အမေရိကန် တရားရုံးချုပ် တရားသူကြီးအဖြစ်ခန့်အပ်ဖို့ အမည်စာရင်းတင်သွင်းခံထားရသူ Brett Kavanaugh ဟာ လိင်ပိုင်း မတော်မတရားလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲထားတဲ့အမျိုးသမီးကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က လှောင်ပြောင်ပြောဆိုတဲ့အပေါ် သူ့ရဲ့ ရီပတ်ဘလီကန်ပါတီက အဓိကကျတဲ့ အထက်လွှတ်တော်အမတ်တွေကိုယ်တိုင် ဝေဖန်ပြောဆိုကြပါတယ်။
တရားသူကြီး Brett Kavanaugh အပေါ် စွပ်စွဲချက်တွေကို FBI က စုံစမ်းစစ်ဆေးနေတာပါ။ မစ္စတာ Kavanaugh ကိုယ်တိုင်က တော့ သူဟာ အထက်တန်းနဲ့ ကောလိပ်ကျောင်းသားဘဝက အမျိုးသမီးတွေကို မတော်တရော် ပြုမူ ဆက်ဆံခဲ့တယ် ဒါမှမဟုတ် လိင်ပိုင်း မတော်မတရားလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းထားပါတယ်။
သမ္မတရဲ့ပြောဆိုချက်တွေဟာ “လုံးဝကို သင့်လျော်မှုမရှိသလို ကျမအမြင်အရ လက်ခံနိုင်ဖွယ်လည်း မရှိပါဘူး”
မိန်းပြည်နယ်၊ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Susan Collins က သမ္မတထရမ့်ပ်ပြောတဲ့အပေါ် တုန့်ပြန်တာမှာ “သူ့ရဲ့ပြောစကားတွေဟာ လုံးဝကို မှားယွင်းနေပါတယ်” လို့ လွှတ်တော်အဆောက်အဦးမှာ သတင်းထောက်တွေကို ပြောပါ တယ်။ အထက်လွှတ်တော်အမတ် Susan Collins ဟာ တရားသူကြီး Kavanugh ကိုအတည်ပြုခန့်အပ်ရေး ထောက်ခံမဲ ပေး မလား ကန့်ကွက်မလားဆိုတာ အတိအကျမပြောသေးတဲ့ ရီပတ်ဘလီကန်အမတ် နှစ်ယောက်ထဲက တယောက်ပါ။ Alaska ပြည်နယ်၊ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Lisa Murkowski ကလည်း သမ္မတရဲ့ပြောဆိုချက်တွေဟာ “လုံးဝကို သင့်လျော်မှုမရှိသလို ကျမအမြင်အရ လက်ခံနိုင်ဖွယ်လည်း မရှိပါဘူး” လို့ပြောပါတယ်။
အိမ်ဖြူတော်ပြောခွင့်ရ Sarah Huckabee Sanders ကတော့ သမ္မတထရမ့်ပ်ဟာ အချက်အလက်ကို ဖော်ပြပြောဆိုတာသာ ဖြစ်ပြီး သူအမည်စာရင်းတင်သွင်းထားသူအပေါ် စိတ်ချယုံကြည်မှု ရှိဆဲပဲလို့ ပြောပါတယ်။