(Zawgyi/Unicode)
အာရပ် နှစ်နိုင်ငံဖြစ်တဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နဲ့ ဘာရိန်းနိုင်ငံတို့နဲ့ အစ္စရေးလ် နိုင်ငံ ပုံမှန် သံတမန် ဆက်ဆံရေး ထူထောင်တဲ့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ရှင်အဖြစ် အင်္ဂါနေ့က လက်ခံ ကျင်းပပေး ခဲ့ပါတယ်။
“သမိုင်းရေစီးကြောင်းကို ပြောင်းလဲပစ်ဖို့ ကျွန်တော်တို့အားလုံး ဒီနေ့ဒီနေရာမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဆယ်စုနှစ် အတော်ကြာ ပဋိပက္ခတွေနဲ့ သဘောထားကွဲပြားမှုတွေ ကြုံတွေ့ရပြီးတဲ့နောက်မှာ သစ်လွင်တဲ့ အရှေ့အလယ်ပိုင်းဒေသရဲ့ အာရုဏ်ဦးကို မှတ်တမ်း တင်နိုင်ခဲ့ပါပြီ။ ဒါဟာ ဒီ ခေါင်းဆောင် ၃ ဦးရဲ့ ရဲစွမ်းသတ္တိကြောင့်ပဲ ဖြစ်ပါတယ်။ အရင်က ဒီလို သဘောတူညီချက်မျိုး ၂ ခုပဲရဖူးတာ ဖြစ်ပေမဲ့ အခုတော့ နောက်ထပ် သဘောတူညီချက်တွေ လာပါလိမ့်ဦးမယ်။” လို့ သမ္မတ ထရမ့်က ပြောပါတယ်။
သမ္မတ ထရမ့်ရဲ့ ရှေ့မှောက်မှာ အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu ၊ UAE နိုင်ငံခြားရေး ဝန်ကြီး Abdullah bin Zayed နဲ့ ဘာရိန်း နိုင်ငံခြားရေး ဝန်ကြီး Abdullatif bin Rashid al Zayani တို့ အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ “Abraham Accords” လို့ခေါ်တဲ့ သံတမန် ဆက်ဆံရေး ထူထောင်တဲ့ သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့အားလုံး သမ္မတ ထရမ့်နဲ့အတူ ပူးတွဲ ကြေညာ ချက်တစ်စောင်ကိုလည်း လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။
အစ္စရေလ် ဝန်ကြီးချုပ် Netanyahu ကတော့ အစ္စရေးလ်ရဲ့ ပစ္စုပ္ပန် မိတ်ဆွေနိုင်ငံတွေနဲ့ အနာဂတ်ကာလ မိတ်ဆွေ နိုင်ငံတွေအားလုံးကို ငြိမ်းချမ်းရေး ဆိုတဲ့ စကားနဲ့ နှုတ်ခွန်းဆက်ပါတယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။
အခုလိုသံတမန် ဆက်ဆံရေး ထူထောင်ဖို့ ဩဂုတ်လ ၁၃ ရက်နေ့က အစ္စရေးလ်နဲ့ UAE တို့အကြား ကနဦး သဘောတူညီခဲ့တာ ဖြစ် ပြီး ပြီးခဲ့တဲ့ သောကြာနေ့ကမှ ဘာရိန်းနိုင်ငံကလည်း အစ္စရေးလ်နိုင်ငံကို တရားဝင် အသိအမှတ်ပြုမှာ ဖြစ်တယ်လို့ ကြေညာခဲ့တာ ဖြစ် ပါတယ်။
အစ္စရေးလ်၊ပါလက်စတိုင်း ၂ နိုင်ငံ တည်ရှိရေး မူဝါဒနဲ့ အစ္စရေးလ်နဲ့ဒွန်တွဲပြီး ပါလက်စတိုင်းနိုင်ငံ ထူထောင်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်တွေကို အစ္စရေးလ်နဲ့ တရားဝင် ဆက်ဆံရေး ထူထောင်ရာမှာ ကြိုတင်သတ်မှတ်ချက်တွေ အဖြစ် ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေက ကာလ ကြာရှည် ဆုပ်ကိုင်ထားခဲ့တာ ဖြစ်ပါတယ်။
ပါလက်စတိုင်း ဝန်ကြီးချုပ် Mohammad Shtayyeh ကတော့ Abraham Accords ကို လက်မခံဘဲ ပြစ်တင် ရှုတ်ချ လိုက်ပြီး အာရပ်နိုင်ငံတွေရဲ့ အမှောင်နေ့တစ်နေ့လို့ ခေါ်ဆိုလိုက်ပါတယ်။
UAE နဲ့ ရရှိတဲ့ အခု သဘောတူညီချက်အရ အစ္စရေးလ်တို့က အနောက်ဘက်ကမ်း အစိတ်အပိုင်းတစ်ချို့ကို အစ္စရေးနိုင်ငံထဲ သွတ်သင်း သိမ်းယူနေတာကို ရပ်ဆိုင်းဖို့ အစ္စရေးလ် ဝန်ကြီချုပ် Netanyahu က သဘောတူညီခဲ့ပါတယ်။
အခုလို ဝါရှင်တန် ဒီစီမြို့တော်မှာ အာရပ် နှစ်နိုင်ငံနဲ့ အစ္စရေးလ်တို့အကြား ပုံမှန်ဆက်ဆံရေး ထူထောင်ဖို့ လက်မှတ်ရေးထိုးနေချိန်မှာ ပဲ ဂါဇာ ကမ်းမြှောင်ဒေသကနေ ပါလက်စတိုင်း ဟားမားစ် အဖွဲ့က ပစ်လွှတ်တဲ့ ရော့ကက် ဒုံးကျည် နှစ်စင်း အစ္စရေးလ် ဘက် ကျရောက် ပေါက်ကွဲလို့ လူ နှစ်ဦး ဒဏ်ရာ ရရှိသွားတယ်လို့ AFP သတင်းက ပြောပါတယ်။ ဒုံးကျည် နှစ်စင်းအနက် တစ်စင်းကို အစ္စရေးလ်တို့က Iron Dome လို့ ခေါ်တဲ့ ဒုံးခွင်းဒုံးနဲ့ ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ် ။
..............
(Unicode)