သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပေါင်စတာလင် ၈၇ သန်း ရိုဟင်ဂျာအတွက် ဗြိတိန် ထပ်လှူမည်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ဒုက္ခသည်စခန်းတခုအတွင်းမှ ရိုဟင်ဂျာဒုက္ခသည်အချို့။ (ဧပြီ ၂၄၊ ၂၀၁၉)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ဒုက္ခသည်စခန်းတခုအတွင်းမှ ရိုဟင်ဂျာဒုက္ခသည်အချို့။ (ဧပြီ ၂၄၊ ၂၀၁၉)

ဘင်္ဂလားဒေရှ့်နိုင်ငံ ကော့ဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ဗြိတိန်နိုင်ငံက စတာလင်ပေါင် ၈၇ သန်း ထပ်မံပေးအပ်မယ်လို့ တနင်္ဂနွေနေ့မှာပဲ ကြေညာလိုက်ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လ ရိုဟင်ဂျာပဋိပက္ခ စတင်ပြီးနောက်ပိုင်း ဗြိတိန်ရဲ့ ထောက်ပံ့မှုက စတာလင်ပေါင် ၂၂၆ သန်းထိ ရှိသွားပြီ ဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အရေးအတွက် ဗြိတိန်က နောက်ထပ်ရန်ပုံငွေ ထပ်မံပေးအပ်မယ့်အကြောင်း ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Robert Chatterton Dickson နဲ့ ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန အကြီးအကဲ Judith Herbe တို့က တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အခု ထပ်မံထောက်ပံ့မယ့် ရန်ပုံငွေကိုတော့ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သောက်သုံးရေ၊ တကိုယ်ရေသန့်ရှင်းရေး၊ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရသူများကို စောင့်ရှောက်မှုနဲ့ နှစ်သိမ့်ဆွေးနွေးရေး၊ ဘေးဒဏ်ခံရလွယ်သူတွေအတွက် ကာကွယ်ပေးရေးတို့အတွက် အသုံးပြုမှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ ပဋိပက္ခကြောင့် ရိုက်ခတ်ခံရတဲ့ ဒေသခံ အသိုင်းအဝိုင်းတွေရှိရာ ကော့ဇ်ဘဇားခရိုင်တွင်း စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ခံရမှု လျော့ပါးသက်သာရေးအတွက် စတာလင်ပေါင် သန်း ၂၀ ပံ့ပိုးမှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပြည်သူတွေရဲ့ လူသားဆန်မှုနဲ့ ရက်ရောမှုအပေါ်မှာ အထူးပဲ ကျေးဇူးတင်ကြောင်း ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးရတဲ့ ရိုဟင်ဂျာဒုက္ခသည် သိန်းချီရှိနေပြီး ဌာနေပြန်ရေးကလည်း မရေရာသေးပါဘူး။ မြန်မာဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ် မပြုသေးတဲ့အပြင် နိုင်ငံသားဖြစ်ခွင့်ကိုလည်း အာမခံချက် မပေးတာက ရိုဟင်ဂျာတွေ ဌာနေပြန်ရေးအတွက် အဓိက အဟန့်အတားတခု ဖြစ်နေတာပါ။

---------------------------

(Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG