သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အစိုးရရဲ့ ဒုက္ခသည်များဆိုင်ရာ ပေါ်လစီ မြန်မာတွေ စိုးရိမ်


ထိုင်း-မြန်မာစပ်တနေရာက ကရင်ဒုက္ခသည်များ။
ထိုင်း-မြန်မာစပ်တနေရာက ကရင်ဒုက္ခသည်များ။

ရွေးကောက်ခံ သမ္မတ Donald Trump က သမ္မတရာထူးကို ဆက်ခံဖို့ ပြင်ဆင်နေချိန်မှာပဲ သမ္မတ Barack Obama အစိုးရ လက်ထက်က ချမှတ်ခဲ့တဲ့ ဒုက္ခသည်ဆိုင်ရာ ပေါ်လစီတွေကို ပြောင်းလဲ ပစ်လိမ့်မယ်လို့ ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။ သမ္မတ Obama အစိုးရက လက်ရှိ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံက ရွေ့ပြောင်းနေထိုင်သူ ၁၄,၀၀၀ ကို လက်ခံဖို့ စီစဉ်ထားပြီး ဖြစ်တာကြောင့် မြန်မာ ဒုက္ခသည်တွေကိုများ ထိခိုက်လာနိုင်မလား ဆိုပြီး စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

Trump ရဲ့ အစိုးရ အပြောင်းအလဲဆိုင်ရာ ကိစ္စရပ်တွေကို တာဝန်ယူ ဆောင်ရွက်နေတဲ့အဖွဲ့ရဲ့ ပထမနေ့ စီမံကိန်းလို့ခေါ်တဲ့ အထောက်အထားတွေ အရ စိတ်ချ လုံခြုံစွာ စစ်ဆေး မေးမြန်းနိုင်ခြင်းမရှိသေးတဲ့ အတွက် ပဋိပက္ခတွေ ဖြစ်ပေါ်နေတဲ့ ဒေသတွေက လူတွေ အမေရိကန်နိုင်ငံအတွင်း ရွေ့ပြောင်း နေထိုင်တဲ့ အစီအစဉ်ကို ဆိုင်းငံ့ထားမယ်လို့ ဆိုပါတယ်။

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့က ခရစ္စမတ်ဈေးတခုကို ဒီဇင်ဘာလတုန်းက ထရပ်ကားနဲ့ ဝင်ရောက် တိုက်ခိုက်မှု ဖြစ်သွားခဲ့ပြီးတဲ့နောက် သူ့အနေနဲ့ မူဆလင်တွေ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်မယ်လို့ သူ့ရဲ့ ပြောဆိုမှုအပေါ် ပြန်ပြင် စဉ်းစားဖို့ အစီအစဉ် ရှိမရှိ သတင်းထောက်တွေက ရွေးကောက်ခံသမ္မတ Donald Trump ကို မေးမြန်းတဲ့အခါမှာ သူက အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။

“ခင်ဗျားတို့လည်း ကျနော့် အစီအစဉ်တွေကို တလျှောက်လုံး သိလာခဲ့ကြတာပဲဗျာ။ ကျနော်ဘက်က မှန်နေတာချည်းပဲ၊ ၁၀၀ ရာနှုန်းပြည့် မှန်ပါတယ်။ အခုဖြစ်ပျက်နေတာတွေက အလွန် ဆိုးရွားလွန်းပါတယ်။”

Trump ရဲ့ ဒုက္ခသည်ဆိုင်ရာ ပေါ်လစီတွေဟာ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာတော့ တိကျ ရေရာမှု မရှိသေးပါဘူး။ ဒါပေမယ့် သမ္မတ Trump အနေနဲ့ ဒုက္ခသည်တွေနဲ့ ဆိုင်တဲ့ ပေါ်လစီကို အချိန်မရွေး ပြောင်းလဲနိုင်တဲ့ အခြေအနေ ရှိတယ်လို့ သုံးသပ် ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

Lavinia Limon ဟာ အမေရိကန် ဒုက္ခသည်များနဲ့ ရွေ့ပြောင်းနေထိုင်သူများ ဆိုင်ရာ ကော်မီတီ အကြီးအကဲဖြစ်ပါတယ်။

“သမ္မတ Trump အနေနဲ့ ရွေ့ပြောင်း အခြေချ နေထိုင်သူတွေကို လက်ခံတဲ့ အစီအစဉ် တခုလုံးပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လူအစုအဖွဲ့တခုခုကိုပဲဖြစ်ဖြစ် အချိန်မရွေး စိတ်ကြိုက် ရပ်တန့်ပစ်လိုက်နိုင်စွမ်း ရှိပါတယ်။”

Donald Trump အနေနဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးစဉ် ကာလတွေတုန်းက အရှေ့အလယ်ပိုင်းက မူဆလင်တွေ အမေရိကန်နိုင်ငံထဲ လာရောက်ခွင့် ပိတ်ပင်ပြစ်မယ်၊ မက္ကဆီကိုနဲ့ လက်တင်အမေရိက နိုင်ငံတွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ပြန်ပို့မယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း ဒုက္ခသည်တွေ၊ ရွေ့ပြောင်း နေထိုင်သူတွေကို လက်မခံဘူးလို့ ပြောဆိုနေတဲ့ သူ့ရဲ့ ဒုက္ခသည်ဆိုင်ရာ ပေါ်လစီ ပြောင်းလဲမယ့်အထဲ မြန်မာနိုင်ငံသားတွေများ ပါလာမလားဆိုပြီး စိုးရိမ်စရာ ရှိတယ်လို့ မြန်မာဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်နေသူ Indiana ပြည်နယ်၊ Indianapolis မြို့က ဒေါက်တာ Ro Dinga က ပြောပါတယ်။

“Donald Trump ရဲ့ ပေါ်လစီကတော့ ကျနော်တို့ မြန်မာနိုင်ငံသား အနေနဲ့ သိပ်တော့ အားမရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သောကြာနေ့မှာ သူသမ္မတတော့ ဖြစ်မယ်။ ဒါပေမယ့် ရွေးကောက်ပွဲ အကြိုကာလမှာ သူမဲဆွယ်တဲ့ကိစ္စတို့၊ ပေါ်လစီ ချပြတဲ့အထဲမှာ ဒီ Refugee ကို လက်ခံဖို့ သိပ်အားမပေးတဲ့ လက္ခဏာတွေ တွေ့ရတယ်။ အထူးသဖြင့်တော့ အရှေ့အလယ်ပိုင်း မဆလင်နိုင်ငံများပေါ့နော်။ သူ အကုန်လုံးနီးပါးလောက် ပိတ်ဖို့ရှိတဲ့သဘော ပြတယ်။ နောက် အိမ်နီးနားချင်းက မက္ကဆီကို ကိုလည်း သူ တံတိုင်းခတ်ဖို့ ဘာညာပေါ့နော်။ ဒီ Refugee တွေကို လုံး၀ Welcome မလုပ်တဲ့ ပေါ်လစီမျိုး ကျနော်တို့ တွေ့ရတယ်။ အဲဒီအထဲမှာ ကျနော်တို့ မြန်မာပြည်သား Refugee တွေကလည်း အိန္ဒိယမှာဖြစ်ဖြစ်၊ ထိုင်း-မြန်မာ နယ်စပ်မှာ၊ မလေးရှားမှာ သောင်းနဲ့ချီပြီးတော့၊ အဲဒီကိစ္စကတော့ ကျနော်တို့ အမေရိကားကို ရောက်လာဖို့၊ အမေရိကားကို Resettlement လုပ်ဖို့ အခြေအနေ နဲနဲ မှေးမှိန်တယ်လို့ ကျနော် ယူဆတယ်လေ။”

လက်ရှိ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ထိုင်းနဲ့ အိန္ဒိယ မြန်မာနယ်စပ်အပြင် မလေးရှားနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာဒုက္ခသည် စုစုပေါင်း ၁၄,၀၀၀ ကို လက်ခံဖို့ Barack Obama အစိုးရက လက်မှတ်ထိုး အတည်ပြုထားပြီး ဖြစ်တယ် ဆိုပေမယ့်လည်း အဲဒီ အစီအစဉ်ကို သမ္မတသစ် အနေနဲ့ ပြောင်းလဲကောင်း ပြောင်းလဲ ပစ်လိုက်နိုင်တယ်လို့ ဒေါက်တာ Ro Dinga က ပြောပါတယ်။

“၂၀၁၆ စက်တင်ဘာလထဲမှာ သမ္မတ အိုဘားမားကနေ မြန်မာပြည်သား ၁၄,၀၀၀ ပေါ့နော်၊ ၂၀၁၆ အောက်တိုဘာ ၁ ရက်ကနေ ၂၀၁၇ စက်တင်ဘာ ၃၁ အတွင်း တနှစ်အတွင်း ၁၄,၀၀၀ လက်ခံဖို့ လက်မှတ်ထိုးပြီးသား ဖြစ်တယ်။ ဒါဟာ Congress (လွှတ်တော်) ကနေ အတည်ပြုပြီးတော့ အိုဘားမားက လက်မှတ်ထိုးပြီးသား ဖြစ်တယ်။ ဆိုတော့ အဲဒီ Process (အစီအစဉ်) အတိုင်း အခုအထိ၊ ဒီကနေ့အထိတော့ သွားနေတာ ဖြစ်တယ်။ တချို့ UNHCR ဌာနေရုံးတွေကနေ စိစစ်ပြီးတော့ နဲနဲ အခက်အခဲရှိတာ တချို့ကတော့ ရှိမယ်။ ဒါကတော့ UNHCR အပိုင်း။ အမေရိကန်အစိုးရရဲ့ ပေါ်လစီအရကတော့ သမ္မတ အိုဘားမား လက်မှတ်ထိုးတဲ့အတိုင်းပဲ ဆက်ပြီးတော့ သွားနေတာ ဖြစ်တယ်၊ ဒီကနေ့အထိတော့။ ဒါပေမယ့် ခုနက ပြောသလိုပဲ နောက် ၄ ရက်ဆိုရင် သမ္မတသစ် ပြောင်းမယ်၊ သူ့အနေနဲ့ သမ္မတ အသစ်ကနေ ပြောင်းလဲလို့ရတဲ့ အခြေအနေမှာလည်း ရှိတယ်။ ဆိုတော့ ဘယ်လိုဆက်လာမလဲဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ရမှာ ဖြစ်တယ်။”

လုံခြုံရေးအရ စစ်ဆေးမှုတွေ ထပ်မံ ပြုလုပ်စရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပဋိပက္ခတွေ ဖြစ်နေတဲ့ ဒေသတွေက ဒုက္ခသည်တွေ အမေရိကန်နိုင်ငံထဲ ဝင်ရောက်ခွင့် ပိတ်ပင်ထားလိမ့်မယ်လို့ ဒုက္ခသည်ရေးရာ ကျွမ်းကျင်သူတွေက ခန့်မှန်း ပြောဆိုနေကြပါတယ်။ အဲဒီလို ပိတ်ပင်လိုက်မယ်ဆိုရင်တော့ အမေရိကန်နိုင်ငံထဲ နှစ်စဉ် ဝင်ရောက်လာနေတဲ့ ဒုက္ခသည်တွေနဲ့ ရွေ့ပြောင်းနေထိုင်သူ ၄၀ ကနေ ၄၅% အထိ ထိခိုက်သွားနိုင်မယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG