သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Coronavirus ထိန်းချုပ်ရေးလုပ်ဆောင်မှု လိုအပ်ချက်တွေရှိကြောင်း ကုလအတွင်းရေးမှူးချုပ်ပြော


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် သတင်းစာရှင်းလင်း
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် သတင်းစာရှင်းလင်း

(Zawgyi/Unicode)

တရုတ်နိုင်ငံမှာ အဆိုးရွားဆုံး ဖြစ်တဲ့ Coronavirus ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး အတွက် ဘက်ပေါင်းစုံက ဆောင်ရွက်နေပေမယ့် လိုအပ်ချက်တွေ ရှိနေနိုင်တယ်ဆိုတာကို တရုတ်အနေနဲ့ အသိအမှတ်ပြုရမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။

Coronavirus ကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူ အရေအတွက် တနေ့တခြား များလာတဲ့ အချိန်မှာဘဲ ကမ္ဘာ့လုံးဆိုင်ရာ စောင့်ကြည့်မှုတရပ် စတင်နိုင်ဖို့နဲ့ သတင်းအချက်အလက်တွေ အလွန်အကျွံ မဖြစ်ရေးလည်း ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ကြိုးစားနေကြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

Coronavirus ကူးစက်ပျံ့နှံ့မှုကို ကုစားနိုင်ရေး အတွက် တရုတ်ဘက်က ဘက်ပေါင်းစုံ အားထည့်ဆောင်ရွက်နေပေမယ့် လိုအပ်ချက်တွေ ရှိနေနိုင်တယ်ဆိုတာကို အသိအမှတ်ပြုဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ တိုက်တွန်းသွားပါတယ်။

"ဒီကိစ္စဟာဆိုရင် အလွန် ခက်ခဲနက်နဲတဲ့ နည်းလမ်းမျိုးနဲ့ ကြီးထွားလာနေပြီး ကပ်ရောဂါ အခြေအနေမျိုး တခု ဖြစ်နေပါပြီ။ တရုတ်ဘက်ကလည်း ဒီကိစ္စ တုံ့ပြန် ကိုင်တွယ်ရေးမှာ အရင်းအမြစ်တွေ စွမ်းအင်တွေ အစွမ်းကုန် သုံးစွဲဆောင်ရွက်နေတယ်လို့ ကျနော် ယုံကြည်ပါတယ်။ သူတို့ရဲ့ ကြိုးပမ်းချက်ကို ကျနော်တို့ အနေနဲ့ အပြည့်အ၀ အသိမှတ်ပြုပါတယ်။ ဒါပေမယ့်လည်း ဒီလို အခြေအနေမျိုး ပြသနာမျိုးမှာ ဘက်ပေါင်းစုံက ဆောင်ရွက်နေတာတွေလည်း တခါတရံမှာ မလုံလောက်ပါဘူး။ ဒီအချက်ကို အရင်ဆုံး အသိအမှတ်ပြုရမှာက တရုတ်နိုင်ငံ ဖြစ်ပါတယ်။"

လူအချင်းချင်း ကူးစက်မှုဖြစ်တဲ့ Coronavirus အရေးကြောင့် နိုင်ငံတွေ အနေနဲ့ ခရီးသွားလာခွင့် ကန့်သတ်ချက်၊ တရုတ်နိုင်ငံနဲ့ လေကြောင်း ခရီးစဉ် ပျံသန်းမှုတွေ ဆိုင်းငံ့ထားကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ကို သတင်းပို့ထားတဲ့ နိုင်ငံပေါင်း ၂၂ နိုင်ငံ ရှိနေပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကတော့ နိုင်ငံတွေကြား သတင်းအချက်အလက်တွေ ပိုပြီး မျှဝေကြဖို့ တိုက်တွန်းလိုက်ပါတယ်။

"အချက်အလက် မျှဝေမှုပိုင်းမှာ ပိုပြီး တိုးတက်အောင် လက်ငင်း ဆောင်ရွက်ကြရေး အတွက် ကျန်းမာရေး ဝန်ကြီးအားလုံးကို ကျနော်စာရေး ပန်ကြားထားပါတယ်။ အရင်နေ့က ပြောခဲ့သလိုပါဘဲ ဒီ ရောဂါ ပျံ့နှံ့မှုကို တကမ္ဘာလုံးရဲက စည်းလုံး ညီညွတ်မှုအားနဲ့ ဝိုင်းဝန်းဆောင်ရွက်မှ အောင်မြင်မှာ ဖြစ်တဲ့ အတွက် စောင့်ကြည့်ရေး လုပ်ငန်းစဉ်မှာ အားလုံးက ပူးပေါင်း ဆောင်ရွက်ခြင်းနဲ့ စကြရမှာ ဖြစ်ပါတယ်။"

Coronavirus နဲ့ ပတ်သက်ပြီး လူထုကြား စိုးရိမ်မှု မလွန်ကဲစေဖို့လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ဆောင်ရွက်နေတာပါ။ WHO ရဲ့ ကမ္ဘာတလွှား ကူးစက်ရောဂါကြောင့် ထိခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဌာန အကြီးအကဲ ဒေါက်တာ Sylvie Briand က အခုလို ပြောပါတယ်။

"အရင်တုန်းက ကူးစက်ရောဂါ ပျံ့နှံ့မှုတွေမှာ လူတွေ အနေနဲ့ သတင်းအချက်အလက်တွေက မလိုအပ်ဘဲ အလွန်အကျွံများနေတာကို တွေ့ရပါတယ်။ ဒါကြောင့် အခုအခါမှာ ကျမတို့ အနေနဲ့ Google တို့လို တခြား အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပြီး သူတို့ဘက်ကလည်း SOS – အရေးပေါ် သတိပေးချက် အစီအစဉ် တရပ်ကို စတင်လိုက်ပါပြီ။ ဒီလိုလုပ်လိုက်တာကြောင့် Coronavirus နဲ့ ပတ်သက်ပြီး အချက်အလက်တွေကို တနေရာတည်းမှာ ရှာဖွေ ရယူနိုင်ရေး အထောက်အကူ ဖြစ်စေမှာပါ။"

Coronavirus ကူးစက်ပျံ့နှံ့မှုက တရုတ်နိုင်ငံထဲမှာ အဆိုးရွားဆုံး ဖြစ်နေပေမယ့်လည်း တခြား နိုင်ငံ ၉ ခုမှာ လူအချင်းချင်း ကူးစက်ခံရမှုပေါင်း ၂၇ ဦး ရှိနေကြောင်းလည်း WHO က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


....................



(Unicode)










XS
SM
MD
LG