သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကလေးတွေ အရေး ကမ္ဘာကအလေးထားဖို့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တိုက်တွန်း


(Zawgyi / Unicode)

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က မြန်မာနိုင်ငံက ကလေးသူငယ်များအရေး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဖက်က အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ဂျွန်လ ၁၄ ရက်နေ့က သူ့ရဲ့တွစ်တာလူမှုကွန်ယက်မှာ ရေးသားတိုက်တွန်း လိုက်ပါတယ်။ မြန်မာစစ်တပ်ဟာ ပြည်သူတွေနဲ့ စစ်ဖြစ်နေတဲ့အတွက် အပြစ်မဲ့ ကလေးငယ်တွေ စစ်ပွဲကြားက မြေဇာပင်တွေ ဖြစ်နေကြရတယ်လို့ “ Losing a Generation “ ကျဆုံးတဲ့ မျိုးဆက်တခု လို့ နာမည်ပေးထားတဲ့ အစီရင်ခံမှာ အထူးကိုယ်စားလှယ် Tom Andrews ကဖော်ပြထားပါတယ်။

ဒီမိုကရေစီပြန်လည်ဖော်ဆောင်မှုမရှိပဲ သူတို့အတွက် ပြေလည်တဲ့ အခြေအနေတခု ဖန်တီးမပေးနိုင်ဘူးဆိုရင်တော့ မြန်မာကလေးငယ်တွေဟာ ကျဆုံးတဲ့ မျိုးဆက်တခု ဖြစ်သွား လိမ့်မယ်လို့လည်း အစီရင်ခံစာမှာ သတိပေးဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဟာ ကလေးငယ်တွေအတွက်တော့ ဘေးအန္တရာယ်ဆိုးကြီးဖြစ်တယ်လို့လည်း ပြောထားပါတယ်။

စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွါထွက်ပြေးနေရသူတွေထဲမှာ ကလေးငယ်ပေါင်း ၂သိန်း ၅ သောင်းကျော်ရှိပြီး လုံခြုံမှုရှိတဲ့ ဒုက္ခသည်စခန်းတွင်းရောက်နေတဲ့ကလေး ၁သိန်း ၃ သောင်းကျော်နဲ့ အိမ်နီးချင်းတိုင်းပြည်တွေမှာ ခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည်ကလေးငယ်ပေါင်း သန်းတဝက်ကျော်ရှိတယ်လို့လည်း အထူးကိုယ်စားလှယ် Tom Andrews ရဲ့ အစီရင်ခံစာအနှစ်ချုပ်မှာ ဖော်ပြထားတာပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက တရားလက်လွတ်ဖမ်းဆီးခဲ့တဲ့ကလေးငယ် ၁၄၀၀ ရှိပြီး လက်ရှိချိန်ထိ ဓားစားခံအဖြစ် ထိန်းသိမ်းထားတဲ့ ကလေး ၆၁ ယောက်ထက်မနည်းရှိတယ်လု့ိလည်းပြောပါတယ်။

ဖမ်းဆီးထားစဉ် ရိုက်နှက်တာ၊ စီးကရက် မီးနဲ့တို့တာ၊ အစာငတ်ရေငတ်ထားတာ စတဲ့နည်းမျိုးစုံနဲ့ ညှဉ်းပန်းခံရတဲ့ ကလေးပေါင်းအနည်းဆုံး ၁၄၂ ဦးရှိတယ်လို့လည်းပြောထားပါတယ်။ ကာကွယ်ဆေး ပုံမှန်ထိုးခွင့်မရတာ၊ ကိုယ်ဝန်သည်တွေ အာဟာရမပြည့်တာကြောင့် မလိုလားအပ်ပဲ ကလေးငယ်တွေသေဆုံးနိုင်ခြေရှိနေတဲ့အပြင် ကျောင်းမတက်နိုင်တဲ့ကလေး ၇.၈ သန်းရှိနေတယ်လို့လည်း ဆိုပါတယ်။ မြန်မာကလေးငယ်တွေ အခြေခံလူ့အခွင့်အရေးခံစားနိုင်အောင် ကမ္ဘာက အတတ်နိုင်ဆုံးအာရုံစိုက်ဆောင်ရွက်ပေးဖို့လည်း ကုလအထူးကိုယ်စားလှယ်က တိုက်တွန်းထားပါတယ်။

ယူကရိန်းလိုပဲမြန်မာ့အကျပ်အတည်းကို ကုလလုံခြုံရေးကောင်စီနဲ့ အခြားကုလအဖွဲ့အစည်းတွေက တန်းတူ တုန့်ပြန်ဖို့လိုတယ်လို့လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ကအစီရင်ခံစာမှာ အကြံပြုတိုက်တွန်းထားပါတယ်။ မြန်မာ့ကလေးငယ်တွေနဲ့မြန်မာနိုင်ငံရဲ့အနာဂတ်က အလွန့်ကိုအရေးကြီးနေပြီလို့လည်း အစီရင်ခံစာအနှစ်ချုပ်မှာ အလေးထားဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG