နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီသတင်းပတ်အတွင်း မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံက ခေါင်းဆောင်တွေ ရောက်ရှိပြီး အသီးသီး မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။
ဒီအတွက် နယူးရောက်မြို့မှာ လုံခြုံရေးတွေ အထူးတင်းကြပ်ထားသလို သက်ဆိုင်ရာ နိုင်ငံခေါင်းဆောင်တွေကို ဆန္ဒပြဖို့လည်း အသင့်ပြင်နေကြပါတယ်။ ဒီအထဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးနဲ့ပတ်သက်လို့ ဆန္ဒပြဖို့ ပြင်နေကြတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Daniel Schearf နယူးရောက်က သတင်းပေးပို့ထားတာကို မအင်ကြင်းနိုင်က တင်ပြမှာပါ။
နှစ်စဉ်ကျင်းပနေကြ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အင်္ဂါနေ့က စပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အသီးသီးမိန့်ခွန်းပြောကြားတော့မှာဖြစ်ပါတယ်။
ဒီအတွက်လည်း နယူးရောက် ကုလသမဂ္ဂဌာနချုပ်တဝိုက် လုံခြုံရေးအရ သံဆူကြိုး အကာအရံ အတားအဆီးတွေအပြင် ဂိတ်စစ်ဆေးရေးတွေကို ကုလသမဂ္ဂ လုံခြုံရေး အရာရှိတွေက အထူးကြပ်မတ်ဆောင်ရွက်နေပါတယ်။
အဲဒီနားတဝိုက် လမ်းဘေးဈေးသည်တွေကတော့ နှစ်စဉ်ကျင်းပနေတဲ့ အထွေထွေညီလာခံ အချိန် ရောက်လာလို့ လုံခြုံရေးတင်းကြပ်မှုတွေရှိပေမယ့် သူတို့ရဲ့ စီးပွားရေးကတော့ ပုံမှန်လည်ပတ်နေတယ်လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ လပိုင်းလောက်ကမှ ရောက်လာတဲ့ လမ်းဘေးဈေးသည်တဦးကလည်း
"အရင်ဒီဆိုင်မှာ လုပ်ခဲ့တဲ့သူကလည်း အဲဒီလိုပြောပါတယ်။ ကျနော်က အသစ်ပါ။ အခုလဲ လာဝယ်စားသူတွေ အများကြီးတွေ့နေရပါတယ်။"
မြောက်ကိုရီးယားရဲ့ နျူးကလီးယားခြိမ်းခြောက်မှုအပါအဝင် ကမ္ဘာ့လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဒီနှစ် အထွေထွေညီလာခံမှာ အဓိကဆွေးနွေးဖို့ရှိနေပါတယ်။ ဒါအပြင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်စွပ်စွဲခံရတဲ့ အကြမ်းဖက်ဖိနှိပ်မှုကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ အရေး အထွေထွေညီလာခံမှာ ဆွေးနွေးဖို့ ရှိနေပါတယ်။
မြန်မာနိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဘက်က ရိုဟင်ဂျာတွေအတွက် ဘာတခုမှ ထုတ်ဖေါ်ပြောဆိုခြင်းမရှိခဲ့တဲ့အပေါ်မှာ ပြစ်တင်ဝေဖန်တဲ့ စကားလုံးတွေနဲ့ ပြီးခဲ့တဲ့သောကြာနေ့က ကုလသမဂ္ဂဌာနချုပ် အပြင်ဘက်မှာ ဆန္ဒပြခဲ့ကြပါတယ်။ဆန္ဒပြပွဲ စီစဉ်သူ Mohiuddin Mohamad-Yusof ကတော့
"သူဟာ ကမ္ဘာကိုလိမ်ဖို့ ကြိုးစားနေပါတယ်။ ပြီးတော့ အခုသူရဲ့ ကျင့်ဝတ်သိက္ခာကလည်း ကျဆင်းနေပါတယ်။ ဒါကြောင့် သူကို ကျနော်တို့ ကန့်ကွက်တာပါ။ လမ်းမှားပေါ်ရောက်နေတဲ့ သူ့ကို လမ်းမှန်ပေါ် ကျနော်တို့ ပြန်ရောက်စေချင်ပါတယ်။"
အလားတူ သူတို့အခေါ် ရိုဟင်ဂျာမွတ်စလင်တွေနဲ့ သွေးစည်းညီညွတ်ကြောင်းပြသတဲ့အနေနဲ့ မနေ့ တနင်္ဂနွေနေ့ကလည်း မေရီလန်းပြည်နယ်မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဒီအတောအတွင်း တိုင်းပြည် လုံခြုံရေးအတွက် အလေးပေးဆောင်ရွက်ဖို့ရှိနေတာကြောင့်ဆိုပြီး ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မယ့် အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည်ဘက်က ဖျက်သိမ်းခဲ့ပါတယ်။ သူ့ကိုယ်စား ဒုသမ္မတ ဦးဟင်နီရီဗန်းထီယူ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့တက်ရောက်မှာဖြစ်ပြီး ညီလာခံရဲ့ အစီအစဉ်အရ လာမယ့် စက်တင်ဘာလ ၂၀ ရက် ဗုဒ္ဓဟူးနေ့မှာ ကုလသမဂ္ဂမှာ မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။