သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗွီအိုအေ သတင်းထောက်ရဲ့ ရခိုင်ခရီးစဉ်နောက်ဆုံးနေ့


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု သတင်းစာရှင်းလင်း ( U Nyi Pu )
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု သတင်းစာရှင်းလင်း ( U Nyi Pu )

ပဋိပက္ခတွေရှိနေတဲ့ ရခိုင်မြောက်ပိုင်းအခြေအနေနဲ့ပတ်သက်လို့ Kofi Anan ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို ၁၀၀ ရာခိုင်နှုန်းအကောင်အထည်ဖော်ဖို့ ခက်ခဲပေမယ့်၊ လက်ရှိအားဖြင့် ၅၀ ရာခိုင်နှုံးလောက်တော့ အကောင်အထည်ဖော်နေပြီလို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေကို သတင်းယူဖို့ သွားရောက်နေကြတဲ့ ပြည်ပသတင်းစာနယ်ဇင်းအဖွဲ့ရဲ့ နောက်ဆုံးရက်ခရီးစဉ်မှာ ရခိုင်ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောခဲ့တာပါ။ ဒီခရီးစဉ်မှာ ပါသွားတဲ့ ဗွီအိုအေဖွဲ့သား ဒေါ်ခင်မျိုးသက်ကို ကိုသားညွန့်ဦးက ခရီးစဉ်နဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး။ ။ ဒေါ်ခင်မျိုးသက်တို့ဒီနေ့ ရခိုင်ပြည်နယ်ခရီးစဉ်ရဲ့ နောက်ဆုံးနေ့ပေါ့နော်။ ဒီရခိုင်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်ပြီးတော့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပေးတယ်လို့ သိရပါတယ်ခင်ဗျ။ အဓိက သူတို့ပြောချင်တဲ့အကြောင်းအရာ ပေးချင်တဲ့ Message က သတင်းစာရှင်းလင်းပွဲမှာ ဘာကိုပြောချင်တာလဲခင်ဗျ။

ဒေါ်ခင်မျိုးသက်။ ။သူတို့က ဒီရခိုင်အစိုးရအဖွဲ့ကနေပြီးတော့ပေါ့နော် ဒေသတွင်းမှာ မတည်ငြိမ်တဲ့အတွက်ကြောင့် တည်ငြိမ်အောင်မနည်းကြိုးစားနေရပါတယ်ဆိုတာကို ပြောချင်ပါတယ်။ အခု ကုလသမဂ္ဂ ရခိုင်အကြံပေးအဖွဲ့ထဲမှာပါတဲ့ ကိုဖီအာနန်ရဲ့အကြံပေးချက်က ဘယ်အတိုင်းအတာအထိ အကောင်အထည်ဖော်ပြီးသလဲဆိုတာ မေးကြပါတယ်။ မေးတဲ့အခါမှာ ၁၀၀ ရာခိုင်နှုန်း ရဖို့ခက်ခဲပါတယ်တဲ့၊ ဖြစ်နိုင်ဖို့ ခက်ခဲပါတယ်။ ၅၀ ရာခိုင်နှုန်းဝန်းကျင်လောက်ကတော့ အကောင်အထည်ဖော်နိုင်ပါပြီတဲ့။ ကျန်းမာရေး၊ ပညာရေးတွေကို တတ်နိုင်သမျှဆောင်ရွက်နေပါတယ်လို့ ပြောပါတယ်။

ကိုသားညွန့်ဦး။ ။ ၁၀၀ ရာခိုင်နှုန်းအကောင်အထည်ဖော်ဖို့ခက်တယ်ဆိုတာကို ဘာကြောင့် သူတို့အကြောင်းပြသေးသလဲ။

ဒေါ်ခင်မျိုးသက်။ ။နယ်မြေမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းမှုတွေလုပ်နေရတယ်။ တိုးချင်သလောက် ရှေ့တိုးမသွားတဲ့အကြောင်းအရာတွေရှိတယ်လို့ပြောပါတယ်။

ကိုသားညွန့်ဦး။ ။ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအရ စစ်ဆင်ရေးတွေဆောင်ရွက်တဲ့အခါမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်။ တချို့ လူ့အခွင့်အရေးအဖွဲ့တွေက Genocide လူမျိုးတုံးသတ်ဖြတ်မှုတွေရှိတယ်ဆိုတဲ့အထိ စွပ်စွဲမှုတွေရှိပါတယ်။ ဒီအပေါ်မှာရော ဝန်ကြီးချုပ်အနေနဲ့ ဘာပြောသလဲခင်ဗျ။

ဒေါ်ခင်မျိုးသက်။ ။လှုမူဝန်ကြီးကနေပြီးတော့ ပြန်ဖြေပါတယ် ၊ ဥပဒေစိုးမိုးမှုနဲ့ ဖွံ့ဖြိုးမှုကို ဦးစားပေးပြီးလုပ်နေတယ်ပေါ့နော်။ နောက်ပြီးတော့ လုံခြုံရေးအတွက် ဘက်မလိုက်ပဲ လုပ်တာပေါ့နော်။ တန်းတူအကာအကွယ်ပေးတယ်၊ ဘယ်မှ ဘက်မလိုက်ဘူး။ Genocide လုပ်တာမရှိပါဘူး။ လက်နက်တွေပါသွားတာ ဒေသအတွင်း ကျန်နေသေးတဲ့အတွက် အန္တရာယ်ရှိနေသေးတယ်ပေါ့နော် အဲဒီတော့ စစ်ဆင်ရေးနဲ့ ဝင်ပြီးဒါတွေကို ရှင်းလင်းနေရတယ်။ ဒါ ၂ ဖက်လုံး ထိခိုက်နိုင်တဲ့အတွက်ကြောင့် သေချာလုပ်နေရတာပါတဲ့ ဒါ လူမျိုးတုံးသတ်ဖြတ်မှု မဟုတ်ပါဘူး။

ကိုသားညွန့်ဦး။ ။အရင်တုန်းက သတင်းထောက်တွေသွားတုန်းက လေ့လာကြတဲ့အခါမှာ အထူးသဖြင့် ဒေသခံ မွတ်စလင်တွေဘက်က သူ့တို့အပေါ်လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားလိင်ဆက်ဆံခံရတဲ့ အမျိုးသမီးတွေက ပြောတာဆိုတာတွေ ရှိပါတယ်။ ဒီတခေါက်မှာရော ဘယ်လိုတွေ့ရသလဲ။

ဒေါ်ခင်မျိုးသက်။ ။သူတို့က သတင်းကို လွတ်လွတ်လပ်လပ်သွားယူပါဆိုပြီးတော့ သူတို့က ရွာတွေထိပ်၊ အဝေးမှာပဲနေခဲ့ပါတယ်။ ကိုယ်ကြိုက်တာမေးကြပါဆိုပြီးတော့ သွားတဲ့အခါမှာ အုပ်စုလိုက်လာပြီးတော့ ပြောကြပါတယ်။ မနေ့ကဆိုရင် သွားခဲ့တာ ဒီမောင်တောမြောက်ဘက်မှာ ကျားခေါင်းတောင်နေရာကိုသွားခဲ့ပါတယ်။ အဲဒီနေရာမှာဆိုရင် တပ်ရင်းမှူးတယောက်ကို သေနတ်နဲ့ ချောင်းပစ်လို့ သေသွားတယ်။ သေသွားတဲ့အခါ စစ်ဆင်ရေးတွေလုပ်တယ်၊ အဲလိုလုပ်တဲ့အခါမှာ အမျိုးသမီးတယောက်က ထွက်ပြေးတဲ့ သူ့အဖေကို ဖမ်းတယ် မီးရှို့တယ်ပေါ့နော် ၊ မြေမြုပ်ထားတယ် ဒါမျိုးတွေ။ တချို့ကလည်း သူ့သားကိုဖမ်းထားတယ် အခုအထိ ပြန်မလွှတ်သေးဘူးပေါ့နော်။ နောက်ရွာမှာ အဖမ်းခံရတဲ့သူတွေ များနေပြီပေါ့နော် အဲဒါတွေလာပြောကြတာတွေရှိတယ်။ နောက်ပြီး အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့အမျိုးသမီးတွေကိုလည်း တွေ့ခဲ့ရပါတယ်။ သူတို့က အဓမ္မပြုကျင့်ခံရတယ်ဆိုတာတွေပြောပါတယ်။ ကိုယ်ကလည်း တိုက်ရိုက်မေးလို့မရတဲ့အခါကျတော့ ဘာသာပြန်နဲ့ တဆင့်မေးရတော့ ၊ တွေ့ခွင့်တော့ရပါတယ် အကုန်လုံးပေါ့နော် ၊ လွတ်လွတ်လပ်လပ်လည်း ကြည့်ခွင့်ရပါတယ်။

ကိုသားညွန့်ဦး။ ။ခုနက လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအရ စော်ကားခံရတယ် ဒီလိုကိစ္စမျိုးတွေကို တလောတုန်းကဆိုရင် နိုင်ငံတော်အတိုင်ပင်ခံရုံးကရော သူတို့ကိုတိုင်ပါ၊ တိုင်ရင် အရေးယူမယ်လို့ ပြောထားတာရှိတယ်။ သူတို့ကရော မတိုင်ကြဘူးလား။

ဒေါ်ခင်မျိုးသက်။ ။Rape case ရှိတာကို တိုင်တဲ့လူလည်းရှိတယ်။ မတိုင်တဲ့လူတွေလည်း ရှိတယ်။ သတင်းထောက်တွေကတဆင့် သတင်းပေးရင်းနဲ့ သိသွားပြီးတော့ အာဏာပိုင်တွေက လာပြီးစစ်ဆေးတာတွေရှိတယ်။ မိန်းကလေးအနေနဲ့ တိုင်ဖို့ဆိုတာကလည်း သူတို့က ပညာလည်းမတတ်ကြပါဘူး။ အသိပညာကြွယ်ဝတဲ့ပုံမပေါ်ဘူး။ ဘေးက ရွာထဲက တတ်သိနားလည်တဲ့ သူတွေက ဒါလုပ် ဆိုပြီးတော့ လုပ်နေတဲ့ပုံမျိုးတွေ တွေ့ရပါတယ်။

ကိုသားညွန့်ဦး။ ။အစိုးရက နောက်ဆုံး သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါမှာရော သူတို့အနေနဲ့ နယ်မြေဒေသနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိ သူတို့ နိုင်နိုင်နင်းနင်းလုပ်နိုင်ပြီလဲ။ ဘယ်လောက်အထိ လုံခြုံရေးအရ ဆောင်ရွက်နိုင်ပြီလဲ။

ဒေါ်ခင်မျိုးသက်။ ။ဝန်ကြီးဦးညီပုက ပြောပါတယ် ဒေသအတွင်းမှာ သူတို့ အတတ်နိုင်ဆုံး လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို တွဲပြီးလုပ်ပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ လုံခြုံတဲ့အထိ စောင့်ရင် ဖွံ့ဖြိုးတိုးတက်ရေးက မရှိပါဘူးတဲ့။ ဒါကြောင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွဲပြီးလုပ်ပါတယ်တဲ့။ လုပ်တဲ့အခါမှာ စောစောကလိုပေ့ါနော် လုပ်နေရင်းနဲ့မှ ၊ ပစ်ခတ်တယ် လူတွေကို ကြောက်အောင် ခြိမ်းခြောက်တာတွေ တွေ့နေရပါတယ်တဲ့။ အဲဒါတွေကို ဖြေရှင်းနေရတာနဲ့ ရှေ့မတိုးနိုင်ဖြစ်နေတယ် ဒီလုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ။ ဆိုတော့ အခုသူတို့ ရအောင်ကြိုးစားပြီးရှင်းနေပါတယ်တဲ့ ၊ ရှင်းတဲ့အခါမှာ ပြဿနာက ငွေကြေးပြဿနာပေါ့နော် ရခိုင်ပြည်နယ်အစိုးရမှာ ငွေမရှိလို့ ပြည်နယ်အစိုးရမှာ ဗဟိုကနေပဲ အဲဒီက ထောက်ပံ့မှုတွေနဲ့ပဲ သူတို့ ကြိုးစားပြီးလုပ်နေပါတယ် လို့ပြောပါတယ်။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့ ဒေါ်ခင်မျိုးသက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။

ရခိုင်ခရီးစဉ်မှာ ပါသွားတဲ့ ဗွီအိုအေဖွဲ့သား ဒေါ်ခင်မျိုးသက်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG