သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတ အိန္ဒိယခရီးစဉ်ကနေ ဘာမျှော်လင့်နိုင်


၂၀၁၇ ခုနှစ်က အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့သည့် အမေရိကန်သမ္မတ Donald Trump နှင့် အိန္ဒိယဝန်ကြီးချုပ် Narendra Modi. (ဇွန် ၂၆၊ ၂၀၁၇)
၂၀၁၇ ခုနှစ်က အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့သည့် အမေရိကန်သမ္မတ Donald Trump နှင့် အိန္ဒိယဝန်ကြီးချုပ် Narendra Modi. (ဇွန် ၂၆၊ ၂၀၁၇)

(Zawgyi / Unicode)

အမေရိကန်သမ္မတ Donald Trump ဟာ ရှေ့သီတင်းပတ်မှာ အိန္ဒိယနိုင်ငံကိုသွားပြီး ဝန်ကြီးချုပ် Narendra Modi နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ ဒီခရီးစဉ်အတွင်း ကုန်သွယ်ရေးဆိုင်ရာ ကြီးမားတဲ့ သဘောတူညီချက် တခုခုကို လက်မှတ်ထိုးဖို့ မရှိဘူးလို့ နှစ်ဖက်လုံးက ပြောထားပါတယ်။ သမ္မတ Trump ကတော့ သူ့ကို လူအများအပြားက ကြိုဆိုကြလိမ့်မယ်လို့ ပြောထားပါတယ်။ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေထဲမှာ လူဦးရေအများဆုံး နိုင်ငံကြီးနှစ်ခုက ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးမှုကနေ ဘာတွေမျှော်လင့်နိုင်ပါမလဲ၊ သမ္မတအိမ်ဖြူတော်ဆိုင်ရာ ဗွီအိုအေသတင်းထောက် Patsy Widakuswara ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

သမ္မတ Trump ရဲ့ ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အိန္ဒိယနိုင်ငံမှာ လမ်းတွေကို သန့်ရှင်း၊ အထင်ကရ အဆောက်အဦတွေကို ဆေးကျောနေတဲ့အပြင် မြို့တော်ထဲက ဆင်းရဲသားရပ်ကွက်တွေကို ကာထားဖို့ တံတိုင်းကြီးတခုကိုတောင် ဆောက်နေပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်မှာစမယ့် သမ္မတ Trump ရဲ့ နှစ်ရက်ကြာ ခရီးစဉ်ဟာ ပထမဆုံး အိန္ဒိယခရီးစဉ်ဖြစ်ပြီး ကုန်သွယ်ရေးဆိုင်ရာ သဘောထား ကွဲပြားမှုတွေကြောင့် သိပ်အဆင်မပြေလှတဲ့ ဆက်ဆံရေးကို အားကောင်းလာစေဖို့ ရည်ရွယ်တာပါ။

“သဘောတူညီချက်ကြီး အကြောင်းတော့ နောက်မှပဲပြောပါမယ်။ အိန္ဒိယနဲ့ သိပ်ကြီးမားတဲ့ ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ လုပ်နေပါတယ်။ ရလာမှာပါ။ ရွေးကောက်ပွဲမပြီးခင် ရမလားဆိုတာတော့ ကျနော်မသိပါဘူး။ ဒါပေမယ့် သိပ်ကြီးမားတဲ့ သဘောတူညီချက်တခု အိန္ဒိယနဲ့ ရလာမှာပါ။”

ဒေါ်လာဘီလီယံ အများအပြား တန်ဖိုးရှိတဲ့ အမေရိကန်လုပ် စစ်လက်နက်ပစ္စည်းတွေ ရောင်းမယ့်အစီအစဉ်ကို သမ္မတ Trump က ကြေညာဖွယ်ရှိပါတယ်။ ဒါပေမယ့် အချက်အလက် လုံခြုံရေးနဲ့ အွန်လိုင်း ကူးသန်းရောင်းဝယ်ရေး ထိန်းချုပ်မှုလို ကိစ္စရပ်တွေကြောင့် ပိုကြီးမားတဲ့ ကုန်သွယ်ရေး သဘောတူညီချက်ဆိုင်ရာ ဆွေးနွေးပွဲတွေက ရှုပ်ထွေးနေပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဌာန ပြောခွင့်ရ Raveesh Kumar က အခုလိုပြောပါတယ်။

“ဆက်စပ်နေတဲ့ ကိစ္စရပ်တွေက ရှုပ်ထွေးပြီး လူသန်းပေါင်းများစွာရဲ့ ဘဝတွေပေါ် ရိုက်ခတ်မယ့် ဆုံးဖြတ်ချက်အများအပြား ချမှတ်ရမှာမို့ သဘောတူညီချက်ရဖို့ ကျနော်တို့ အလျင်စလိုလုပ်မှာ မဟုတ်ပါဘူး။”

ဘယ်လိုပဲဖြစ်ဖြစ် ဒီခရီးစဉ်ကတော့ သာမန်လူထုအကြိုက် လုပ်တတ်တဲ့ သမ္မတ Trump နဲ့ ဝန်ကြီးချုပ် Modi လို ခေါင်းဆောင်နှစ်ဦး အတွက်ကတော့ ပြည်တွင်းမှာရော ပြည်ပမှာပါ အမှတ်ရစေမယ့် အခွင့်အလမ်းတခုပဲလို့ Hudson Institute က Aparna Pande လို လေ့လာသူတွေက မြင်ပါတယ်။

“အိန္ဒိယဝန်ကြီးချုပ်အတွက်က အမေရိကန်သမ္မတ တယောက် လာလည်တယ်ပေါ့။ တခမ်းတနား ကြိုဆိုပွဲတွေကို နှစ်ခြိုက်တဲ့ အမေရိကန် သမ္မတ တယောက် အတွက်ကလည်း ကမ္ဘာမှာ လူဦးရေအများဆုံး နိုင်ငံတခုက သူ့ကို လှိုက်လှိုက်လှဲလဲှ ကြိုဆိုကြလိမ့်မယ်ဆိုတဲ့ ပြောစရာတခု ရသွားတာပေါ့။”

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက တက္ကဆက်စ်ပြည်နယ်၊ ဟူစတန်မြို့မှာလုပ်တဲ့ အမေရိကန်မှာနေထိုင်သူ အိန္ဒိယနိုင်ငံသားတွေရဲ့ “Howdy Modi” ဆိုတဲ့ပွဲကို သမ္မတ Trump တက်ခဲ့ပါတယ်။

ဝန်ကြီးချုပ် Modi ကလည်း အပြန်အလှန်အားဖြင့် သူ့ဇာတိ Ahmedabad ပြည်နယ်က ကမ္ဘာ့အကြီးဆုံး ခရစ်ကက်ကစားကွင်းကြီးထဲမှာ “Namaste Trump” ဆိုတဲ့ပွဲကို လုပ်ပေးခဲ့ပါတယ်။

ဒီတော့လည်း သူ့ကို လူအများအပြားနဲ့ ကြိုဆိုမယ်လို့ သမ္မတ Trump ပြောနေတာ လွန်ပုံမရပါဘူး။

“လေဆိပ်နဲ့ ကြိုဆိုတဲ့နေရာကြားမှာ လူ ၇ သန်း လာကြမယ်လို့ သူ ကျနော့်ကို ပြောပါတယ်။”

ကက်ရှ်မီးယားအရေး အိန္ဒိယနဲ့ ပါကစ္စတန်ကြား အငြင်းပွားနေတဲ့အပေါ် ကြားဝင်စေ့စပ်ပေးမယ်လို့ ပြီးခဲ့တဲ့နှစ်မှာ သမ္မတ Trump က ကမ်းလှမ်းခဲ့တာကို ပါကစ္စတန်က ကြိုဆိုပေမယ့် အိန္ဒိယက လက်မခံခဲ့ပါဘူး။ ဒီကိစ္စ အခုပြန်ပါလာမှာ အိန္ဒိယတာဝန်ရှိသူတွေ စိတ်ပူနေကြပါတယ်။

အာဖဂန်နစ္စတန်က တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ အမေရိကန်က ကြိုးပမ်းနေတဲ့ ကိစ္စဟာလည်း နောက်ထပ် ရှုပ်ထွေးနိုင်ခြေ ကိစ္စတခု ဖြစ်တယ်လို့ လေ့လာသူ Aparna Pande က ပြောပါတယ်။

“တာလီဘန်တွေကို အာဏာပြန်ယူခွင့် ပေးတာမျိုးက အိန္ဒိယအတွက် ဘဝင်မကျစရာ၊ စိတ်မချမ်းမြေ့စရာ ကိစ္စတခုပါ။ ပါကစ္စတန်အနေနဲ့ အာဖဂန်နစ္စတန်ကို နောက်ဘက်ကနေ ပြန်ဝင်ခွင့် ရသွားနိုင်ခြေနဲ့ အမေရိကန်နဲ့ တာလီဘန် သဘောတူညီချက်ကနေ ပါကစ္စတန် ပြန်ဝင်ခွင့်ရသွားစေမှာကို အိန္ဒိယက စိုးရိမ်ပါတယ်။”

အခုခရီးစဉ်ဟာ အမေရိကန်သမ္မတ လေးဦးမြောက်ဆက်တိုက် အိန္ဒိယခရီးစဉ် ဖြစ်တာနဲ့အမျှ မဟာမိတ် ပါကစ္စတန်နိုင်ငံအစား အိန္ဒိယနဲ့ ပိုနီးစပ်လာတဲ့ အမေရိကန်မူဝါဒ အပြောင်းအလဲ ဆက်ရှိနေတာကို ပြနေပါတယ်။ သမ္မတ Trump အိန္ဒိယခရီးစဉ် အဆုံးသတ်ပြီးတဲ့နောက် သမ္မတဦးဝင်းမြင့်ဟာလည်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ အိန္ဒိယနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

---------------------------

(Unicode)


















ကန်သမ္မတ အိန္ဒိယခရီးစဉ်ကနေ ဘာမျှော်လင့်နိုင်
please wait

No media source currently available

0:00 0:04:10 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG