သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump နဲ့ဇနီးတို့ ကိုဗစ်ကူးစက်ခံရတဲ့အပေါ် ကန် နိုင်ငံရေးအသိုင်းဝိုင်းရဲ့ တုန့်ပြန်မှုများ


အမေရိကန်သမ္မတ Donald Trump က သူနဲ့ သူ့ဇနီး Melania Trump (မှတ်တမ်းဓါတ်ပုံ- မေလ ၂၇ ရက် ၂၀၂၀)
အမေရိကန်သမ္မတ Donald Trump က သူနဲ့ သူ့ဇနီး Melania Trump (မှတ်တမ်းဓါတ်ပုံ- မေလ ၂၇ ရက် ၂၀၂၀)

(Zawgyi/Unicode)

အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပဖို့ တလကျော်လောက်ပဲ လိုတော့ချိန်မှာ သမ္မတဒေါ်နယ်ထရမ့်က သူနဲ့ သမ္မတကတော် Melania Trump တို့မှာ COVID 19 ရောဂါပိုးရှိနေကြောင်းနဲ့ သူတို့ဟာ စပြီး quarantine လုပ် သီးခြားခွဲနေနေပြီလို့ သောကြာနေ့ မနက်အစောပိုင်းမှာ တွစ်တာကနေကြေညာခဲ့ပါတယ်။

ဒီကြေညာချက် ထွက်လာခဲ့ပြီးတဲ့ နောက် ဒုသမ္မတ Mike Pence က တွစ်တာကနေပဲ သူနဲ့ဇနီးဖြစ်သူ တို့က သမ္မတထရမ့်နဲ့ သမ္မတကတော်တို့အတွက် ဆုမွန်တောင်းခဲ့သလို အမေရိကန်နိုင်ငံတလွှားက ပြည်သူသန်းပေါင်းများစွားနဲ့အတူ သမ္မတနဲ့ သမ္မတကတော်တို့ အမြန်ပြန်ကျန်းမာလာစေဖို့ ဆုတောင်းနေကြောင်း ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့က Ohio ပြည်နယ် Cleveland မှာ သမ္မတထရမ့်နဲ့ ရွေးကောက်ပွဲအကြို စကားစစ်ထိုးခဲ့တဲ့ ဒီမိုကရက်တစ်ပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျိုးဘိုင်ဒင် ကလည်း သူနဲ့ သူ့ဇနီး Jill တို့က သမ္မတထရမ့်နဲ့ သမ္မတကတော် Melania Trump တို့ အမြန်ပြန်ကျန်းမာစေဖို့ ဆုတောင်းနေမှာ ဖြစ်ကြောင်း သူ့တွစ်တာကနေ ပြောကြားခဲ့ပါတယ်။ သူတို့ ၂ ဦးစလုံးကတော့ သောကြာနေ့ မနက်ခင်းမှာ ဒီရောဂါရှိမရှိ စမ်းသပ်စစ်ဆေးခဲ့ကြတာ ဖြစ်ပြီး ပိုးမတွေ့ခဲ့ပါဘူး။

Croatia နိုင်ငံကို သွားရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း သမ္မတနဲ့ သမ္မတကတော်တို့ အမြန်ကျန်းမာစေဖို့ သူနဲ့ သူ့ဇနီး Susan Pompeo တို့ ဆုတောင်းနေကြောင်း ပြောပါတယ်။ Croatia နိုင်ငံ Dubrovnik လေဆိပ်ကို သူတို့စီးလာတဲ့ လေယာဉ် မဆိုက်ခင် မိနစ် ၂၀ လောက်မှာ ဒီရောဂါရှိမရှိ စစ်ဆေးခဲ့ကြောင်းနဲ့ သူတို့မှာ ပိုးမရှိကြောင်းပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး Mark Esper နဲ့ ဇနီး၊ ပူးတွဲစစ်ဦးစီးချုပ်များရဲ့ ဥက္ကဌ Mark Milley နဲ့ဇနီးတို့ကလည်း သမ္မတနဲ့ သမ္မတကတော်တို့ အမြန်ကျန်းမာစေဖို့ ဆုတောင်းပေးနေကြကြောင်း ပင်တာဂွန်စစ်ဌာနချုပ် ပြောခွင့်ရ Jonathan Hoffman က ပြောပါတယ်။ ဒါ့အပြင် အမေရိကန်စစ်တပ်အနေနဲ့ တိုင်းပြည်နဲ့ အကျိုးစီးပွားအတွက် အမြဲ အသင့်ရှိနေကြောင်းလည်း ပြောပါတယ်။ ကာကွယ်ရေးဝန်ကြီး Esper နဲ့ ပူးတွဲစစ်ဦးစီးချုပ်များရဲ့ ဥက္ကဌ Milley တို့ဟာ တနင်္ဂနွေနေ့ကပဲ သမ္မတအိမ်ဖြူမှာ ကျင်းပတဲ့ စစ်ဘက်ရွှေကြယ်ဆုရ မိသားစုတွေရဲ့ ပွဲကို တက်ရောက်ခဲ့ကြတာ ဖြစ်ပြီး ဆေးစစ်ချက်တွေ အရ သူတို့ ၂ ဦးစလုံးမှာ ဒီရောဂါ ပိုး မရှိကြပါဘူး။

လွှတ်တော်မှာတော့ အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင် Mitch McConnell က သမ္မတအိမ်ဖြူတော် ကျန်းမာရေးတာဝန်ခံရဲ့ ပြောကြားချက်အရ သမ္မတနဲ့ သမ္မတကတော်တို့ နေကောင်းတယ် ဆိုတာ သိရလို့ ဝမ်းသာကြောင်း သူ့တွစ်တာက ရေးပါတယ်။ အထက်လွှတ်တော် အထက်လွှတ်တော် အနည်းစု အမတ်များခေါင်းဆောင် Chuck Schumer ကလည်း သမ္မတနဲ့မိသားစု တို့ ကျန်းမာရေးနဲ့ အန္တရာယ် ကင်းရေးအတွက် တနိုင်ငံလုံးနဲ့ အတူ ဆုတောင်းနေပါကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သမ္မတအိမ်ဖြူတော် အနေနဲ့ CDC ကထုတ်ပြန်ထားတဲ့ လမ်းညွှန်မှုတွေအတိုင်း ရောဂါရှိသူနဲ့ ထိတွေ့ဆက်ဆံသူ တွေကို နောက်ယောင်ခံ လိုက်သင့်ကြောင်းနဲ့ အကူးစက်ခံရသူတွေ ကို သေသေချာချာ စစ်ဆေးစမ်းသပ်တာတွေ သီးခြားခွဲ နေတာတွေလည်း လုပ်ဆောင်သင့်ကြောင်းနဲ့ သမ္မတအိမ်ဖြူ အနေနဲ့ ပိုပြီး ပွင်းလင်းမြင်သာမှု ရှိစေဖို့ တောင်းဆိုခဲ့တာပါ။

အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi ကတော့ သူဟာ သောကြာနေ့ အစောပိုင်းမှာ ဒီရောဂါ ရှိမရှိ စစ်ဆေးခဲ့ကြောင်းနဲ့ သမ္မတထရမ့်မှာ ဒီရောဂါရှိကြောင်း တွေ့ခဲ့ရတာနဲ့ ပတ်သက်ပြီး သမ္မတဟာ အကောင်းဆုံးဆေးကုသမှု ရရှိတာအတွက် သူဝမ်းသာကြောင်းနဲ့ နိုင်ငံသားတိုင်း ဒီလိုခံစားခွင့်ရဖို့ ဥပဒေပြဌာန်းမှု လုပ်စေချင်ကြောင်း ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ COVID-19 အကူးစက်ခံနေရသူ ၇ သန်းကျော်နဲ့ သေဆုံးရသူပေါင်းက ၂ သိန်းကျော် ရှိနေတယ်လို့ John Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


.................


(Unicode)








XS
SM
MD
LG