သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဆုတောင်းပွဲစီစဉ်တဲ့ ကချင်ဘာသာရေးခေါင်းဆောင်သုံးဦးဖမ်းဆီးခံရ


ကချင်ပြည်နယ်ထဲက ဘုရားကျောင်းတခု (ဓာတ်ပုံ - Courtesy)
ကချင်ပြည်နယ်ထဲက ဘုရားကျောင်းတခု (ဓာတ်ပုံ - Courtesy)

(Zawgyi/Unicode)

ကချင်ပြည်နယ် ပူတာအို ခရိုင် နောင်မွန်းမြို့မှာ မတ်လ ၃ရက်နေ့က ခရစ်ယာန် ဂိုဏ်းပေါင်းစုံ စုပေါင်းပြီး မြန်မာနိုင်ငံ အမြန်ဆုံး ငြိမ်းချမ်းနိုင်ဖို့ ပြုလုပ်တဲ့ အထူးဆုတောင်းပွဲကို ဦးဆောင်တဲ့ ခရစ်ယာန် ဘာသာရေးခေါင်းဆောင် ၃ ဦးကို ၅၀၅ က နဲ့ တရားစွဲဆိုပြီး ဒီကနေ့မှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်က လာတဲ့သတင်းကို အလိမ္မာ ပြောပြပါမယ်။

ကချင်ပြည်နယ် ပူတာအို ခရိုင် နောင်မွန်းမြိုမှာ ငြိမ်းချမ်းရေးဆုတောင်းပွဲ စီစဉ်ဦးဆောင်ခဲ့တဲ့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင် သုံးဦးကို မြန်မာစစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီး တရားစွဲဆိုခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်က လာတဲ့သတင်းကို အလိမ္မာ ပြောပြပါမယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က နောင်မွန်း ရိုးရာယဉ်ကျေးမှု ခမ်းမဆောင်မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ အမြန်ဆုံးငြိမ်းချမ်းရေးနဲ့ မှန်ကန်ပြီး တရားမျှတတဲ့ အစိုးရဖြစ်ဖို့ ဆုတောင်းတဲ့ ခရစ်ယာန် ဂိုဏ်းပေါင်းစုံအထူးဆုတောင်းပွဲ အခမ်းအနားကို ဦးဆောင် ကျင်းပခဲ့သူ ဘာသာရေးခေါင်းဆောင်သုံးဦး ဒီကနေ့ ဖမ်းဆီးခံခဲ့ရတာပါ။ သူတို့ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ဆရာတော်တွေက နှစ်ချင်း ခရစ်ယာန်အသင်းတော်က သိက္ခာတော်ရ ဆရာတော် ဂိုရှန်ဆင်ဆားရ်၊ ခရစ်တော်၏အသင်းတော်က သိက္ခာတော်ရ ဆရာတော် ဇေဂေါန်ထီန၊ ရဝမ်နှစ်ချင်း အသင်းတော်က သိက္ခာတော်ရ ဆရာတော်မဟောင်ဒီးတို့ ဖြစ်ပါတယ်။

ပူတာအိုခရိုင်က စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရဝမ်စာပေနဲ့ ရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးမယစ်ယောရှုက တရားလိုပြုလုပ်ပြီး ပုဒ်မ ၅၀၅ က နဲ့ ဇွန်လ ၁၄ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်တယ်လို့ နောင်မွန်မြို့နယ်က ဒေသခံတစ်ဦးက ပြောပြပါတယ်။

“မနေ့တုန်းက ကျွန်တော်ကြားတာကတော့ ဇွန်လ ၁၄ ရက်နေ့မှာ ရဝမ်ရိုးရာယဉ်ကျေးမှု အသင်းဥက္ကဌ ဦးမယစ်ယောရှုက သူက ပူတာအိုခရိုင် စစ်ကောင်စီပေါ့ အဲ့ဒီမှာ ပါတဲ့သူပဲ။ သူကနေပြီးတော့ လက်မှတ်ထိုးပြီးတော့ ပုဒ်မ ၅၀၅ ကနဲ့ အမှုဖွင့်ထားတယ်ဆိုပြီးတော့ သိရတယ်။ ဒီမနက်က ပါသွားတဲ့ ဆရာတော်တစ်ပါးနဲ့ စကားပြောဖြစ်တော့ သိရပါတယ်။ သူက(ဦးမယစ်ယောရှု) အဲ့ဒီ အမှုဖွင့်ထားတဲ့ စာရွက်လည်းပြတယ်တဲ့။ မနေ့တုန်းကတည်းက ဆရာတော်တွေကို လာဖမ်းဖို့လုပ်တယ်တဲ့၊ ဆရာတော်တွေက ပြောလိုက်တယ်တဲ့ တနဂ်နွေနေ့လည်းဖြစ်တယ်။ ဆရာတော်တွေက ပြေးမယ့်သူတွေလည်း မဟုတ်ဘူးပေါ့။ မနက်ဖြန်မှ သွားရအောင်ပြောလိုက်လို့ ညှိနှိုင်းလိုက်တာပေါ့၊ ညှိလိုက်တော့ ဒီမနက် ၁၀ နာရီမှာ နောင်မွန်မြို့က ရဲကားနဲ့ ပူတာအိုကို တက်သွားပြီဆိုပြီးတော့မှ ကျွန်တော်တို့ အဆက်အသွယ်ရပါတယ်ဗျ။”

ဒီဆုတောင်းပွဲကို ဦးဆောင်ကျင်းပခဲ့ကြတဲ့ လူငယ်၂ ဦးကိုလည်း စစ်ကောင်စီက ၅၀၅ က အပါအဝင် ပုဒ်မတစ်ချို့နဲ့ အမှုဖွင့် ဝရမ်းထုတ်ခဲ့တာလည်း ရှိပါတယ်။ ဒီလို ဖမ်းဆီးတာက စစ်ကောင်စီဖက်က KBC အသင်းတော်ကို အမြင်မကြည်ဖြစ်နေတဲ့ အကြောင်းအရာတစ်ချို့ ရှိနေတာကြောင့် ဖြစ်နိုင်တယ်လို့ ဓမ္မဆရာတစ်ဦးက ဝေဖန်ပါတယ်။

“ကျွန်တော်တို့ အထင်တော့ဗျာ အဲ့ဒီမှာ နည်းနည်းရှုပ်ကြတယ်။ ဘာသာရေးကိုလည်း စွပ်စွဲတာတွေရှိတယ်။ အထူးသဖြင့် KBC ကိုလည်း စွပ်စွဲတာတွေရှိတယ်။ ပါတီပြိုင်တုန်းကလည်း အဲ့မှာ KSPP နဲ့ ကြံ့ခိုင်ဖွံဖြိုးရေး အသင်းတွေနဲ့ က ပြသနာတွေရှိကြတယ်။ အဲ့ဒါမျိုးများဆက်နွယ်နေသလားပေါ့။ ကျွန်တော်တို့ တွေးကြည့်တာပေါ့။ ဆုတောင်းတာက ကျွန်တော်တို့ အမြဲတောင်းနေတာပဲ မြန်မာတစ်နိုင်ငံလုံး၊ ကမ္ဘာတစ်ဝန်းလုံး ခရစ်ယာန်သာမက မူဆလင်၊ ဗုဒ္ဓ၊ ဟိန္ဒူ အကုန်လုံး တောင်းနေကြတာပဲ။ ဆုတောင်းတာလေးနဲ့ အဲ့လို စွပ်စွဲတယ်ဆိုတာကတော့ အရေးယူတဲ့ အပိုင်းကတော့ ဒါတော့ မလုပ်သင့်ဘူးပေါ့ဗျာ။”

ခုဖမ်းခံရတဲ့ ဆရာတော် ၃ ပါးအပါအဝင်ဆိုရင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကချင်ပြည်နယ်မှာ ဖမ်းဆီးခံရတဲ့ ခရစ်ယာန် ဘာသာရေးခေါင်းဆောင် ၅ ဦးရှိပြီဖြစ်တယ်လို့ ဓမ္မဆရာတော် တစ်ပါးက ဆိုပါတယ်။ အရင်က ဖမ်းဆီးခံရတဲ့ ဗန်းမော်နဲ့ ပူတာအိုက ဆရာတော်တွေကတော့ စစ်ကောင်စီက စစ်ဆေးမှုတွေလုပ်ခဲ့ပြီး ပြန်လွတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ်ဆန်းပိုင်း စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ကချင်ပြည်နယ်တွေ ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့သလို၊ အခုနောက်ပိုင်းဆိုရင် KIA ကချင်လွတ်မြောက်ရေး နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက မြန်မာစစ်ကောင်စီတပ်တွေကို ပြန်လည်တိုက်ခိုက်နေတာတွေရှိလာပါတယ်။ ဒီကြားမှာပဲ ကချင်ပြည်နယ်တွေ တတ်ကြွလှုပ်ရှားသူအတော်များများလည်း ဖမ်းဆီးတာတွေခံနေရပါတယ်။ AAPP နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ ဇွန်လ ၂၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရဆိုရင်တော့ နိုင်ငံအဝှမ်း နိုင်ငံရေးကြောင့်ဖမ်းဆီးခံရသူက ၅ထောင့်နှစ်ရာ ကျော်သွားပါပြီ။ မြန်မာစစ်ကောင်စီဖက်ကတော့ AAPP ရဲ့ ကိန်းဂဏန်းတွေဟာ ချဲ့ကားထားတယ်လို့ တုန့်ပြန်ပါတယ်။

..............................................................................


(Unicode)











XS
SM
MD
LG