ရာသီဥတုဆိုင်ရာ ပဲရစ်သဘောတူညီချက်ကနေထွက်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သမ္မတ Donald Trump ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ သဘောထား မတိုက်ဆိုင်ကြောင်း လုပ်ဖော်ကိုင်ဖက်တွေကို ပြောဆိုခဲ့ပြီးနောက် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် ယာယီသံအမတ်ကြီး David Rank ရာထူးက နုတ်ထွက်သွားပါတယ်။
သံရုံးဝန်ထမ်းတွေနဲ့ မနေ့တုန်းက တွေ့ဆုံဆွေးနွေးပွဲ အတွင်းမှာပဲ ရာထူးကထွက်ဖို့ ကြေညာလိုက်တာလို့လည်း နီးစပ်သူ အသိုင်းအဝန်းက ပြောပါတယ်။ ရာထူးက နုတ်ထွက်မယ့် ကြေညာချက်ဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုပြောဆိုခဲ့ပေမဲ့ အကြောင်းရင်း အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။
ရာထူးက နုတ်ထွက်သွားတဲ့ ယာယီသံအမတ်ကြီးဟာ တရုတ်နိုင်ငံဆိုင်ရာ သံရုံးမှာ ဒုတိယအကြီးအကဲတဦးအဖြစ် ၂၀၁၆ ဇန်နဝါရီလ ကတည်းက တာဝန်ယူခဲ့ပြီး၊ သမ္မတ Trump က သံအမတ်ကြီးသစ်အဖြစ် ရွေးချယ်ထားတဲ့ Iowa ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Terry Branstad ဒီလနှောင်းပိုင်း တရားဝန် တာဝန်မယူခင်အချိန်အထိ သံရုံးယာယီတာဝန်ခံအဖြစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ၂၇ နှစ်ကြာ လုပ်ကိုင်ခဲ့တဲ့ ယာယီသံအမတ်ကြီး Rank ဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ အာဖဂနစ္စတန်နိုင်ငံ အမေရိကန်သံရုံးမှာ နိုင်ငံရေးရာ အတိုင်ပင်ခံ အရာရှိအဖြစ်နဲ့လည်း တာဝန်ယူခဲ့ဖူးပါတယ်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း သမ္မတ Trump နဲ့ လူသိရှင်ကြား သဘောထား ကွဲလွဲတဲ့ သံအမတ်ကြီးတွေထဲမှာ ဒါဟာ ဒုတိယမြောက်လည်း ဖြစ်ပါတယ်။ Twitter အင်တာနက် လူမှုကွန်ယက်ကနေ သမ္မတ Trump ဝေဖန်ခဲ့တဲ့ လန်ဒန်မြို့တော်ဝန် Sadiq Khan ကို ပြီးခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ တုံ့ုပြန်ဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးယာယီတာဝန်ခံ Lewis Lukens က လူသိရှင်ကြား ချီးကျုးခဲ့တာ ဖြစ်ပါတယ်။