြောင့် နောက်ဆက်တွဲ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် တိမ်းရှောင်သွားခဲ့ကြတာပါ။ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သီးခြားစီ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါပေမဲ့လည်း လက်တွေ့မှာတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အထမမြောက်သေးသလို၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အရေး ဘယ်လို ဆက်လက် ကိုင်တွယ်မလဲ ဆိုတာကလည်း ရှင်းရှင်းလင်းလင်းတော့ မရှိသေးပါဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရကတော့ ရိုဟင်ဂျာတွေ အပါအဝင် လူနည်းစုတွေ လူ့အခွင့်အရေးကို အကာကွယ်ပေးဖို့နဲ့ ၁၉၈၂ နိုင်ငံသားဖြစ်ရေး ဥပဒေတွေကို ပြန်လည်ပြင်ဆင်ဖို့ ကတိပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG