သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၂ ဟာ ကလပ်စတာ ဆင့်ကွဲဗုံးတွေကြောင့် အသေအပျောက်အများဆုံးနှစ်


Cluster Bombs
Cluster Bombs

၂၀၀၈ ခုနှစ်ကတည်းကဆိုရင် ၂၀၂၂ ခုနှစ် ဟာ Cluster ဗုံးလို့သိကြတဲ့ ဗုံးအသေးတွေ စုထားတဲ့ ထပ်ဆင့်ပေါက်ကွဲဗုံးကြောင့် ထိခိုက်သေဆုံးသူ အများဆုံးနှစ်ဖြစ်ခဲ့ပြီး ဒီလို ဗုံးအသုံးပြုကြတဲ့နိုင်ငံတွေထဲမှာ မြန်မာလည်း ပါဝင်တယ်လို့ အဲဒီလို ဗုံးတွေပ‌ပျောက်ရေးအတွက်လှုပ်ရှားနေတဲ့ “ထပ်ဆင့်ပေါက်ကွဲ လက်နက်ပစ္စည်းများ ညွန့်ပေါင်းအဖွဲ့” (CMC) က ပြောပါတယ်။

ခံရသူတွေရဲ့ ၉၅ ရာနှုန်းက အရပ်သားတွေဖြစ်ကြပါတယ်လို့ အင်္ဂါနေ့က ထုတ်ပြန်လိုက်တဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ စီအမ်စီအဖွဲ့က ဆိုပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက ကလပ်စ်စတာဗုံးတွေကြောင့် လူပေါင်း ၁,၁၇၂ ယောက် ထိခိုက်သေဆုံးခဲ့ကြရတာပါ။ ၂၀၂၁ ခုနှစ်ကထက် ရှစ်ဆနီးနီးတက်သွားခဲ့တာ ဖြစ်တယ်လို့ အစီရင်ခံစာက ပြောပါတယ်။ အဲဒီလို ထိခိုက်သေဆုံးရသူ ၈၉၀ က ယူကရိန်းကဖြစ်ကြပြီး မြန်မာအပြင် အခြားနိုင်ငံတွေကတော့ ဆီးရီးယား၊ အီရတ်၊ လက်ဘနွန်၊ လာအို၊ အဇာဘိုင်ဂျန် နဲ့ ယီမင်နိုင်ငံတို့ ဖြစ်ကြပါတယ်။

“မြန်မာနိုင်ငံ၏ ထပ်ဆင့်ပေါက်ကွဲဗုံးများထုတ်လုပ်မှုနှင့် အသုံးပြုမှုသည်
အလွန်အမင်းစိုးရိမ်ဖွယ်ရာ ဖြစ်သည်။ အကြောင်းမှာ မည်သူမည်ဝါမခွဲခြားသော အဆိုပါလက်နက်များသည် အဓိကအားဖြင့် အရပ်သားပြည်သူများကို သေဆုံး၊ ထိခိုက်ဒဏ်ရာရစေသောကြောင့်ဖြစ်သည်။ ယင်းတို့ကိုအသုံးပြုမှုအတွက် မည်သည့်အကြောင်းပြချက်မှပေး၍မရနိုင်ပါ” လို့ အဲဒီအဖွဲ့ရဲ့ သုတေသီ ဒေါက်တာ ယေရွှာ မိုဇာပွန် ဆူဝန်က ဒီနှစ် ဇူလိုင် ၂၄ ရက် ကြေညာချက်မှာ ပြောထားပါတယ်။ “နိုင်ငံတကာအစိုးရများအားလုံးက ကမ္ဘာတဝန်း တားမြစ်ထားသော လက်နက်ကို ထိုသို့အသုံးပြုနေခြင်းအား ကန့်ကွက်ရှုတ်ချသင့်သည်” လို့လည်း အဲဒီတုန်းက တိုက်တွန်းထားပါတယ်။

ဒီဗုံးမှာပါတဲ့ဗုံးအသေးလေးတွေဟာ မပေါက်ကွဲဘဲ မြေပြင်မှာ ကျန်နေခဲ့နိုင်တာကြောင့် အရပ်သားတွေ အထူးသဖြင့် ကလေးတွေအတွက် အန္တရာယ်ရှိရတာပါ။ အဲဒီလိုမပေါက်ဘဲ ကျန်နေတဲ့ဗုံးက တောက်တောက်ပပဖြစ်တော့ ကလေးတွေ က ကစားစရာအဖြစ် ကစားကြတာကြောင့်ပေါက်ကွဲပြီး ထိခိုက်သေဆုံးသွားခဲ့ကြတာက ၇၁ ရာနှုန်းရှိတယ်လို့ စီအမ်စီ အစီရင်ခံစာက ဆိုပါတယ်။ ဒီလို မပေါက်ကွဲတဲ့ဗုံးတွေက ပဋိပက္ခပြီးသွားလည်း မြေပြင်မှာအများကြီးကျန်နေနိုင်တာကြောင့် စိုက်ပျိုးဖို့လည်း အလွန်အန္တရာယ်များသလို လူသားချင်းစာနာထောက်ထားရေး အကူအညီပို့ဖို့လည်း မြေမြှုပ်မိုင်းတွေလိုပဲ အန္တရာယ်များလှပါတယ်။ ခုတော့ ဒီလိုဗုံးမျိုးကို ကမ္ဘာမှာ ပိတ်ပင်ဖို့ ၁၂၄ နိုင်ငံ က သဘောတူထားကြပါတယ်။ အမေရိကန်နဲ့ ရုရှားတို့က ဒီလို ဗုံးကို မပိတ်ပင်သေးဘဲ ယူကရိန်း စစ်ပွဲမှာ သုံးနေကြဆဲဖြစ်ပါတယ်။

“ဒီ ဗုံးကို မပိတ်ပင်သေးတဲ့ တိုင်းပြည်တွေ ချက်ချင်း ပိတ်ကြရပါမယ်" လို့ စီအမ်စီ အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး တာမာ ကေဘယ်နစ် Tamar Gabelnick က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG