သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားခံယူခွင့် မွေးရာပါအခွင့်အရေး ပယ်ဖျက်ဖို့ Trump ကြိုးပမ်း


အမေရိကန်ပြည်ထောင်စုကို တရားမဝင်ရောက်ရှိလာကြသူတွေနဲ့ နိုင်ငံသား မဟုတ်သူတွေက ဒီနိုင်ငံမှာ မွေးဖွားတဲ့ ကလေးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားအဖြစ် ခံယူခွင့် ပြုထားတာကို သမ္မတ Donald Trump က နိုင်ငံသားဖြစ်ခွင့်မပေးဖို့ သမ္မတအမိန့်အရ တားမြစ်မယ် လို့ပြောလိုက်တဲ့အတွက် နိုင်ငံရေးနဲ့ ဥပဒေရေးလောကမှာ အခြေအတင် အငြင်းပွားဖွယ်ပေါ်ပေါက်ခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက ပြောပြမှာပါ။

နိုဝင်ဘာ၆ ရက်နေ့ကျင်းပမယ့် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွေမတိုင်မီ လူဝင်မှုကြီးကြပ်ရေးကို ရွေးကောက်ပွဲရဲ့ မဲဆွယ်စည်းရုံးလှုပ်ရှားမှုအဖြစ် သမ္မတ Donald Trump က ဦးစားပေးနေတာ တစိတ်တပိုင်းအဖြစ် အမေရိကန်နိုင်ငံသားမဟုတ်ကြသူတွေ မွေးဖွားတဲ့ကလေးတွေကို နိုင်ငံသားခံယူခွင့်ပြုတာကို ပယ်ဖျက်ဖို့ အခုလိုအရေးယူဆောင်ရွက်ဖို့ကြိုးစားနေတယ်လို့ သုံးသပ်ကြပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့ ထုတ်လွှင့်မယ့် Axios on HBO ရုပ်သံလွှင့်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ တရားမဝင်နေသူတွေက မွေးတဲ့ကလေးတွေကို နိုင်ငံသားရပိုင်ခွင့်ပေးတဲ့အခွင့်အရေးကို အဆုံးသတ်ဖို့ လိုတယ်လို့ သမ္မတ Donald Trumpပြောခဲ့ပါတယ်။

" အဲလောက်အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်လဲ၊ အမေရိကန်ပြည်ထောင်စုကိုရောက်လာတဲ့သူတွေအနေနဲ့ ကလေးမွေးမယ် အဲဒီကလေးကလည်း အလိုအလျောက် နိုင်ငံသားတဦးအဖြစ်ခံစားချက်တွေကို ၈၅ နှစ်ပြည့်အောင်ခံစားခွင့်ရမယ်။ ကမ္ဘာပေါ်မှာ အဲလို နိုင်ငံသားခံယူခွင့်ရတာ အမေရိကန်ပြည်ထောင်စုတနိုင်ငံတည်းဖြစ်တယ်။ ဒါဟာ အဓိပ္ပါယ်မရှိဘူး အဆုံးသတ်ဖို့လိုပါတယ်။"

တကယ်တော့ နိုင်ငံမှာ မွေးဖွားတဲ့ကလေးတွေကို နိုင်ငံသားခံယူခွင့်ရတာ အမေရိကန်တနိုင်ငံတည်းမဟုတ်ပါဘူး။ ကနေဒါနဲ့ မက္ကစီကိုအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်တို့မှာ အလားတူပေါ်လစီတွေရှိပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀ စုနှစ်အတွင်းမှာတော့ သြစတေးလျ၊ ဗြိတိန်၊ ပြင်သစ် ၊ အိန္ဒိယနဲ့ အိုင်ယာလန်နိုင်ငံတို့က ဒီအခွင့်အရေးကို ဖျက်သိမ်းခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံသားမဟုတ်ကြသူတွေ မွေးဖွားတဲ့ကလေးတွေကို နိုင်ငံသားခံယူခွင့်ပယ်ဖျက်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်ကို ဖျက်သိမ်းဖို့မလိုကြောင်း သူ့ဥပဒေအကြံပေးအရာရှိတွေက ပြောခဲ့တယ်လို့လည်း သမ္မတ Donald Trump ကထောက်ပြခဲ့ပါတယ်။ ဒါပေမယ့် Republican ပါတီဝင်ခေါင်းဆောင်တချို့က ဒီအရေးယူဆောင်ရွက်မှုကို သဘောမကျတာ တွေ့ရပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ Paul Ryan သမ္မတအမိန့်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်ကို ပယ်ဖျက်ဖို့သဘောမတူကြောင်း Kantaki အသံလွှင့်ဌာနကို အခုလိုပြောခဲ့ပါတယ်။

"ဒီနိုင်ငံမှာမွေးရင် နိုင်ငံသားအဖြစ်အသိအမှတ်ပြုတဲ့ မွေးရာပါအခွင့်အရေးကို သမ္မတအမိန့်နဲ့ ပယ်ဖျက်လို့မရပါဘူး။ သူ့အရင် သမ္မတ အိုဘားမားလက်ထက်ကလည်း လူဝင်မှုကြီးကြပ်ရေးမူဝါဒကို သမ္မတအမိန့်နဲ့ ပြောင်းဖို့ ကြိုးစားခဲ့တုန်းက ကျနော်တို့ ရှေးရိုးစွဲ Republican တွေက ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးစားတော့ ပြောင်းဖို့လေးစားတာကို မနှစ်သက်ပါဘူး။ ရှေးရိုးစွဲဝါဒီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးစား လိုက်နာယုံကြည်ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ချက် ၁၄ အရလည်း ဒီရပိုင်ခွင့်ပေးထားတာ ရှင်းပါတယ်။ ပြောင်းဖို့ကြိုးစားရင်တော့ ဖွဲ့စည်းပုံအရ အချိန်ကြာမှာဖြစ်ပါတယ်။"

အမေရိကန်နိုင်ငံသား မဟုတ်သူတွေကို နိုင်ငံသားခံယူခွင့်ပြုတဲ့ မွေးရာပါအခွင့်အရေးကို ပယ်ဖျက်ဖို့ ကြိုးစားမယ်ဆိုရင် တရားရုံးတော်မှာ ဥပဒေအရ အကဲစမ်းမှုတွေရင်ဆိုင်ရဖွယ်ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၁၄ အရ အမေရိကန်မှာမွေးဖွားသူ ဒါမှမဟုတ် အခြေချနေထိုင်ပြီး နိုင်ငံသားခံယူခွင့်ရှိသူအားလုံးအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ သူတို့နေထိုင်တဲ့ပြည်နယ်တွေမှာ နိုင်ငံသားအခွင့်အရေးတွေကို ရရှိတယ်လို့ အာမခံချက်ပေးထားတာဖြစ်ပါတယ်။ တချို့ ရှေးရိုးစွဲဝါဒီတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ဟာ အမေရိကန်မှာ တရားဝင်နေထိုင်ခွင့်ရရှိထားသူတွေက မွေးတဲ့ကလေးတွေကိုသာ နိုင်ငံသားခံယူခွင့်ပြုဖို့ ရည်ရွယ်တယ်လို့ ထောက်ပြကြပါတယ်။

ဒီပြင်ဆင်ချက်ကို ၁၈၆၈ ခုနှစ်က အတည်ပြုခဲ့စဉ် ထိုစဉ် ပြည်တွင်းစစ်အတွင်း လူမည်းကျေးကျွန်တွေဖြစ်ခဲ့ကြသူတွေကို တောင်ပိုင်းပြည်နယ်တွေရဲ့ ခွဲခြားဆက်ဆံမှုကနေ အကာအကွယ်ပေးတဲ့အနေနဲ့ နိုင်ငံသားဖြစ်ခွင့် အခြေခံအခွင့်အရေးခံစားခွင့်ကို ဒီပြင်ဆင်ချက်အရ အာမခံချက်ပေးနိုင်ဖို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG