သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Coronavirus အရေး ဒုသမ္မတကို Donald Trump တာဝန်ပေး


အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို ရင်ဆိုင်ရာမှာ ဒုသမ္မတ Mike Pence က ဦးဆောင်ဖို့ သမ္မတ Donald Trump က တာဝန်ပေးလိုက်ပါတယ်။ အမေရိကန် ပြည်သူတွေကို ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်တဲ့ အန္တရာယ်ကတော့ နည်းပါးနေဆဲ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း ရောဂါကူးစက်ပျံ့နှံ့မယ်ဆိုရင်တော့ လိုအပ်သမျှ ဆောင်ရွက်ဖို့ အသင့်ရှိနေကြောင်းလည်း ပြောပါတယ်။ ရောဂါတိုက်ဖျက်ရေးအတွက် လိုအပ်သလို အကုန်အကျခံ သုံးစွဲသွားမှာ ဖြစ်ကြောင်းလည်း အမေရိကန် ကျန်းမာရေး အရာရှိတွေနဲ့အတူ ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲမှာ သမ္မတ Trump ကပြောဆိုသွားပါတယ်။

သတင်းစာ ရှင်းလင်းပွဲ မတိုင်ခင်တုန်းကတော့ သမ္မတ Trump က ကိုရိုနာဗိုင်းရပ် အရေး သတင်းတွေကိုလည်း ဝေဖန်ခဲ့ပါတယ်။

အမေရိကန်အခြေစိုက် MSNBC နဲ့ CNN သတင်းဌာနတွေဟာ ဒီဗိုင်းရပ်စ်ပိုး ပိုးပြီး ဆိုးရွားသယောင် သတင်းတုတွေ ရေးသားနေကြကြောင်း၊ အမေရိကန်ပြည်ထောင်စုဟာ ဒီရောဂါကို တိုက်ဖျက်နိုင်ကြောင်း Twitter လူမှုကွန်ယက်ကတဆင့် သမ္မတ Trump က ရေးသားခဲ့ပါတယ်။

ရောဂါပိုးကို ထိန်းချုပ်နိုင်ရေးအတွက် နယ်စပ်တချို့ကို ပိတ်ပစ်တာအပါအဝင် ဗိုင်းရပ်စ်ပိုး ထိန်းချုပ်နိုင်ရေးအတွက် သူ့အစိုးရနဲ့ CDC တို့က ကောင်းမွန်စွာ ကိုင်တွယ် ဆောင်ရွက်နေကြောင်းလည်း သမ္မတ Trump က ပြောပါတယ်။

Coronavirus ဟာ အမေရိကန်နိုင်ငံအတွင်းမှာ ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာ ရှိနေကြောင်း အင်္ဂါနေ့က အိန္ဒိယနိုင်ငံမှာ ရှိနေစဉ် သမ္မတ Trump ပြောကြားလိုက်တဲ့ တနေ့ထဲမှာဘဲ အမေရိကန်နိုင်ငံအတွင်း ရောဂါပိုး ကူးစက်ပြန့်နှံ့လာမယ့် အခြေအနေအတွက် အများပြည်သူ အနေနဲ့ ကြိုတင် ပြင်ဆင်ထားကြဖို့ CDC က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

မေးရမှာက Coronavirus ဟာ အမေရိကန်ပြည်ထောင်စုအတွင်း ကူးစက် ပြန့်နှံ့ပါ့မလားဆိုတာမဟုတ်ဘဲ ဘယ်အချိန်မှာ ဖြစ်လာမလဲဆိုတဲ့ မေးခွန်းဘဲဖြစ်ကြောင်း CDC ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ Nancy Messonnier က အင်္ဂါနေ့မှာ ပြောခဲ့တာပါ။

(Unicode)

Coronavirus အရေး ဒုသမ်မတကို Donald Trump တာဝနျပေး







XS
SM
MD
LG