သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ဝင်ခွင့်တားမြစ်မိန့် ကန်တရားရုံးချုပ်ထောက်ခံမှုကြောင့် Trump အောင်ပွဲခံ


မူဆလင်အများစုနေထိုင်ရာ ၅ နိုင်ငံက နိုင်ငံသားတွေအပေါ် အမေရိကန်ပြည်ဝင်ခွင့်ပိတ်ပင်တဲ့ သမ္မတ Daonald Trump ရဲ့ထုတ်ပြန်ချက်ဟာ နိုင်ငံရဲ့ အကျိုးစီးပွားအတွက် လိုအပ်တယ်လို့ နိုင်ငံတော်တရားရုံးချုပ်က အင်္ဂါနေ့က ဆုံးဖြတ်ပြီး အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် သမ္မတ Trump ရဲ့ အငြင်းပွားစရာ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေထဲက တခုကို အကောင်အထည်ဖော်ဖို့ သမ္မတဖက်က အနိုင်ရသွားပါတယ်။ နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူတွေ။ အမေရိကန်ဆီ နိုင်ငံရွှေ့ပြောင်းအခြေချသူတွေအရေး ဆောင်ရွက်နေသူတွေကတော့ ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောနေကြပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပါမယ်။

အမေရိကန်လူဝင်မှုကြီးကြပ်ရေးဥပဒေအရ နိုင်ငံရဲ့ လုံခြုံရေးအတွက် အမေရိကန်ပြည်ထောင်စုထဲဝင်လာတဲ့ နိုင်ငံခြားသားတွေကို သမ္မတအနေနဲ့ ပြည်ဝင်ခွင့်ကန့်သတ်ပိုင်ခွင့်ရှိတယ်လို့ဆိုပြီး တရားရုံးချုပ်က အင်္ဂါနေ့က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ တရားသူကြီးချုပ်တယောက်နဲ့ တရားသူကြီး ၈ ယောက် စုစုပေါင်း ၉ ယောက်ရှိတဲ့ နိုင်ငံတော် တရားရုံးချုပ်က သမ္မတရဲ့ ကန့်သတ်ချက်ကို ထောက်ခံမဲ ၅ မဲ ကန့်ကွက်မဲ ၄ မဲနဲ့ ကပ်ပြီးခုလို ဆုံးဖြတ်လိုက်နိုင်တာဟာ သမ္မတ Donald Trump အတွက် အောင်မြင်မှုဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်တရားရုံးချုပ်ဆုံးဖြတ်ချက် ထွက်လာခဲ့ပြီး မကြာခင်မှာပဲ သမ္မတက အိမ်ဖြူတော်ကနေ ခုလိုတုံ့ပြန်ပါတယ်။

"နိုင်ငံတော်တရားရုံးချုပ်ရဲ့ ဒီနေ့ ဆုံးဖြတ်ချက်က အကြီးအကျယ်အောင်မြင်မှုကြီးဖြစ်ပါတယ်။ အမေရိကန်ပြည်သူတွေအတွက ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံဥပဒေအတွက် ကြီးမားတဲ့ အောင်မြင်မှုတခုဖြစ်ပါတယ်။ ကျွန်တော်တို့ ပြတ်ပြတ်သားသားလုပ်ဖို့လိုတယ်။ ကျွန်တော်တို့ လုံခြုံမှုရှိဖို့လိုပါတယ်။ အနည်းဆုံးတော့ ကျွန်တော်တို့နိုင်ငံထဲကို ဝင်လာသူတွေကို ကြပ်ကြပ်မတ်မတ် စိစစ်ရမှာဖြစ်ပါတယ်။ ဘယ်သူတွေဝင်လာသလဲ ဘယ်ကလာသလဲဆိုတာကို ကျွန်တော်တို့သိဖို့လိုပါတယ်။"

သမ္မတ Trump တက်လာပြီး ၇ ရက်အကြာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလက အရင်ဆုံးထုတ်ပြန်ခဲ့တဲ့ ခရီးသွားကန့်သတ်ချက်နဲ့ ၂၀၁၇ ခုနှစ် မတ်လမှာ ပြင်ဆင်ထုတ်ပြန်ချက်တွေအပေါ် တရားရုံးတွေက ပယ်ချခဲ့ပြီးနောက် ၂၀၁၇ စက်တင်ဘာလက အခုနောက်ဆုံးထုတ်ပြန်ချက်ကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်မှာ အီရန်၊ လစ်ဗျား။ ဆိုမာလီယား။ ဆီးရီးယား။ Yemen နဲ့ မြောက်ကိုရီးယားနိုင်ငံတွေက နိုင်ငံသားတွေအပြင်။ Venezuela အစိုးရနဲ့ပါတ်သက်နေသူတချို့အပေါ် အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ သမ္မတအမိန့်နဲ့ တတိယအကြိမ် ခရီးသွားပိတ်ပင်မှုအပေါ် Hawaii ပြည်နယ်၊ Hawaii ပြည်နယ်က မွတ်ဆလင်အစည်းအရုံးနဲ့ ပြည်နယ်ဒေသခံ ၃ ယောက်က တရားရုံးမှာ ကန့်ကွက်စိန်ခေါ်ခဲ့ကြတာပါ။

ဒီပိတ်ပင်မှုဟာ အမေရိကန်ဖွဲ့စည်းပုံနဲ့ ၁၉၆၅ ခုနှစ်တုန်းက ထုတ်ပြန်ခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားဆိုင်ရာ အက်ဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ဆိုပြီး တရားရုံးကို တင်ပြခဲ့တာပါ။ ဒါကြောင့် ဒီအမှုကို နိုင်ငံတော်တရားရုံးချုပ်ကနေ အဆုံးအဖြတ်ပေးဖို့ Trump အစိုးရက အယူခံတင်ခဲ့တာဖြစ်ပါတယ်။ Trump ရဲ့သမ္မတအမိန့်နဲ့ထုတ်ပြန်ချက်ဟာ သမ္မတလုပ်ပိုင်ခွင့်ထဲကနေ လုပ်ခဲ့တာဖြစ်တယ်လို့ တရားသူကြီးချုပ် John Roberts က ဆုံးဖြတ်ချက်ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။ ၁၉၆၅ ခုနှစ်အက်ဥပဒေအရ နိုင်ငံရဲ့ အကျိုးစီးပွားအတွက် နိုင်ငံထဲ ဘယ်သူ့ကိုဝင်ခွင့်ပေးမယ်ဆိုတာဆုံးဖြတ်ခွင့်ရှိတဲ့အတိုင်း သမ္မတကဆောင်ရွက်တယ်ဆိုတာ သံသယဖြစ်စရာမရှိဘူးလို့ တရားသူကြီးချုပ်က ရေးသားထားပါတယ်။

ဒါပေမဲ့ နိုင်ငံတော်တရားရုံးချုပ်က Liberal အမြင်ရှိတဲ့ တရားသူကြီး ၄ ယောက်ကတော့ ဒီဆုံးဖြတ်ချက် သူတို့သဘောမတူကြောင်း သဘောထားထုတ်ပြန်ခဲ့ကြပါတယ်။ နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူတွေ နိုင်ငံရွှေ့ပြောင်းအခြေချသူတွေအရေး ဆောင်ရွက်နေသူတွေကလည်း အခုဆုံးဖြတ်ချက်ကို ကန့်ကွက်ပြီး ဆက်လက်လှုပ်ရှားသွားမယ်လို့ ပြောကြပါတယ်။ Council on American-Islamic Relations ကလည်း နိုင်ငံတော်တရားရုံးချုပ်ဆုံးဖြတ်ချက်အပေါ် အလွန်အမင်း စိတ်ပျက်ကြောင်းတုံ့ပြန်ခဲ့ပါတယ်။ သမ္မတ Trump ကို လွတ်လွတ်လပ်လပ် ခွဲခြားဆက်ဆံခွင့်ပေးလိုက်တာပဲလို့ ကောင်စီရဲ့ ညွှန်ကြားရေးမှူး Nihad Awad ကပြောကြားခဲ့ပါတယ်။

" အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံခြားမှာရှိတဲ့ မူဆလင်တွေအပေါ် သမ္မတနဲ့ ကိုယ်စားလှယ်လောင်းတွေက သီးသန့်ပစ်မှတ်ထားနေတာကို နိုင်ငံတော်တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်က လှစ်လျူရှုလိုက်တာဖြစ်ပါတယ်။ နိုင်ငံတခုအနေနဲ့ ညီမျှတဲ့အကာအကွယ်ပေးမှုနဲ့ အမေရိကန်စိတ်ကူးတွေ အကောင်အထည်ဖော်နိုင်ရေး အလှမ်းဝေးနေသေးတာ စိတ်မကောင်းစရာဖြစ်ပါတယ်။"

နိုင်ငံတော်တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အမေရိကန်လွှတ်တော်အမတ်တွေကြားမှာလည်း သဘောထားအမျိုးမျိုးကွဲနေကြပါတယ်။ ဒီမိုကရက်အထက်လွှတ်တော်အမတ် Ben Cardin ကဆုံးဖြတ်ချက်ကို ကန့်ကွက်ပါတယ်။

"နိုင်ငံတော်တရားရုံးချုပ် ရဲ့ ဆုံးဖြတ်ချက်က အမေရိကန်ပြည်ထောင်စုနဲ့ လေးလေးနက်နက် တန်ဖိုးထားတဲ့စံတွေကို ဆန့်ကျင်လိုက်တာဖြစ်ပါတယ်။ သမ္မတရဲ့ မွတ်ဆလင်တွေအပေါ် တားမြစ်မှုကို တရားဝင်ဖြစ်အောင်လုပ်ပေးလိုက်တာပဲဖြစ်ပါတယ်။"

Republican အမတ် Chuck Grassley ကတော့ နိုင်ငံတော်တရားရုံးချုပ်က ဘယ်ဘာသာရယ်လို့ ရည်ရွယ်တာမဟုတ်ဘဲ နိုင်ငံလုံခြုံရေးအတွက် ဆုံးဖြတ်တဲ့အတွက် သင့်တော်တယ်လို့ပြောပါတယ်။

"သမ္မတက ဥပဒေကို လိုက်နာတယ်ဆိုတဲ့ အထောက်အထားပေါ် အခြေခံပြီးဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံလုံခြုံရေးအတွက် သမ္မတ ဝင်ရောက်ဆုံးဖြတ်ပိုင်ခွင့်ကို လွှတ်တော်က ပေးထားတာပါ။"

အခုလို သမ္မတရဲ့ ခရီးသွားပိတ်ပင်မှုအပေါ် နိုင်ငံတော်တရားရုံးချုပ်က ထောက်ခံလိုက်တဲ့အတွက် နောက်ထပ် ခရီးသွားကန့်သတ် ပိတ်ပင်မှုတွေ ထုတ်ပြန်မှာကို အမေရိကန်နိုင်ငံဆီ နိုင်ငံရွှေ့ပြောင်းအခြေချလာသူတွေအရေး ဆောင်ရွက်သူတွေက စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG