သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Biden ကြား ဆန့်ကျင်ကွဲလွဲနေတဲ့ နိုင်ငံခြားရေးမူဝါဒ သုံးသပ်ချက်

အမေရိကန်သမ္မတ Donald Trump နဲ့ ဒီမိုကရက်ပါတီ သမ္မတလောင်း Joe Biden.
အမေရိကန်သမ္မတ Donald Trump နဲ့ ဒီမိုကရက်ပါတီ သမ္မတလောင်း Joe Biden.

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စု ရန်သူတွေနဲ့ ရင်ဆိုင်နေရချိန် မဟာမိတ်တွေ အများကြီး လိုအပ်နေချိန်မှာ သမ္မတ Donald Trump ဟာ ခိုင်မာတဲ့ ကာကွယ်ရေးဦးစီးချုပ် တယောက် ဖြစ်တယ်လို့ ရီပတ်ဘလစ်ကန် ညီလာခံက ပုံဖော်လိုက်ပါတယ်။ သူ့ရဲ့ပြိုင်ဘက် Joe Biden ကတော့ သူဟာ မဟာမိတ်တွေနဲ့ ရပ်တည်မယ်၊ အာဏာရှင်တွေနဲ့တော့ လက်တွဲမှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ အိမ်ဖြူတော်ဆိုင်ရာ ဗွီအိုအေသတင်းထောက် Pasty Widakuswara ပေးပို့တဲ့ သုံးသပ်ချက်ကို ဦးကျော်ဇံသာ တင်ပြပေးထားပါတယ်။

ရီပတ်ဘလစ်ကန် ပြည်လုံးကျွတ်ညီလာခံက သူ့ကို သမ္မတအဖြစ် ဆက်လက်အရွေးခံဖို့ တာဝန်ပေးအပ်တာကို လက်ခံမိန့်ခွန်း ပြောကြားရာမှာ သမ္မတ Donald Trump က သူ့ရဲ့ပြိုင်ဘက် ဒီမိုကရက် သမ္မတလောင်း Joe Biden ဟာ ပျော့ညံ့တဲ့ ခေါင်းဆောင်တယောက်ဖြစ်ပြီး တိုင်းပြည်ကို ဖျက်ဆီးလိမ့်မယ်လို့ ပြောသွားပါတယ်။

“Joe Biden ဟာ သူ့ရဲ့ သက်တမ်းတလျှောက်လုံး အမေရိကန် အလုပ်သမားတွေရဲ့ မျှော်မှန်းချက်တွေကို အပြင်ကလူတွေကို ပေးခဲ့ပါတယ်။ အလုပ်အကိုင်တွေကို နိုင်ငံပြင်ပက လူတွေအတွက် ဖန်တီးပေးခဲ့တယ်၊ နယ်စပ်တွေကို ဖွင့်ပစ်ခဲ့တယ်။ အလုပ်သမားတွေရဲ့ သားသမီးတွေကို အဆုံးမသတ်နိုင်တဲ့ ပြည်ပစစ်ပွဲတွေမှာ တိုက်ခိုက်ခိုင်းခဲ့ပါတယ်။”

အိုဘားမားလက်ထက်က ဒုသမ္မတဖြစ်ခဲ့သူ Biden ကတော့ Donald Trump ဟာ အန္တရာယ်များတဲ့ ခေါင်းဆောင်တယောက်ဖြစ်တယ်၊ အမေရိကန်ရဲ့ ရပ်တည်ချက်ကို ဖျက်ဆီးပစ်ခဲ့တယ်လို့ သူတို့ ဒီမိုကရက်ပါတီ အမျိုးသားညီလာခံမှာ ပြောသွားခဲ့ပါတယ်။

“ကျနော်ဟာ မဟာမိတ်တွေ၊ မိတ်ဆွေတွေနဲ့ အတူရပ်တည်ပြီး ပြိုင်ဘက်တွေနဲ့ ပြတ်ပြတ်သားသား လမ်းခွဲမယ့် သမ္မတ တယောက် ဖြစ်လာမှာပါ။ အာဏာရှင်တွေနဲ့ အလွမ်းသင့်နေတဲ့ နေ့ရက်တွေ ဆုံးခန်းတိုင်တော့မှာပါ။ အမေရိကန်စစ်သားတွေကို သတ်ဖြတ်ဖို့အတွက် ရုရှားက ဆုငွေထုတ်တဲ့ လုပ်ရပ်မျိုးကို သမ္မတ Biden လက်ထက်မှာ မျက်ကွယ်ပြုထားမှာ မဟုတ်ပါဘူး။”

ဒီမိုကရက်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒ ကြေညာချက်ကတော့ ထာဝရစစ်ပွဲများကို ဆန့်ကျင်ပြီး အမျိုးသားကာကွယ်ရေး အသုံးစရိတ်ကို လျှော့ချဖို့ အဆိုပြုထားပါတယ်။ တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးဆိုင်ရာ လုပ်ပုံလုပ်နည်းတွေကိုလည်း ဝေဖန်ထားပါတယ်။ ရီပတ်ဘလစ်ကန်တွေကတော့ မူဝါဒကြေညာချက်ကို ဒီနှစ်မှာ မထုတ်ပြန်ပေမယ့် Trump ရဲ့ ကမ္ဘာ့အမြင်ကိုတော့ ပါတီက အကြွင်းမဲ့ ထောက်ခံထားပါတယ်။

အမေရိကန်သာ ပထမဆိုတဲ့ Donald Trump ရဲ့ ၂၀၁၆ ရွေးကောက်ပွဲ ကြွေးကြော်သံကို ရီပတ်ဘလစ်ကန်ပါတီက ဆက်လက်ထောက်ခံနေပါတယ်။ သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ တခြားရည်မှန်းချက်တွေကတော့ အမေရိကန် တပ်ဖွဲ့တွေကို အိမ်ပြန်ခေါ်ဖို့နဲ့ တရုတ်အပေါ် မှီခိုအားထားရမှု ဆုံးခန်းတိုင်စေဖို့တို့ပဲ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း အမေရိကန်သည် ပထမဆိုတဲ့ မူဝါဒကို ချီးကျူးခဲ့ပါတယ်။

“ဒီကိစ္စကို နိုင်ငံခြားအစိုးရတိုင်းကတော့ ကြိုက်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါဟာ အလုပ်ဖြစ်ပါတယ်။”

သမ္မတ George W Bush လက်ထက်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူ ရီပတ်ဘလစ်ကန် ပါတီဝင် Collin Powell က အမေရိကန်တပ်ဖွဲ့တွေကို Joe Biden က အလေးထား ဂရုစိုက်တယ်လို့ ပြောတဲ့ကိစ္စကိုလည်း ဒီမိုကရက်တွေက အလေးထားကြပါတယ်။

“Joe Biden ဟာ သူ့ရဲ့ ချစ်လှစွာသော သားကို စစ်ထဲပို့ပြီး သူ့သား အန္တရာယ်ကင်းကင်းနဲ့ အိမ်ပြန်လာနိုင်ဖို့ ဘုရားသခင်ဆီမှာ ဆုတောင်းရင်း သန်းနဲ့ချီတဲ့ အမေရိကန်စစ်တပ် မိသားစုတွေရဲ့ အတွေ့အကြုံကို မျှဝေခံစားခဲ့သူ ဖြစ်ပါတယ်။”

Trump ရဲ့ မိန့်ခွန်းဟာ အဓိကအားဖြင့် တရုတ်နဲ့ပတ်သက်ပြီး ကပ်ရောဂါ၊ ကုန်သွယ်မှုဆက်ဆံရေး၊ အလုပ်အကိုင်တွေကို ပြည်ပခွဲဝေပေးမှု စတာတွေကို အဓိကထားသလို Biden သာ အရွေးခံရရင် အမေရိကန်ပြည်ထောင်စုကို တရုတ်က ပိုင်ဆိုင်သွားလိမ့်မယ်လို့ ဆိုပါတယ်။

Robert Daly ဟာ ကစ်ဆင်ဂျာအင်စတီကျုက တရုတ်-အမေရိကန် ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။

“ရီပတ်ဘလစ်ကန်တွေဟာ တရုတ်နဲ့ပတ်သက်လို့ ဘယ်သူကပိုပြီး တင်းမာသလဲ ဆိုတာကို ပြောနေကြပြီး ဒီမိုကရက်တွေကတော့ တရုတ်ကို ဘယ်သူကပိုပြီး ထိထိရောက်ရောက် ယှဉ်ပြိုင်နိုင်မလဲ ဆိုတာကို ပြောနေကြတာပါ။ ဒီကိစ္စဟာ နဂါးကို ဒုတ်နဲ့ထိုးပြီး ရန်လိုတဲ့စကားတွေ စွပ်စွဲ စိန်ခေါ်မှုတွေ လုပ်နေရုံနဲ့ မပြီးပါဘူး။ ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ ခွန်အား၊ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်၊ မဟာမိတ်တွေနဲ့ လက်တွဲလုပ်ဆောင်နိုင်မှု သံခင်းတမန်ခင်းတို့ကို ထိထိရောက်ရောက်နဲ့ အမေရိကန် အကျိုးစီးပွားအတွက် လုပ်ဆောင်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ရေရှည်ကိစ္စပါ။ တရုတ်နဲ့ ယှဉ်ပြိုင်တဲ့နေရာမှာ အထူးသတိထား လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။”

သမ္မတလောင်း ၂ ယောက်ရဲ့ အမြင်တွေဟာ သိသိသာသာ ကွဲလွဲမှုရှိပေမယ့် ဒီ နိုင်ငံခြားရေး မူဝါဒဟာ ရွေးကောက်ပွဲ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်မယ့် ကိစ္စတော့ မဟုတ်ပါဘူး။

စက်တင်ဘာမှာ ပြုလုပ်လာမယ့် စကားစစ်ထိုးပွဲမှာတော့ ရွေးကောက်ပွဲမှာ နိုင်ငံခြားက ဝင်ရောက်စွက်ဖက်မယ့် ကိစ္စတွေကိုလည်း ထည့်သွင်း ပြောကြားကြလိမ့်မယ်လို့ ယူဆရပါတယ်။

Trump နဲ့ Biden ကြား ဆန့်ကျင်ကွဲလွဲနေတဲ့ နိုင်ငံခြားရေးမူဝါဒ သုံးသပ်ချက်
please wait

No media source currently available

0:00 0:04:47 0:00
တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)


















This item is part of
XS
SM
MD
LG