သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ ခုခံရေးအင်အားစုတွေအခြေအနေ ဟာဝါယီတက္ကသိုလ်မှာဆွေးနွေး


အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီ တက္ကသိုလ်၊ Manoa က ကမကထလုပ်ကျင်းပတဲ့ စစ်အာဏာသိမ်းမှုအပေါ် ခုခံတော်လှန်နေကြတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးတိုက်ပွဲ အကြောင်း ဆွေးနွေးပွဲ (ဇန်နဝါရီ ၃၁၊ ၂၀၂၄)
အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီ တက္ကသိုလ်၊ Manoa က ကမကထလုပ်ကျင်းပတဲ့ စစ်အာဏာသိမ်းမှုအပေါ် ခုခံတော်လှန်နေကြတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးတိုက်ပွဲ အကြောင်း ဆွေးနွေးပွဲ (ဇန်နဝါရီ ၃၁၊ ၂၀၂၄)

စစ်အာဏာသိမ်း ၃ နှစ်ပြည့်ချိန်မှာ နိုင်ငံတကာနဲ့ အိမ်နီးချင်းတိုင်းပြည်တွေအနေနဲ့ မြန်မာစစ်တပ်ဟာ မကျရှုံးနိုင်တဲ့၊ အင်အားကြီးအဖွဲ့အစည်း အဖြစ် သမိုင်းအစဥ်အဆက် ရှုမြင်လာခဲ့တဲ့အမြင်ကို စွန့်လွှတ်ဖို့လိုတယ်လို့ မြန်မာ့အရေးစောင့်ကြည့်လေ့လာနေတဲ့ ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က ပြောလိုက်ပါတယ်။ တဘက်မှာလည်း စစ်အာဏာသိမ်းမှုအပေါ် တော်လှန်ဆန့်ကျင်နေကြတဲ့ အင်အားစုတွေအနေနဲ့ နိုင်ငံရေးသဘောတူညီချက်နဲ့ ပိုပြီး စုစည်းဖို့လိုနေတယ်လို့ ထောက်ပြပါတယ်။ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာအတွင်းမှာ လှိုက်ပြီး ပုပ်ပွပျက်စီးနေတဲ့ အဖွဲ့အစည်းအဖြစ် ပြောင်းလဲခဲ့ပြီဖြစ်လို့ အရင်သမိုင်းကြောင်းတလျှောက် ယူဆထားကြတဲ့ ‘မပြိုလဲနိုင်တဲ့၊ ကြီးမားတဲ့ အင်အားကြီးအဖွဲ့အစည်း’ အဖြစ် မရှုမြင်ဖို့ကို အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီပြည်နယ်အခြေစိုက် အာရှ-ပစိဖိတ်လုံခြုံရေးဆိုင်ရာလေ့လာရေးဌာနက မြန်မာနွယ်ဖွား ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က သတိပေးလိုက်တာပါ။ ဇန်နဝါရီ ၃၁ ရက်နေ့က ဟာဝိုင်ယီ တက္ကသိုလ်၊ Manoa က ကမကထလုပ်ကျင်းပတဲ့ စစ်အာဏာသိမ်းမှုအပေါ် ခုခံတော်လှန်နေကြတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးတိုက်ပွဲ အကြောင်း ဆွေးနွေးပွဲမှာ ဒီအချက်က “နိုင်ငံတကာအနေနဲ့ နားလည်မှုလွဲနေတဲ့အချက်” လို့ ဒေါက်တာမီမီဝင်းဘတ်က ထောက်ပြပါတယ်။

“လူအတော်များများက ‘စစ်တပ်က ကျရှုံးဖို့မဖြစ်နိုင်တဲ့ အင်အားကြီးအဖွဲ့အစည်း’ ဆိုတဲ့ သမိုင်းအမြင်ရှိကြပါတယ်။ ဒါက မဟုတ်တော့ပါဘူး။ စစ်တပ်ကအတွင်းကနေ လှိုက်စားပုပ်ပွနေပါပြီ။ ၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းကလို စစ်တပ်မဟုတ်တော့ဘူး။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အထောက်အပံ့တွေ ပေးနိုင်ရင်ကောင်းပေမယ့် အဲဒီလို အကူအညီ များများစားစားမပေးနိုင်ရင်‌တောင် မြန်မာစစ်တပ်အပေါ် ဖိအားတွေ ဆက်လက် ပေးနေဖို့ အရေးကြီးပါတယ်။ နိုင်ငံတကာရဲ့ဖိအားနဲ့ ဒီလို အတူတွဲလုပ်နိုင်ရင် ဒါကို မကြာခင်မှာ အပြီးတိုင်အဆုံးသတ်နိုင်မှာပါ။”

လက်တွေ့ စစ်မြေပြင်တွေမှာ အာဏာသိမ်းစစ်ကောင်စီဘက်က အရာရှိကြီးတွေအပါအဝင် တပ်သားအများအပြား လက်နက်ချတာ၊ ဘက်ပြောင်း ခိုလှုံတာတွေကို သူက ဥပမာပေး ပြောပါတယ်။ တပ်တွင်းမှာ ထိပ်ပိုင်းကအရာရှိကြီးတွေနဲ့ ရှေ့တန်းက တပ်သားတွေကြား ကြီးမားတဲ့ကွာဟချက်နဲ့ အကျင့်ပျက်ခြစားမှုတွေကိုလည်း သူက ထောက်ပြပါတယ်။ နယ်စပ်တိုက်ပွဲမှာ စစ်ရှုံးလို့ အိန္ဒိယဘက်ကိုထွက်ပြေးရတဲ့ စစ်ကောင်စီတပ်သားတွေမှာ အထောက်အပံ့ပစ္စည်း မပြည့်စုံကြဘဲ ခြေညှပ်ဖိနပ်တွေစီးပြီး ခြင်းကြားတွေကို စစ်ကျောပိုးအိတ်လုပ်နေရတဲ့မြင်ကွင်းကို နိုင်ငံတကာအနေနဲ့ ရှုမြင်နိုင်တယ်လို့ ဒေါ်မီမီဝင်းဘတ်က ဥပမာပြုပါတယ်။ ဒါ့အပြင် လူထုထောက်ခံမှုမရှိဘူးဆိုတာကို တပ်သားတွေကသိနေပြီး လူသစ် စုဆောင်းရမှာလည်း အခက်အခဲတွေ ကြုံနေရတယ်လို့ သူက ကိုယ်တွေ့အင်တာဗျူးလုပ်ခဲ့တဲ့ အတွေ့အကြုံကို အခုလို ဝေမျှပါတယ်။

“တပ်ရင်းတခုဟာ အင်အား ၈၀၀ လောက်ရှိရမှာပါ။ ဒါပေမယ့် ဘက်ပြောင်းလာတဲ့ တပ်ရင်းမှူးတွေကို ကျမတို့ တွေ့ဆုံစကားပြောတော့ တပ်ရင်း တခုမှာ အင်အား ၁၅၀ ပဲ ရှိတယ် ပြောပါတယ်။ အဲ့ဒါ မနှစ်ကပါ။ ဒီနှစ်ဆိုရင် အဲဒီ တဝက်ပဲ ရှိပါတော့တယ်။" (ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်)

“တပ်ရင်းတခုဟာ အင်အား ၈၀၀ လောက်ရှိရမှာပါ။ ဒါပေမယ့် ဘက်ပြောင်းလာတဲ့ တပ်ရင်းမှူးတွေကို ကျမတို့ တွေ့ဆုံစကားပြောတော့ တပ်ရင်း တခုမှာ အင်အား ၁၅၀ ပဲ ရှိတယ် ပြောပါတယ်။ အဲ့ဒါ မနှစ်ကပါ။ ဒီနှစ်ဆိုရင် အဲဒီ တဝက်ပဲ ရှိပါတော့တယ်။ လူသစ်စုဆောင်းရတာလည်း ခက်တယ်လို့ သူတို့က ပြောပါတယ်။ အင်အားဖြည့်တင်းတဲ့အနေနဲ့ အကျဥ်းထောင်ထဲက ရာဇဝတ်သားတွေကိုပေးတယ်လို့ ဆိုပါတယ်။ ရာဇဝတ်သားတွေက ကြမ်းကြမ်းတမ်းတမ်း ရှိကောင်း ရှိပါမယ်။ ဒါပေမယ့် သူတို့က ထိရောက်တဲ့ တိုက်ခိုက်ရေးအင်အားစု မဟုတ်ပါဘူး။”

တဘက်မှာတော့ တော်လှန်ရေးအင်အားစုတွေဘက်မှာက ကြံ့ကြံ့ခံနိုင်ရည်ရှိမှု၊ ဆန်းသစ်တီထွင်မှုနဲ့ စည်းလုံးညီညွတ်မှုတွေကို ပြသနိုင်နေလို့ မြေပြင်စစ်ပွဲတွေမှာ တိုးတက်မှုရနေတာလို့ ဒေါ်မီမီဝင်းဘတ်က သုံးသပ်ပါတယ်။ လေ့လာထားတဲ့ စာရင်းဇယားတွေအရ တော်လှန်ရေးမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတနည်းနည်းနဲ့ တက်တက်ကြွကြွ ပါဝင်နေသူ၊ ထောက်ပံ့ပေးနေသူက နိုင်ငံ့လူဦးရေရဲ့ ၉၂ % အထိ ရှိတယ်လို့ဆိုပါတယ်။ တော်လှန်ရေးမှာ အမျိုးသမီးတွေ ပါဝင်နှုန်းကလည်း ၆၅ % အထိ ရှိပြီး လူမျိုးစုတွေအပါအဝင် မတူကွဲပြားတဲ့အင်အားစုတွေ ပါဝင်တာက လက်ရှိ နွေဦးတော်လှန်ရေးရဲ့ ထူးခြားချက်လို့ သုံးသပ်ပါတယ်။ တော်လှန်ရေးအောင်မြင်ဖို့က လက်နက်အင်အားက အဓိကမကျဘဲ လူထုအင်အားက အခရာဖြစ်တယ်လို့ အမေရိကန်စစ်တပ်မှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဒေါ်မီမီဝင်းဘတ်က ထောက်ပြပါတယ်။

“အောင်မြင်တဲ့ တော်လှန်ရေးတိုင်းကိုကြည့်ရင် လက်နက်အင်အားက အဓိက မကျပါဘူး။ မြန်မာစစ်တပ်မှာ လက်နက်အင်အား ပြည့်စုံပါတယ်။ တော်လှန်ရေးအင်အားစုထက် အဆ ၁၀၀ သာပါတယ်။ ဒါပေမယ့် သူတို့ နယ်စပ်ဒေသတွေ အားလုံး ဆုံးရှုံးခဲ့ပါပြီ။ စစ်ကိုင်း၊ မကွေးလိုအတွင်းပိုင်း ဒေသတွေမှာလည်း နယ်မြေတွေ အတော်များများ လက်လွှတ်ခဲ့ရပြီး တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားပါတယ်။”

တဘက်မှာလည်း တော်လှန်ရေးအင်အားစုတွေဘက်မှာ နိုင်ငံရေးအရ ပိုမို စုစည်းဖို့လိုနေသေးတယ်လို့ ဒေါ်မီမီဝင်းဘတ်က သတိပေးပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ တိုင်းရင်းသား အဖွဲ့ (၃) ဖွဲ့ရဲ့ ပူးတွဲကြေညာချက်ကို ကိုးကားပြီး နောက်ထပ် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အင်အားစုတွေကြားမှာ အသေးစိတ် အချက်အလက်တွေမပါရင်တောင် နိုင်ငံရေးအရ ယေဘုယျ သဘောတူညီချက် ရှိဖို့လိုတယ်လို့ သူက ထောက်ပြပါတယ်။

“အောင်မြင်တဲ့ တော်လှန်ရေးတိုင်းကိုကြည့်ရင် လက်နက်အင်အားက အဓိက မကျပါဘူး။ မြန်မာစစ်တပ်မှာ လက်နက်အင်အား ပြည့်စုံပါတယ်။ တော်လှန်ရေးအင်အားစုထက် အဆ ၁၀၀ သာပါတယ်။ ဒါပေမယ့် သူတို့ နယ်စပ်ဒေသတွေ အားလုံး ဆုံးရှုံးခဲ့ပါပြီ။ စစ်ကိုင်း၊ မကွေးလိုအတွင်းပိုင်း ဒေသတွေမှာလည်း နယ်မြေတွေ အတော်များများ လက်လွှတ်ခဲ့ရပြီး တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားပါတယ်။” (ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်)

“နောက်ထပ်တချက်ကတော့ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ စစ်ဆင်ရေးတွေမှာ ပိုပြီး ပူးပေါင်း ကွပ်ကဲ ထိန်းချုပ်နိုင်ဖို့ပါ။ စစ်ဆင်ရေးတွေမှာ ပေါင်းစည်းအင်အားရဖို့က သမားရိုးကျပုံစံဖြစ်တဲ့ တခုတည်းသော အမိန့်ပေးစီးဆင်းမှု Chain of Command ရှိရမယ်လို့ ဆိုကြပေမယ့် ဒီလိုပေါင်းစုအင်အားကို ပူးပေါင်းအမိန့်ပေးမှုပုံစံနဲ့လည်း ရယူနိုင်ပါတယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပူးပေါင်းအမိန့်ပေးမှု စနစ်တခုတည်ဆောက်ပြီး ပိုပြီး တင်းတင်းကျပ်ကျပ်နဲ့ ထိန်းချုပ်နိုင်ရင် ပိုပြီး ထိရောက်လာမှာပါ။”

ဒါ့အပြင် ဗျူဟာမြောက် ဆက်သွယ်ရေးစနစ်တခု တည်ဆောက်ဖို့လည်း လိုအပ်နေတယ်လို့ ဒေါ်မီမီဝင်းဘတ်က ထောက်ပြပါတယ်။ မြန်မာ့ ပကတိအခြေအနေကို နိုင်ငံတကာက နားလည်စေဖို့က အစုအဖွဲ့အသီးသီးကြားမှာ ဗျူဟာကျတဲ့ ဆက်သွယ်ရေး အစီအစဉ်တွေရှိဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိရနေတဲ့အောင်မြင်မှုတွေ ရေရှည်တည်တံ့ဖို့က တိုင်းရင်းသား လူမျိုးစုတွေကြား၊ အစုအဖွဲ့အသီးသီးကြား ပိုမိုကျယ်ပြန့်တဲ့ ထိတွေ့ဆက်ဆံရေး စနစ် တည်ဆောက်ဖို့နဲ့ နိုင်ငံရေး သဘောတူညီချက်ရဖို့ အရေးကြီးကြောင်း သုံးသပ်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့မူဝါဒတွေကိုလည်း ဒေါ်မီမီဝင်းဘတ်က ထောက်ပြပြီး စစ်တပ်က မရှိမဖြစ်လို့ယူဆနေတာက အထင်အမြင်လွဲမှားနေတာလို့ သူက ထောက်ပြပါတယ်။ မြန်မာပြည် မတည်ငြိမ်၊ မငြိမ်းချမ်းသရွေ့ ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဒုက္ခသည်ပြဿနာလို၊ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေ၊ ဘိန်းမှောင်ခိုဂိုဏ်းလို ရာဇဝတ်မှုတွေရဲ့ဒဏ်ကို ခံနေရမှာဖြစ်ပြီး မြန်မာနိုင်ငံက သူတို့ရဲ့စီးပွား ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း သက်ရောက်နေမယ်လို့ သတိပေးပါတယ်။ အထူးသဖြင့် အင်အားကြီး အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ အနေနဲ့ လှေနံနှစ်ဖက်နင်းတာမျိုးမလုပ်ရင် မြန်မာပြည်တွင်းနဲ့နယ်စပ်က သူတို့ရဲ့ စီးပွားအတွက် ပိုပြီး အကျိုးရှိမယ်လို့ ဒေါ်မီမီဝင်းဘတ်က သုံးသပ်သွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG