သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူအေအီးမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတချို့ လေယာဉ်အခက်အခဲ ရင်ဆိုင်နေရ


ကပ်ရောဂါကြောင့် ပြည်ပနိုင်ငံတွေမှာ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်မယ့် MAI လေကြောင်းလိုင်းက လေယာဉ်တစီး။ (ဓာတ်ပုံ - ကိုငြိမ်းချမ်းဖေ့စ်ဘွတ်ခ်)
ကပ်ရောဂါကြောင့် ပြည်ပနိုင်ငံတွေမှာ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်မယ့် MAI လေကြောင်းလိုင်းက လေယာဉ်တစီး။ (ဓာတ်ပုံ - ကိုငြိမ်းချမ်းဖေ့စ်ဘွတ်ခ်)

(Zawgyi / Unicode)

ယူအေအီးနိုင်ငံကနေ မြန်မာကို ပြန်လာမယ့်သူတွေအတွက် လေယာဉ်ခရီးစဉ်တွေမှာ သူတို့လိုက်ပါခွင့်ရဖို့ အခက်အခဲတွေ ရင်ဆိုင်နေရကြောင်း ယူအေအီးမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတချို့က ဗွီအိုအေကို ပြောပါတယ်။

COVID-19 ကပ်ရောဂါကြောင့် တရားဝင်လုပ်ကိုင်နေတဲ့ အလုပ်တွေ ပြုတ်ကုန်ပြီး ယူအေအီးနိုင်ငံမှာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ရှိနေပါတယ်။ သူတို့အနေနဲ့ အမိမြေကို အမြန်ပြန်နိုင်ရေး မျှော်လင့်နေကြတဲ့အကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ကမ္ဘာ့ကပ်ဘေးရောဂါကြောင့် ပြည်ပနိုင်ငံတွေမှာ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာအစိုးရက MAI ကယ်ဆယ်ရေးလေယာဉ်နဲ့ အသုတ်လိုက်ခွဲပြီး ခေါ်ဆောင်နေတာဖြစ်ပါတယ်။ ယူအေအီးရောက် မြန်မာတွေအတွက် စက်တင်ဘာလ ၁၉ ရက်နေ့မှာ လာရောက်ခေါ်ယူမယ့် လေယာဉ်မှာ လိုက်ပါမယ့်သူတွေထဲ ပါဝင်သင့်သူတွေ မပါဘဲ ဖြစ်နေပြီး နီးစပ်သူတွေ၊ ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်ထားသူတွေကိုပဲ စီစဉ်သူတွေက ရွေးချယ်သွားတဲ့အတွက် နစ်နာမှုတွေ ရှိနေတယ်လို့ ယူအေအီးနိုင်ငံမှာ ပိတ်မိနေတဲ့ အမည်မဖော်လိုသူ အမျိုးသမီးက အခုလို ဗွီအိုအေကို ပြောပြပါတယ်။

“သူတို့နဲ့ Attached ဖြစ်တဲ့လူတွေ၊ Personal Request လုပ်ထားတဲ့သူတွေကို သူတို့က ရွေးပြီးတော့ ခေါ်သွားတယ်။ Agency ကနေပြီးတော့ လက်မှတ်ဝယ်လို့ ရပါပြီဆိုပြီး အဲဒီအတွက်လည်း ညီမတို့မှာ အထောက်အထားတွေ ရှိပါတယ်။ သူတို့တွေ ဘယ်သူတွေကို ဆက်သွယ်ထားတယ်၊ ဘယ်သူတွေကို ရွေးပြီး ခေါ်သွားတယ်ဆိုတာ ညီမတို့မှာရှိတယ်။ အဲဒီလူတွေက အထူးသဖြင့်တော့ ကုမ္ပဏီက ထောက်ပံ့ထားတဲ့လူတွေ၊ Redundant ထိထားရင်တောင်မှ အဲဒီလူတွေက နေနိုင်၊ စားနိုင်၊ ကျန်းမာရေးကောင်းတဲ့လူတွေကို ရွေးခေါ်သွားတာပါ။ ဒီမှာကျန်ခဲ့တဲ့ ကလေးအမေတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ Medical Condition သမားတွေ၊ အသက်ကြီးရွယ်အိုတွေကို သူတို့က ဘာမှမစဉ်းစားဘဲ ဒီလိုမျိုး သူတို့ Personally အရ ရွေးပြီးခေါ်သွားတဲ့အတွက် ကျမတို့က အရမ်းကို အခက်အခဲဖြစ်နေတာပေါ့။”

မေး - အဲဒီမှာ ကျန်ခဲ့တဲ့သူတွေကျတော့ရော ဘယ်လိုဒုက္ခတွေ ရင်ဆိုင်နေရပါသလဲ။

ဖြေ - “တချို့ဆိုရင် ညီမတို့သိသလောက် လေယာဉ်လက်မှတ်ဖိုး ၃၀၀၀ လောက်ပဲ ဖယ်ထားပြီးတော့ ဘာမှ စားဖို့ပိုက်ဆံလည်းမရှိဘူး၊ နေဖို့ပိုက်ဆံလည်း မရှိဘူး။ သူများတွေအိမ်မှာ နေနေရတယ်၊ စားနေရတယ်။ ဒီ လေယာဉ်လက်မှတ်ဖိုးလေးကိုပဲ ကိုင်ပြီး သူတို့မှာ စောင့်နေရတာ။ ဒါပေမယ့် အဲလိုလူတွေ မပါသွားဘူး။ ညီမတို့က တကယ် ဒုက္ခရောက်နေတဲ့ အဲဒီလိုလူတွေကို ဦးစားပေးပြီး ခေါ်သွားစေချင်တာပေါ့။”

ယူအေအီးနိုင်ငံမှာ မြန်မာသံရုံးမရှိတဲ့အတွက် ဆော်ဒီနိုင်ငံမှာရှိနေတဲ့ မြန်မာသံရုံးကိုပဲ ဆက်သွယ်နေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ယူအေအီးရောက် မြန်မာနိုင်ငံသားတွေအတွက် သံရုံးနဲ့ တိုက်ရိုက်ဆက်သွယ်ရာမှာ အခက်အခဲ ရှိနေတယ်လို့ အဲဒီ အမည်မဖော်လိုတဲ့ အမျိုးသမီးက ပြောပါတယ်။ ဒါ့အပြင် လေယာဉ်စီစဉ်ရေးကိစ္စမှာ မြန်မာသံရုံးက ညွှန်ကြားချက်တွေနဲ့ နောက်ဆုံး သတင်းအချက်အလက်တွေကို လူအများသိအောင် ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးစေလိုကြောင်းလည်း သူက အခုလို ပြောပါတယ်။

“အဲတော့ ညီမတို့ သိချင်တာက သံရုံးက ညီမတို့ကို တာဝန်ယူပြီး လုပ်ပေးမှာလား၊ Travel Agency က တာဝန်ယူပြီး လုပ်ပေးမှာလား၊ ညီမတို့တွေက ဘယ်သူ့ကို ဆက်သွယ်ရမှာလဲ။ သံရုံးကိုပြောရင် သံရုံးက Travel Agency ကို ဆက်သွယ်ပါ၊ Travel Agency ကိုပြောရင် သံရုံးကို ဆက်သွယ်ပါဆိုတော့ ညီမတို့က ဒီမှာ သံရုံးက မရှိတဲ့အတွက် ဆော်ဒီကိုရောက်ဖို့က အရမ်းကိုခက်ပါတယ်။ အဲတော့ ညီမတို့ကို ဘယ်လိုမျိုး ကယ်ဆယ်ရေး လေယာဉ်လေးများ လုပ်ပေးနိုင်မလဲ ညီမတို့က သိချင်ပါတယ်။”

ဆော်ဒီအာရေဗျနိုင်ငံမှာရှိနေတဲ့ မြန်မာသံရုံးကို ကူညီဆောင်ရွက်ပေးနေတဲ့ Myanmar Family ယူအေအီးရောက် မြန်မာမိတ်ဆွေများ ဆုံစည်းရာအဖွဲ့ ခေါင်းဆောင် ကိုဟန်ကို သံရုံးအပါအဝင် စီစဉ်သူတွေဘက်က ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ မေးကြည့်ပါတယ်။

ကိုဟန် - “သံရုံးဘက်က ဘယ်လိုအခက်အခဲ ရှိနေလဲဆိုတော့ မြန်မာပြည်ကလည်း ကျနော်တို့ကို လူဦးရေ အကန့်အသတ်နဲ့ ဝင်ခွင့်ပြုတယ်၊ ဝင်ချင်တဲ့ရက်မှာ ဝင်ချင်တိုင်း ဝင်လို့ရတာ မဟုတ်ဘူး။ အဲတော့ သံရုံးက နိုင်ငံခြားရေး ဝန်ကြီးဌာနက လျှောက်ထားရမယ်။ အဲဒီ လျှောက်ထားတဲ့ လူဦးရေ ပမာဏအတိုင်း ဝင်လို့ရမယ်။ အဲဒီလူဦးရေ ပမာဏထဲမှာမှ တခြားနိုင်ငံတွေမှာ ရှိနေတဲ့ ဗမာတွေပေါ့၊ အဲဒါတွေကို မျှခေါ်ရမယ်ဆိုတော့ ယူအေအီးမှာပါတဲ့ ရာခိုင်နှုန်း နည်းလာတဲ့သဘောပါ။ ယူအေအီးမှာပါတဲ့ ရာခိုင်နှုန်း နည်းလာတယ် ဆိုပေမယ့် ခုလောလောဆယ် လေယာဉ်တွေမှာ အဓိက ရာခိုင်နှုန်း အများဆုံးက ယူအေအီးက ပါနေသေးတယ်။ ဥပမာ ၃၀ ဆိုရင် Land Base ဒီမှာ ဒုက္ခရောက်နေတဲ့သူ ၃၀၊ တခြား သင်္ဘောသားတွေ ဘာတွေ ဒီမှာ လေယာဉ်ရှိတယ် ဆိုတဲ့အပေါ်မှာ လာပြီး ချထားခဲ့တာတွေရှိတယ်။ အဲဒါတွေကနေ ၃၀ လောက် ပါတာလည်း ရှိတယ်ဆိုတော့ အဲတော့ ၁၉ ရက်နေ့ လေယာဉ်မှာဆိုရင် အခုအချိန်ထိ သေချာသလောက် လူ ၆၀ လောက် ပါပါတယ်။”

မအင်ကြင်းနိုင် - မြန်မာနိုင်ငံကို ပြန်ဖို့ စာရင်းပေးထားသူတွေအတွက် လေယာဉ်လက်မှတ် ဝယ်တဲ့နေရာမှာ ဒီလိုအကန့်အသတ်တွေကြောင့် Travel Agency မှာ လုပ်ပိုင်ခွင့် အပြည့်ရှိနေသလားဆိုတဲ့ မေးခွန်းတွေ ရှိနေပါတယ်။ ဒါကရော ဟုတ်ပါလားရှင့်။

ကိုဟန် - “ပထမဆုံး အနေနဲ့ Travel Agency နဲ့ ကျနော်တို့ဆီနဲ့ ဘယ်သူ့ကိုထည့်မယ်၊ ဘယ်သူ့ကို မထည့်ဘူးဆိုတာ သူ့မှာ လုံးဝ Authority မရှိပါဘူး။ ကျနော်တို့ပေးတဲ့ လူစာရင်းအပေါ်မှာပဲ သူတို့ ထည့်ရတာပါ။ သံရုံးကပေးတဲ့ လူစာရင်း၊ ကျနော်က သံရုံးကိုပေးတဲ့ လူစာရင်း၊ အဲဒီအပေါ်မှာပဲ သူ ထည့်ရတာဖြစ်ပါတယ်။ သူ့မှာ အဲဒီလို ဘယ်သူ့ကိုထည့်မယ်၊ ဘယ်သူ့ကို မထည့်ဘူး၊ အဲဒီ Authority မရှိပါဘူး။”

မအင်ကြင်းနိုင် - အဲတော့ အခုကျန်နေတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ ကလေးငယ်တွေရှိနေတဲ့ မိသားစုတွေ၊ အသက်အရွယ်ကြီးသူတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ပြန်နိုင်ရေး ဦးစားပေး စီစဉ်တာမျိုးရှိလား။

ကိုဟန် - “လောလောဆယ် ၁၉ ရက်နေ့ရယ် ၂၁ ရက်နေ့ရယ် စီစဉ်ထားတဲ့ဟာက အကုန်လုံး လူအယောက် ၂၀၀ ကျော် စာရင်းတင်ထားတဲ့အထဲက အကုန်လုံးက ဦးစားပေးတွေချည်းပါပဲ။ အဲဒီဦးစားပေးထဲမှာပဲ ဟိုလူက အရင်ပြန်ရတယ်၊ ဒီလူက ကျန်ခဲ့တယ်။ အဲဒီလိုဖြစ်နေတဲ့ ပြဿနာတွေတော့ ရှိတာပေါ့။ ကျော်ပြီးပါသွားတဲ့ ဂဏန်းတွေလည်း ရှိတယ်ဆိုတာ ကျနော် Aware မဖြစ်လိုက်မိဘူး။ သက်ဆိုင်ရာ သက်ဆိုင်ရာ ဆက်သွယ်မှုတွေနဲ့ ထုံးစံအတိုင်း ဖြစ်တဲ့အခါကြတော့ ဟိုသံရုံးကနေ ဆက်တယ်၊ ဒီဌာနကနေ ဆက်လာတယ်၊ အဲဒီလို နံပါတ်ကျော်ပြီးတော့ ကျန်ခဲ့တဲ့လူတွေထဲမှာ ပါသွားတဲ့လူတွေ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ပေးထားတဲ့ ၃၀ ထဲက ပါသွားတာ မဟုတ်ပါဘူး။”

မအင်ကြင်းနိုင် - ကျန်ခဲ့တဲ့သူတွေအတွက် လေယာဉ်က ဘယ်တော့လောက် ဖြစ်နိုင်မလဲရှင့်။

ကိုဟန် - “အောက်တိုဘာ ဒုတိယအပတ်လောက်ကို မှန်းထားပါတယ်။ ကျနော်တို့ ထပ်လျှောက်ထားပါတယ်။ ရမရ ရက်စွဲ ကျိန်းသေသိဖို့ မရှိသေးဘူးပေါ့။ တကယ်လို့ ရက်စွဲ ကျိန်းသေ ရှိလာတဲ့အခါကြတော့ ကျေနာ်တို့ အဲဒီလူတွေကို ပြောပါမယ်။ ၅၀ ကျော် ဘယ်အချိန်ပြန်နိုင်မလဲ ဆိုပြီးတော့။ အဲဒီ ၅၀ ကျော် ပြန်နိုင်ဖို့ ကျနော် စစီစဉ်ခဲ့တာ၊ ကျနော့်မှာ တာဝန်ရှိပါတယ်။ ကျနော် ကြိုးစားနေပါတယ်။”

မြန်မာအစိုးရကတော့ ပြည်ပနိုင်ငံတွေမှာ အခက်အခဲ ကြုံတွေ့နေရတဲ့ နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်နေရာမှာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ သက်ဆိုင်ရာ နိုင်ငံတွေမှာ ရှိနေတဲ့ မြန်မာသံရုံးတွေနဲ့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------------

(Unicode)



















XS
SM
MD
LG