သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးတိုက်ခိုက်မှု ကုလအကူအညီဝန်ထမ်းတချို့ ထိခိုက်သေဆုံး


UNRWA ကုလစားနပ်ရိက္ခာဖြန့်ဖြူးရေးအေဂျင်စီကို အစ္စရေးတိုက်ခိုက်မှုအပြီး မြင်ရတဲ့ သွေးစွန်းနေတဲ့ အကူအညီပေးရေးရိက္ခာထုတ်တွေနဲ့ ပါလက်စတိုင်း အလုပ်သမားတဦး။ (မတ်လ ၁၃၊ ၂၀၂၄)
UNRWA ကုလစားနပ်ရိက္ခာဖြန့်ဖြူးရေးအေဂျင်စီကို အစ္စရေးတိုက်ခိုက်မှုအပြီး မြင်ရတဲ့ သွေးစွန်းနေတဲ့ အကူအညီပေးရေးရိက္ခာထုတ်တွေနဲ့ ပါလက်စတိုင်း အလုပ်သမားတဦး။ (မတ်လ ၁၃၊ ၂၀၂၄)

အစ္စရေးစစ်တပ်ရဲ့တိုက်ခိုက်မှုအတွင်း ဂါဇာကမ်းမြောင်တောင်ပိုင်းက ကုလသမဂ္ဂရဲ့စားနပ်ရိက္ခာဖြန့်ဖြူးရေးစင်တာတခုက ဝန်ထမ်းတဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်းဒုက္ခသည်တွေကို ကူညီပေးတဲ့ ကုလသမဂ္ဂအေဂျင်စီအကြီးအကဲက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ကုလသမဂ္ဂ စားနပ်ရိက္ခာ ဖြန့်ဖြူးရေးစင်တာကို အစ္စရေးစစ်တပ်က အင်္ဂါနေ့က တိုက်ခိုက်ခဲ့မှု အတွင်း ဝန်ထမ်းတဦးအပြင် အခြားလူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေး တာဝန်ရှိသူတွေကလည်း ပြောပါတယ်။ ကုလသမဂ္ဂကယ်ဆယ်ရေးအေဂျင်စီ UNRWA ရဲ့ ကော်မရှင်နာမင်းကြီး ဖိလစ်ပီ (Philippe Lazzarini) ရဲ့ ထုတ်ပြန်ချက်ထဲမှာ “ဂါဇာကမ်းမြောင်က ကုလသမဂ္ဂ စားနပ်ရိက္ခာဖြန့်ဖြူးတဲ့ အဆောက်အအုံအားလုံးရဲ့တည်နေရာတွေကို ပဋိပက္ခဖြစ်နေကြတဲ့ အစုအဖွဲ့အားလုံးကို နေ့စဥ်အသိပေး အကြောင်းကြားခဲ့တယ်”လို့ ဖော်ပြထားပြီး “အစ္စရေးစစ်တပ်လည်း ဒါကို လက်ခံရရှိထားတယ်” လို့ သူက ဆိုပါတယ်။ “ဒီချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့နဲ့ တာဝန်ခံမှုလိုအပ်ကြောင်း ထပ်မံတောင်းဆိုတယ်" လို့လည်း လာဇာရီနီက ပြောပါတယ်။

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကလည်း ဒီတိုက်ခိုက်မှုက ဂါဇာကမ်းမြောင်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နေ့စဉ်လုပ်ဆောင်နေတဲ့ အခြေအနေတွေအတွက် “နောက်ထပ် ဝမ်းနည်းဖွယ်ရာ တခု” လို့ပြောပါတယ်။

တိုက်ခိုက်မှုက ရာဖာ (Rafah) အရှေ့ပိုင်းက UNRWA ကုလသမဂ္ဂကယ်ဆယ်ရေး ဖြန့်ဖြူးရေးစင်တာကို ထိမှန်ခဲ့တာပါ။ ဒီစင်တာက ဂါဇာမှာ အရေအတွက် နည်းလာနေပြီ ဖြစ်တဲ့ ကျန်နေသေးတဲ့ ကုလသမဂ္ဂစင်တာထဲကတခု ဖြစ်တယ်လို့ လာဇာရီနီက ပြောပါတယ်။ အစ္စရေးစစ်တပ်ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ချက်ခြင်းမှတ်ချက်မပေးသေးပါဘူး‌။ အခု သေဆုံးမှုအပါအဝင် အောက်တိုဘာ ၇ ရက် နောက်ပိုင်းကတည်းက UNRWA ဝန်ထမ်း ၁၆၅ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

စာသင်ကျောင်းတွေနဲ့ ခိုလှုံရေးစခန်းတွေအပါအဝင် ကုလအေဂျင်စီရဲ့ အဆောက်အအုံပေါင်း ၁၅၀ ကျော်လည်း စစ်ပွဲအတွင်းထိမှန်ပျက်စီးခဲ့ရပါတယ်။ စစ်ပွဲအတွင်းမှာ ကုလသမဂ္ဂ အဆောက်အအုံတွေထဲ ခိုလှုံနေကြသူ ၄၀၀ ကျော်လည်း သေဆုံးခဲ့ကြောင်း ပြောပါတယ်။ တဘက်မှာလည်း အစ္စရေးတောင်ပိုင်းမှာ လူ ၁,၂၀၀ လောက်သေဆုံးခဲ့ရတဲ့ အောက်တိုဘာ ၇ ရက် ဟာမတ်စ်ရဲ့တိုက်ခိုက်မှုအတွင်း UNRWA ဝန်ထမ်း ဒါဇင်နဲ့ချီ ပါဝင်ပတ်သက်ခဲ့တယ်လို့ အစ္စရေးဘက်ကစွပ်စွဲထားပြီး ကယ်ဆယ်ရေးအေဂျင်စီကို ဖျက်သိမ်းဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂဘက်ကတော့ စွပ်စွဲခံရသူတွေကို အလုပ်ထုတ်ခဲ့ပြီး အဖွဲ့အစည်းတွင်း စုံစမ်းစစ်ဆေးနေကြောင်း ကြေညာထားပါတယ်။ တပြိုင်တည်းမှာပဲ ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေရဲ့ လေးပုံတပုံ ငတ်မွတ်ခေါင်းပါးမှုဒဏ်ခံနေရကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG