သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာ့ဒ်တပ်ဖွဲ့တွေ ဆီးရီးယားအစိုးရနဲ့ပေါင်းပြီး တူရကီထိုးစစ်ကို ခုခံ


တူရကီထိုးစစ်ကို ခုခံရန်ပြင်ဆင်နေသည့် ကာ့ဒ်တပ်ဖွဲ့ဝင်အချို့။ (အောက်တိုဘာ ၁၀၊ ၂၀၁၉)
တူရကီထိုးစစ်ကို ခုခံရန်ပြင်ဆင်နေသည့် ကာ့ဒ်တပ်ဖွဲ့ဝင်အချို့။ (အောက်တိုဘာ ၁၀၊ ၂၀၁၉)

ဆီးရီးယား ကာ့ဒ်တွေကို တူရကီစစ်တပ်က ကျူးကျော်တိုက်ခိုက်မယ့်အရေးကို ကူညီ တွန်းလှန်နိုင်ဖို့အတွက် တူရကီ နယ်စပ်တလျှောက်မှာ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေ ချထားမယ့်အကြောင်း ကာ့ဒ်တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းကနေ အမေရိကန်တပ်ဖွဲ့တွေ အားလုံးနီးပါး ရုပ်သိမ်းခဲ့ပြီးနောက် ကာ့ဒ်တွေအပေါ် တူရကီဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု ၄ ရက်မြောက်နေ့မှာ ဆီးရီးယားရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ ရုရှား၊ ဆီးရီးယားအစိုးရနဲ့ ကာ့ဒ်လက်နက်ကိုင်အဖွဲ့တွေကြား အထူးသဘောတူညီချက်တရပ် ထွက်ပေါ်လာတာပါ။

တူရကီနိုင်ငံတွင်းက ခွဲထွက်ရေးသမားတွေနဲ့ တန်းတူပဲ ကာ့ဒ်လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့တွေကိုလည်း အကြမ်းဖက်ဝါဒစွဲ အဖွဲ့တွေအဖြစ် တူရကီဘက်က သဘောထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၄ ရက်တာ ကာလအတွင်းမှာပဲ လူပေါင်းထောင်ချီ ထွက်ပြေးခဲ့ရပြီး အရပ်သား ၆၀ သေဆုံးတယ်လို့လည်း စောင့်ကြည့်သူတွေက ပြောပါတယ်။ ဆီးရီးယားရဲ့ အချုပ်အခြာအာဏာနဲ့ နယ်စပ်တွေကို ကာကွယ်ရမယ့် တာဝန်ရှိတဲ့ ဆီးရီးယားအစိုးရနဲ့ ဒီတိုက်ခိုက်မှုကို တားဆီးပိတ်ပင်နိုင်ရေး သဘောတူညီချက် ရရှိခဲ့ကြောင်း၊ ဆီးရီးယား စစ်တပ်က ဆီးရီးယား-တူရကီ နယ်စပ်တလျှောက်ကို ဝင်ရောက်တပ်စွဲမှာဖြစ်ကြောင်း ကာ့ဒ်လက်နက်ကိုင်အဖွဲ့တွေရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဆီးရီးယားတပ်ဖွဲ့တွေက တနင်္ဂနွေနေ့ကစလို့ နယ်စပ်တလျှောက် စတင်တပ်ချမှာဖြစ်ပြီး ၂ ရက်အတွင်း တပ်တွေ အပြည့်အဝ ချထားမယ်လို့လည်း ကာ့ဒ်လက်နက်ကိုင် အဖွဲ့တွေက ပြောပါတယ်။

တူရကီရဲ့ ရန်စမှုကို တားဆီးဖို့အတွက် ဆီးရီးယားစစ်တပ်က တပ်တွေ စေလွှတ်နေတယ်လို့ အစိုးရ သတင်းအေဂျင်စီက ဖော်ပြပြီးနောက် မကြာခင်မှာပဲ ကာ့ဒ် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

------------------------------

(Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG