သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အာရှခရီးစဉ် အတွင်း ရိုဟင်ဂျာအရေးထည့်သွင်းဆွေးနွေး


အမေရိကန် သမ္မတ Donald Trump ဟာ သူ့ရဲ့ ၁၂ ရက်ကြာ အာရှခရီးစဉ် နဲ့ပတ်သက်ပြီး သိပ်ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီခရီးစဉ်အတွင်း လုံခြုံရေးနဲ့ ကုန်သွယ်ရေးလို ကိစ္စရပ်တွေမှာ တိုးတက်မှုတွေ အများကြီး ရခဲ့တယ်လို့ပြောပါတယ်။

မြောက်ကိုရီးယား အရေးဟာ ကမ္ဘာလုံးဆိုင်ရာ အဓိကခြိမ်းခြောက်မှုကြီး တခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း သမ္မတက ထပ်လောင်း ပြောကြား ခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းတပ် ဒုံးကျည် အစီအစဉ်တွေဟာ ကမ္ဘာကြီးတခုလုံးကို ခြိမ်းခြောက်နေတာဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်မှာ လုံးဝ နျူကလီယားကင်းမဲ့ သွားစေဖို့် အမေရိကန်ရဲ့ လုပ်ဆောင်မှုကို ကမ္ဘာ့ နိုင်ငံအားလုံးက ပါဝင်ပူးပေါင်းကြဖို့လည်း ပန်ကြားခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံရဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲ စစ်စခန်းတွေနဲ့ အဆောက်အဦးတွေ ဆောက်လုပ်ဖို့ ကြိုးစားမှုတွေကို သူ့အနေနဲ့ စိုးရိမ်ဆဲ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွါးနေမှုတွေကိ ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ အမေရိကန် ပြည်ထောင်စုက လိုလားကြောင်းလည်း ပြောကြားခဲ့ပါတယ်။

သမ္မတ Trump ဟာ နိုဝင်ဘာ ၁၄ ရက်နေ့မှာ အဖွဲ့ဝင် ၁၈ နိုင်ငံရဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ စီစဉ်ထားတာကို အချိန်ကပ်ဖျက်ခဲ့ပြီး ဖိလစ်ပိုင်ကနေ စောထွက်ခွါသွားခဲ့ပါတယ်။ သမ္မတ ကိုယ်စား ထိပ်သီးညီလာခံကို နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က တက်ရောက်ခဲ့ပါတယ်။

ညီလာခံမှာ သမ္မတ ပြောကြားမယ့် မိန့်ခွန်းကိုလည်း အစောပိုင်းမှာ အာဆီယံခေါင်းဆောင်တွေနဲ့ နေ့လည်စာစားပွဲ အတွင်း ပြောဆိုခဲ့ ကြောင်း သမ္မတ အိမ်ဖြူတော်က ရှင်းလင်းခဲ့ပါတယ်။

အိမ်ဖြူတော်က ထုတ်ပြန်တဲ့ သမ္မတရဲ့ မိန့်ခွန်းမှာ အရှေ့တောင်အာရှ ဒေသတွင်း လုံခြုံရေးကို ထိခိုက်စေတဲ့ လူသားချင်းစာနာမှု ဆိုင်ရာ ပြဿနာတွေ အကြောင်း ပြောကြားရာမှာတော့ မြန်မာနိုင်ငံမြောက်ပိုင်း ရခိုင်ပြည်နယ်ကနေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေရဲ့ တိုက်ခိုက်မှုကြောင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ ၆ သိန်းကျော်နဲ့ ပတ်သက်ပြီး အဲဒီဒေသမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ကြိုးစားမှုတွေကို အမေရိကန် ပြည်ထောင်စုက ထောက်ခံပံ့ပိုးပေးမှာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ဒီပြစ်မှု ကျူးလွန်သူတွေ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျခံရစေဖို့နဲ့ ဒုက္ခသည်တွေ သူတို့ဆန္ဒအလျှောက် အန္တရာယ်ကင်းကင်းနဲ့ နေရပ်ပြန်နိုင်ရေး ဖေါ်ဆောင်မှုတွေကို အမေရိကန် ပြည်ထောင်စုက ထောက်ခံတဲ့ အကြောင်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် မြန်မာအစိုးရရဲ့ ဒီလိုလုပ်ဆောင်ဖို့ ကတိပြုချက်ကိုလည်း အမေရိကန်ပြည်ထောင်စုက ကြိုဆိုကြောင်းနဲ့ ရခိုင်ကော်မရှင်ရဲ့ အကြံပေးချက်တွေ အကောင်ထည်ဖေါ်ရေးကို အားပေးထောက်ခံဖို့ အဆင်သင့်ရှိတဲ့ အကြောင်းလည်း ဖေါ်ပြထားပါတယ်။

အာဆီယံ ညီလာခံအတွင်း အိမ်ရှင် ဖိလစ်ပိုင်သမ္မတ Rodrigo Duterte နဲ့ သမ္မတ Trump တို့ ဆွေးနွေးပွဲအပြီး နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်တဲ့ ၂ နိုင်ငံ ပူးတွဲ ကြေညာချက်မှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဒေသတွင်း လူသားချင်းစာနာမှု အထောက်အကူ လိုအပ်တဲ့ နေရာတွေကို ချက်ချင်းပို့ပေးဖို့ သမ္မတ ၂ ဦးစလုံးက တောင်းဆိုလိုက်တဲ့အပြင် ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်း လုပ်ဆောင်မယ်လို့ မြန်မာအစိုးရရဲ့ ပြောကြားချက်ကိုလည်း ကြိုဆိုခဲ့ပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှု ဆိုင်ရာ အကူညီတွေ ပေးဖို့ မြန်မာအစိုးရနဲ့ လက်တွဲလုပ်ဆောင်နေတဲ့ အာဆီယံအဖွဲ့ရဲ့ အခန်းကဏ္ဍ ကိုလည်း ထောက်ခံကြောင်း ဖေါ်ပြထားပါတယ်။

အာဆီယံညီလာခံအတွင်းမှာတော့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ အနည်းဆုံး အဖွဲ့ဝင် ၂ နိုင်ငံတို့က စိုးရိမ်မကင်းဖြစ်မှုတွေကို တင်ပြခဲ့ပြီး မြန်မာဘက်ကတော့ ကိုဖီအာနန် အစီရင်ခံစာနဲ့အညီ အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့အကြောင်းနဲ့ လူသားချင်း စာနာမှု အကူအညီတွေကို လက်ခံကြိုဆိုတဲ့အကြောင်း ပြောကြားခဲ့တဲ့အပြင် ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုး ပြီးတာနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေးကို သီတင်းပတ် သုံးပတ်အတွင်း အပြီးသတ် လုပ်ဆောင် သွားမယ့်အကြောင်း ဖိလစ်ပိုင်သမ္မတရဲ့ ပြောခွင့်ရ ဟယ်ရီ ရော့ကီ Harry Roque က သတင်းထောက်တွေကို အတည်ပြု ပြောကြားခဲ့ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG