သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းမှုနဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်တယ် (သံအမတ်ကြီး Pete Vowles)


(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ်ကို ပြောင်းဖို့ လွန်ခဲ့တဲ့ ၃၃ နှစ်က တနိုင်ငံလုံး အတိုင်းအတာနဲ့ပြုလုပ်ခဲ့တဲ့ ၈၈၈၈ လှုပ်ရှားမှုမှာ အသက်ပေးသွားရသူတွေကို ဗြိတိန်နိုင်ငံကလည်း အမှတ်ရနေပြီး အဲဒီအချိန်ကလိုပဲ အခုလည်း မြန်မာပြည်သူတွေနဲ့ တသားတည်း ဆက်ရှိနေမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Pete Vowles က ပြောပါတယ်။

ဒီသြဂုတ်လဟာ ၈၈ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ၃၃ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး လူထုလှုပ်ရှားမှုနဲ့ အတူ လွတ်လပ်မှု၊ ဒီမိုကရေစီ လူ့အခွင့်ရေးနဲ့ ပိုတရားမျှတတဲ့ ဘဝကိုရဖို့ အသက်ပေး တိုက်ပွဲဝင်သွားသူတွေကို ဗြိတိန်က မမေ့ကြောင်း၊ ၁၉၈၈ ခုနှစ်တုန်းက မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ခဲ့သလို အခု ၂၀၂၁ ခုနှစ်မှာလည်း ဆက်လက်ရပ်တည်နေတဲ့ အပြင် အာဏာသိမ်းတာနဲ့ အကြမ်းဖက်တာကို အမြဲဆန့်ကျင်ကြောင်းနဲ့ ဒီမိုကရေစီစနစ်နဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို ပြန်ဖေါ်ဆောင်ရမှာ ဖြစ်ကြောင်း ပြောသွားတာပါ။

အခု ၂၀၂၁ မှာလည်း မြန်မာပြည်သူတွေဟာ စစ်တပ်အာဏာထပ်သိမ်းတာနဲ့ နောက်တကြိမ် ထပ်ကြုံနေရကြောင်းနဲ့ စစ်တပ်ရဲ့ ရက်စက်တဲ့ ဖိနှိပ်မှုဒဏ်ခံနေရတဲ့ မြန်မာပြည်သူတွေရဲ့ ရဲရင့်မှုကို ထပ်ပြီးအံ့အားသင့်ခဲ့ရတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ၈၈ အရေးအခင်းမှာ ရန်ကုန်မြို့ နေရာအနှံ့မှာ ဆန္ဒပြပွဲတွေနဲ့အတူ စစ်တပ်က ပစ်ခတ်တာ၊ သေဆုံးဒဏ်ရာရသူတွေကို သယ်ဆောင်သွားတာနဲ့ လူအများအပြား သေဆုံးခဲ့တာ တွေ့ရတယ်လို့ အဲဒီအချိန်က ဗြိတိန်သံအမတ်ဖြစ်သူ Martin Morland ရဲ့ ကိုယ်တွေ့မှတ်တမ်းကိုပါ ရန်ကုန်ဗြိတိန်သံရုံး Facebook စာမျက်နှာမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။

အခုလို ဖြစ်ရပ်အတွက် ကြောက်စရာကောင်းတဲ့ သက်ရောက်မှုကို ချက်ချင်းခံစားရတာမျိုး မဟုတ်ပဲ လာမယ့်နှစ်တွေအတွင်းမှာမှ အရည်ချင်းပြည့် ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ရှေ့နေတွေ မရှိတော့ဘဲ ဖြစ်လာမှ သိနိုင်တာကြောင့် ဒီလိုပုံစံမျိုးနဲ့ ဆက်သွားလို့ မဖြစ်ဖူးဆိုတာကို စစ်တပ်ထဲက တယောက်ယောက်က သိပြီး ပြန်လည်သင့်မြတ်ရေး လုပ်ရမှာ ဖြစ်ကြောင်း သံအမတ် Morland သတိပေးချက်ကိုပါ ဖေါ်ပြထားတာပါ။

စစ်တပ်နဲ့ ရဲတွေရဲ့ ပစ်ခတ်ဖမ်းဆီးမှုတွေရှိနေတဲ့ ကြားကပဲ ရှစ်လေးလုံး ၃၃ နှစ်မြောက် နှစ်ပတ်လည်နေ့အဖြစ်နဲ့ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံတွင်း နေရာ အတော်များများမှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)








XS
SM
MD
LG