သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုးရွားလာတဲ့ မြန်မာနိုင်ငံအခြေအနေ ကုလလူ့အခွင့်အရေး မဟာမင်းကြီး သတိပေး


၇၅နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk (ဒီဇင်ဘာ ၁၁၊ ၂၀၂၃)
၇၅နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk (ဒီဇင်ဘာ ၁၁၊ ၂၀၂၃)

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ပိုဆိုးလာတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကမ္ဘာကြီးက အပြည့်အဝ အာရုံစိုက်မှုမရတာကြောင့် ဆိုးသထက် ဆိုးလာနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဒီကနေ့ပဲ ပြောကြားလိုက်ပါတယ်။

“ကမ္ဘာတစ်ဝှမ်းက အကျပ်အတည်းတွေကို ဘယ်သူမှ မေ့မပစ်ဖို့ အရေးကြီးပါတယ်။ မြန်မာပြည်သူတွေ ဒုက္ခရောက်နေတာ ကြာပါပြီ။ မြန်မာစစ်တပ်က ပြည်သူတွေကို ကာလရှည်ကြာပစ်မှတ်ထား တိုက်လိုက်လာတဲ့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး မြန်မာပြည်သူတွေရဲ့ အခြေအနေက ပိုပြီး ဆိုးဝါးလာပါတယ်” လို့ ဖော်ဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းမှု နှစ်ပတ်လည်နေ့ မတိုင်ခင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ထုတ်ပြန်ချက်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ပြောခဲ့တာပါ။

စစ်ကောင်စီတပ်တွေနဲ့ အတိုက်အခံလက်နက်ကိုင်အဖွဲ့တွေကြားမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အစုလိုက်အပြုံလိုက် အိုးမဲ့အိမ်မဲ့ ဖြစ်နေခဲ့ရပြီး၊ အရပ်သားအသေအပျောက်လည်း များပါတယ်။ ဒါ့အပြင် မြန်မာစစ်ကောင်စီတပ်တွေဟာ စစ်မြေပြင်မှာ တဆင့်ပြီး တဆင့် ဆုတ်ယုတ်မှုတွေနဲ့ ကြုံနေရတဲ့ အတွက် အရပ်သားနဲ့ လက်နက်ကိုင် ခွဲခြားခြင်းမလုပ်နိုင်တော့ဘဲ လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကို ပြင်းပြင်းထန်ထန် ပြုလုပ်လာတယ်လို့လည်း ပြောပါတယ်။

ခိုင်မာတဲ့ သတင်းရင်းမြစ်တွေအရ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီးတော့ လူပေါင်း ၅၅၄ ဦး သေဆုံးခဲ့တာကို အတည်ပြုနိုင်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ်မှာ စစ်တပ်ကြောင့် သေဆုံးရတဲ့ အရပ်သားဦးရေဟာ ၁,၆၀၀ ကျော်အထိ မြင့်တက်လာပြီး အရင်နှစ်ကထက် ၃၀၀ ခန့် တိုးလာခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

ဇန်နဝါရီလ ၂၆ ရက်နေ့အထိဆိုရင် နိုင်ငံရေးအကြောင်းပြချက်နဲ့ လူပေါင်း ၂၆,၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့လည်းပြောပါတယ်။ လူပေါင်း ၁၉,၉၇၃ ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီးတော့ အချို့ကတော့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ခံစားနေရကာ တရားမျှတတဲ့ တရားစီရင်မှု ရဖို့အတွက် မျှော်လင့်ချက်မရှိကြပါဘူးလို့လည်း ဖော်ပြထားပါတယ်။

မြန်မာစစ်ကောင်စီဟာ အရပ်သားတွေကို သူတို့ရဲ့ အတိုက်အခံတွေကို ပံ့ပိုး ကူညီပေးနေတယ်ဆိုတဲ့ ယူဆချက်နဲ့ အရပ်သားတွေကို ပြစ်ဒဏ်ပေးဖို့ တစိုက်မတ်မတ် လုပ်ဆောင်နေကြောင်းနဲ့ အထူးသဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေအရ အကာအကွယ်ပေးရမယ့် ဆေးဘက်ဆိုင်ရာ အဆောက်အဦတွေနဲ့ စာသင်ကျောင်းတွေကို အမြဲတမ်း ပစ်မှတ်ထားနေတယ် လို့လည်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Türk ကပြောထားပါသေးတယ်။

တိုင်းရင်းသား အသိုက်အဝန်းအားလုံးကို ကိုယ်စားပြုတဲ့ မြန်မာ့အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေရဲ့ သတ္တိနဲ့ ခံနိုင်ရည်ရှိမှုကို ချီးကျူးကြောင်း မဟာမင်းကြီး Volker Türk ကပြောထားသလို၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာကြဖို့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ အားလုံးပါဝင်ကြဖို့ကိုလည်း သူက တိုက်တွန်းထားပါသေးတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG