အမေရိကန်သမ္မတ Donald Trump က ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေအပေါ် သတ်မှတ်ထားချိန်ကျရင် ကုန်သွယ်ခွန်တိုးကောက်မှာဖြစ်တယ်လို့ ပြောပါတယ်။ ကုန်သွယ်ခွန်တိုးကောက်ဖို့ တလ ဆိုင်းငံ့ထားချိန် အတွင်း ကနေဒါအနေနဲ့ Fentanyl မူးယစ်ဆေးဝါး အမေရိကန်ထဲဝင်နေတာကိုတားဆီးပြီး မက္ကဆီကို အနေနဲ့ အမေရိကန်တောင်ပိုင်းနယ်စပ်မှာ တရားမဝင်,ဝင်ရောက်သူတွေနှိမ်နင်းရေး တပ်ဖွဲ့ဝင် သောင်းဂဏန်းထိ ချထားပြီးဖြစ်ပေမယ့်လည်း သမ္မတ ထရမ့်က ဖေဖေါ်ဝါရီ ( ၂၄) ရက်နေ့မှာ ခုလို ထပ်လောင်း ပြောကြားလိုက်တာပါ။
ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေအနေနဲ့ အမေရိကန်က (၂၅) ရာခိုင်နှုန်း ကုန်သွယ်ခွန်တိုးကောက်တာ ရှောင်လွှဲဖို့တောင်းဆိုထားတဲ့အတိုင်း ဆောင်ရွက်ခဲ့ရဲ့လားလို့ သတင်းထောက်ကမေးတဲ့အခါ ကုန်သွယ် ခွန်တိုးကောက်မယ့်ကိစ္စ ရက်သတ်မှတ်ထားပြီးသားပါလို့ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထရမ့်က ပြန်ဖြေကြားခဲ့တာပါ။ သတ်မှတ်ရက်ဖြစ်တဲ့ မတ်လ (၄) ရက်နေ့လို့ ထရမ့်ကမပြောပေမယ့်လည်း ပြင်သစ်အပါအဝင် တခြားတိုင်းပြည်တွေက သတ်မှတ်ထားတဲ့ ကုန်သွယ်ခွန်နဲ့ စည်းမျဥ်းစည်းကမ်းတွေကို ရောင်ပြန်ဟပ်မယ့်အစီအစဥ်နဲ့ ပတ်သက်ပြီးတော့လည်း ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း Google, Facebook နဲ့ Amazon တို့လို အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေရဲ့ လွှမ်းမိုးမှုကို ကန့်သတ်ဖို့ ပြင်သစ်၊ ကနေဒါနဲ့ နိုင်ငံတချို့က ဒစ်ဂျစ်တယ်ခွန်ကောက်နေတဲ့ကိစ္စကိုတော့ ထရမ့်နဲ့ မက်ခရွန်တို့က လူသိရှင်ကြား ဆွေးနွေးခဲ့တာမျိုး မရှိပါဘူး။
ကနေဒါနဲ့မက္ကဆီကိုကနေ မော်တော်ကားပစ္စည်းကအစ စွမ်းအင်အဆုံး အမေရိကန်ပြည်ထောင်စုကို ဒေါ်လာ ၉၁၈ ဘီလျံဖိုး သွင်းကုန်တွေအပေါ် အခွန်တိုးကောက်မှာနဲ့ပတ်သက်လို့ အချိန် ထပ်မံ ဆိုင်းငံ့ပေးဖို့ သက်ဆိုင်ရာနိုင်ငံခေါင်းဆောင်တွေက ထရမ့်အစိုးရကို တိုက်တွန်းဖို့လည်း တော်တော် များများက လိုလားနေတာပါ။ ကုန်သွယ်ခွန်တိုးကောက်မယ်ဆိုရင် မြောက်အမေရိကတိုက်အတွက် စီးပွားရေးအရ အထိနာနိုင်ပြီး အထူးသဖြင့်တော့ မော်တော်ကားထုတ်လုပ်တဲ့ လုပ်ငန်းခွင်တွေ အတွက်လည်း အကြီးအကျယ် ရိုက်ခတ်ခံရနိုင်တာပါ။
Forum