ဥရောပနိုင်ငံတွေက သေနတ်ကိုင်ဆောင်မှုဆိုင်ရာ တင်းကြပ်တဲ့ကန့်သတ်ချက်တွေအပေါ် အမေရိကန်သမ္မတ Donald Trump ကဝေဖန်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ၂၀၁၅ ခုနှစ်တုန်းက အကြမ်းဖက် တိုက်ခိုက်မှုခံရစဉ်အတွင်း ဝန်ထမ်းတွေ ပြည်သူတွေမှာ သေနတ်တွေရှိခဲ့မယ်ဆိုရင် အခြေအနေက တမျိုးပြောင်းသွားနိုင်တယ်လို့ အမေရိကန် ရိုင်ဖယ်အသင်း (NRA) နှစ်ပတ်လည်ညီလာခံမှာ သမ္မတ Trump က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ပါရီမှာ အကြမ်းဖက်ဝါဒီတွေရဲ့ တိုက်ခိုက်မှုကြောင့် အဲဒီတုန်းက ၁၃၀ ကျော် သေဆုံးခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာဆိုရင်လဲ သေနတ်ကိုင်ဆောင်ခွင့် တင်းကြပ်ထားတဲ့အတွက် ဓါးထိုးမှုတွေဆိုးဆိုးဝါးဝါးဖြစ်နေတယ်လို့ ဆိုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံ ဒုတိယ ပြင်ဆင်ချက်အတိုင်း သေနတ်ကိုင်ဆောင်နိုင်တဲ့ အခွင့်အရေးကို ကာကွယ်သွားမယ်လို့လည်း သမ္မတက သူ့ရဲ့ မိန့်ခွန်းမှာ ကတိပြုသွားခဲ့ပါတယ်။
လူတွေအများအပြားသေဆုံးရတဲ့ ပြစ်ခတ်မှု ၁၀၀% နီးပါးကို ကြည့်ရင် သေနတ်ကိုင်ဆောင်ခွင့် မပြုတဲ့နေရာဖြစ်တယ်လို့ ဆိုပြီး အမေရိကန် ကျောင်းတွေမှာ ဆရာ ဆရာမတွေကို သေနတ်တပ်ဆင်ပေးဖို့ကိုလည်း သမ္မတ Trump ကထပ်မံ တိုက်တွန်းခဲ့ပါတယ်။ Florida ပြည်နယ် Parkland ကအထက်တန်းကျောင်းမှာ February လက ပစ်ခတ်မှုဖြစ်ခဲ့ပြီးထဲကဆိုရင် NRA မှာ သမ္မတ Trump ပထမဆုံး မိန့်ခွန်းပြောကြားတာလည်း ဖြစ်ပါတယ်။
သေနတ်သမားတယောက် ကျောင်းထဲဝင်ပစ်ခတ်မှုအတွင်း ကျောင်းသားကျောင်းသူတွေအပါအဝင် ၁၇ ယောက်သေဆုံးခဲ့ပြီးနောက် အမေရိကန်တဝန်းက ကျောင်းသူ ကျောင်းသားတွေက သေနတ်ထိန်းချုပ်ရေးအတွက် အကြီးအကျယ် ဆန္ဒပြခဲ့ကြတာပါ။ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ဖို့အတွက် သမ္မတက တစုံတရာ မပြောပေမဲ့ ကျောင်းတွေမှာ အသေအချာလေ့ကျင့်ထားတဲ့ လုံခြုံရေးတွေ၊ လက်နက်ကိုင်ထားတဲ့ ဆရာ ဆရာမတွေကို ထားဖို့ ထပ်ပြီး ပြောကြားခဲ့ပါတယ်။ Texas ပြည်နယ် Dallas မြို့မှာ စနေနေ့အထိပြုလုပ်နေတဲ့ NRA နှစ်ပတ်လည်ညီလာခံကို NRA အဖွဲ့ဝင်ပေါင်း ၇ သိန်းကျော် လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။