သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ ပါကစ္စတန် ခေါင်းဆောင် အိမ်ဖြူတော်မှာ တွေ့ဆုံ


 ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan နဲ့ အမေရိကန်သမ္မတ Donald Trump
ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan နဲ့ အမေရိကန်သမ္မတ Donald Trump

အာဖဂန်နစ်စတန်မှာ စစ်ပွဲတွေ ချုပ်ငြိမ်းရေးအတွက် အဖြေရှာဖို့ အမေရိကန်နဲ့ ပါကစ္စတန် ၂ နိုင်ငံ အနီးကပ်လက်တွဲ လုပ်ဆောင် နေတယ်လို့ အမေရိကန်သမ္မတ Donald Trump က ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan နဲ့ တနင်္လာနေ့ သမ္မတအိမ်ဖြူမှာ တွေ့ဆုံပွဲအပြီး ပြောကြားခဲ့ ပါတယ်။ ဒါ့အပြင် ပါကစ္စတန်နဲ့ အိန္ဒိယတို့ကြား နှစ်ပေါင်း ၇၀ ကျော် မပြေမလည်ဖြစ်နေတာကို ကြားဝင်ဖြန်ဖြေပေးဖို့ အဆင်သင့်ပဲလို့လည်း သမ္မတ Trump က ကမ်းလှမ်းလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

အမေရိကန်သမ္မတ Donald Trump နဲ့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan တို့ဟာ တနင်္လာနေ့က ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ခေါင်းဆောင် ၂ ဦးရဲ့ တွေ့ဆုံပွဲမှာ အာဖဂန်နစ်စတန်အရေး နဲ့ အိန္ဒိယအရေးကို ဦးစားပေး ဆွေးနွေးခဲ့ကြတာပါ။ တာလီဘန်တွေကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ အာဖဂန်နစ်စတန်နိုင်ငံမှာ အမေရိကန်တပ်တွေကို လျှော့ချနေသလို အာဖဂန်နစ်စတန် ငြိမ်းချမ်းရေးအတွက် အိမ်နီးချင်းပါကစ္စတန်နဲ့ အနီးကပ် လက်တွဲဆောင်ရွက်နေတယ်လို့ သမ္မတ Trump က အိမ်ဖြူ Oval ရုံးခန်းမှာ သတင်းထောက်တွေကို ပြောပါတယ်။

“အာဖဂန်နစ်စတန်မှာ ရှိတဲ့ အမေရိကန်တပ်တွေကို လျှော့ချခဲ့ပါတယ်။ ဆက်ပြီးတော့လည်း လျှော့ချဖို့ လုပ်နေပါတယ်။ တာလီဘန်တွေနဲ့ သဘောတူညီချက် ရနိုင်ဖို့ ကျနော်တို့က ပါကစ္စတန်နဲ့ရော အခြားအဖွဲ့တွေနဲ့ပါ လက်တွဲပြီး လုပ်ဆောင်နေပါတယ်။ ဘာဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။”

အာဖဂန်နစ်စတန် ငြိမ်းချမ်းရေးဟာ ပါကစ္စတန်နိုင်ငံအတွက် သိပ်ကို အရေးပါနေတယ်လို့ ဝန်ကြီးချုပ် Kham က ပြောပါတယ်။ တကယ်တော့ အာဖဂန်နစ်စတန်နဲ့ ပါကစ္စတန်တို့ကြားမှာ မိုင်ပေါင်း ၁၅၀၀ လောက် ရှည်တဲ့ နယ်နိမိတ်နဲ့ ခြားထားတာဖြစ်ပြီး အဲဒီနယ်စပ်တလျှောက်မှာ အကြမ်းဖက်စစ်ပွဲကို နှစ်ပေါင်း ၁၅ နှစ်လောက် ဆင်နွှဲနေရတဲ့အတွက် ပါကစ္စတန် နိုင်ငံသား ၇ သောင်းလောက် သေဆုံးခဲ့ရသလို နိုင်ငံ့စီးပွါးရေး ကလည်း ဒေါ်လာ ဘီလျံ ၁၅၀ ကျော်လောက် ဆုံးပါးခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် အာဖဂန်နစ်စတန် နိုင်ငံ တည်ငြိမ်ရေးကို တခြားသူတွေထက် ပါကစ္စတန်က အလိုလားဆုံး ဖြစ်နေပြီး အာဖဂန်နိုင်ငံ ငြိမ်းချမ်းရေးအတွက် အမေရိကန်ရဲ့ လုပ်ဆောင်မှုကို ဝမ်းမြောက်ကြောင်း ဝန်ကြီးချုပ် Kham က ပြောခဲ့တဲ့အပြင် အမေရိကန်ရဲ့ အခုလို လုပ်ဆောင်မှုကြောင့် အာဖဂန်နစ်စတန် ငြိမ်းချမ်းရေးအတွက် သဘောတူညီချက် ရဖို့ နီးစပ်နေပြီလို့ လည်း ပါကစ္စတန် ဝန်ကြီးချုပ်က ပြောပါတယ်။

“အာဖဂန်နစ်စတန်မှာ ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ အတော့်ကို နီးစပ်နေပြီဆိုတာ တွေ့ရမှာပါ။ အာဖဂန်နစ်စတန် ငြိမ်းချမ်းရေးအတွက် စစ်ရေးနဲ့ အဖြေရှာဖို့ မလိုပါဘူး။ ဘာကြောင့်လည်း ဆိုတော့ သမ္မတ Trump ပြောသလိုပါပဲ၊ စစ်ရေးနဲ့ ဖြေရှင်းရင် သန်းနဲ့ချီပြီး သေကြေကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဖြေက တခုပဲ ရှိပါတယ်။ လာမယ့်ရက်တွေအတွင်း အာဖဂန်နစ်စတန် အစိုးရနဲ့ စကားပြောဖို့ တာလီဘန်တွေကို ကျနော်တို့ တိုက်တွန်းနိုင်မယ်လို့ မျှော်လင့်ထားတာဖြစ်ပြီး အဲဒီကနေ နိုင်ငံရေးအရအဖြေထုတ်လာနိုင်မှာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ သိပ်နီးနေတဲ့ အကြောင်း ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။”

ပါကစ္စတန်ဟာ အိမ်နီးချင်း အာဖဂန်နစ်စတန် တည်ငြိမ်ရေးအပြင် နောက်ထပ် အိမ်နီးချင်းတနိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ ကက်ရှ်မီးယား ဒေသမှာ ပဋိပက္ခတွေ ဖြစ်နေတာပါ။ ခေါင်းဆောင် ၂ ဦးတွေ့ဆုံပွဲမှာ အိန္ဒိယ နဲ့ ပါကစ္စတန် အရေးကိုပါ ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး ပါကစ္စတန်ဘက်က အိန္ဒိယနဲ့ ဆွေးနွေးပွဲတွေ စတင်ချင်ပေမယ့် ခက်ခဲနေကြောင်းနဲ့ ၂ နိုင်ငံကြား ပြေလည်စေဖို့ သမ္မတ Trump က ပါဝင်ကူညီဆောင်ရွက်ပေး နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပါကစ္စတန်ဝန်ကြီးချုပ်က ပြောပါတယ်။

သမ္မတ Trump ကလည်း အိန္ဒိယဝန်ကြီးချုပ် Narindra Modi နဲ့ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်လောက်ကပဲ စကားပြောခဲ့ရကြောင်းနဲ့ ကက်ရှ်မီးယား အရေး သမ္မတ Trump က ကြားဝင်ဆောင်ရွက်ပေးနိုင်မလားလို့ သူ့ကို မေးခဲ့ကြောင်းလည်း ပြောပါတယ်။ ဒီကက်ရှ်မီးယား ပြဿနာဟာ နှစ်ပေါင်း ၇၀ ကျော် လာပြီဖြစ်ပြီး ခုထိ မပြေလည်နိုင်သေးတဲ့အတွက် သူ့ကို ၂ ဖက်စလုံးက အကူညီတောင်းရင် လိုလိုလားလား လုပ်ပေးမယ်လို့ သမ္မတ Trump ကပြောပါတယ်။

“ဒီပြဿနာ ပြေလည်လာတာကို အိန္ဒိယက မြင်ချင်သလို ပါကစ္စတန်ဘက်ကလည်း မြင်ချင်မယ်လို့ ကျနော် ထင်ပါတယ်။ ဒါကြောင့် ၂ ဖက်ကြားမှာ ကြားဝင်ဖြန်ဖြေပေးမယ့် သူအဖြစ်နဲ့ ကျနော် အကူအညီပေးနိုင်ပါတယ်။ သိပ်တော်တဲ့ နိုင်ငံ ၂ နိုင်ငံရဲ့ ခေါင်းဆောင် ၂ ယောက်က ပြဿနာကို ဒီလို မဖြေရှင်းနိုင်ဖူးဆိုတာ မယုံနိုင်စရာပါပဲ။ ဒါပေမယ့် ၂ ဖက်စလုံးက ကျနော့်ကို ကြားဝင်ဖြန်ဖြေသူ ဒါမှမဟုတ် ဒိုင်လုပ်ပေးစေချင်တယ် ဆိုရင်တော့ ကျနော်က လိုလိုလားလားပဲ လုပ်ပေးမှာပါ။”

ပါကစ္စတန်နဲ့ အမေရိကန်ပြည်ထောင်စုကြား မကြာခင်လတွေ အတွင်း ဆက်ဆံရေးက သိပ်မပြေလည်ပဲ ဖြစ်နေတာကြောင့် အခု ဝန်ကြီးချုပ် Khan ရဲ့ သမ္မတ Trump နဲ့ တွေ့ဆုံမှုကနေ အခြေနေပြန်ကောင်းလာဖို့ ပါကစ္စတန် အရာရှိတွေက မျှော်လင့်နေကြတာပါ။

ဝန်ကြီးချုပ် Kham ဟာ ခရစ်ကက်အားကစားသမား အကျော်အမော် တဦးဖြစ်ခဲ့သလို သမ္မတ Trump ကလည်း အိမ်ခြံမြေသူဌေးကြီး တဦးဖြစ်ပြီး ၂ ဦးစလုံးဟာ ကြွယ်ဝချမ်းသာမှုနဲ့ နာမည်ကျော်မှုကို အသုံးချပြီး ရွေးကောက်ပွဲတွေ ကနေတဆင့် သူတို့ နိုင်ငံတွေမှာ ထိပ်တန်း နိုင်ငံရေးရာထူးကို ရယူထားကြသူတွေ ဖြစ်ပါတယ်။

Trump နဲ့ ပါကစ္စတန် ခေါင်းဆောင် အိမ်ဖြူတော်မှာ တွေ့ဆုံ
please wait

No media source currently available

0:00 0:04:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG