သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ လူသားစာနာမှုအကျပ်အတည်းမကြုံစဖူးဖြစ်နေဟု ကုလသတိပေး


UN ဖွင့်ထားတဲ့ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာ ဒုက္ခသည်စခန်းမှာ အစာရဖို့တန်းစီစောင့်နေကြသူများ (အောက်တိုဘာ ၂၃၊ ၂၀၂၃)
UN ဖွင့်ထားတဲ့ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာ ဒုက္ခသည်စခန်းမှာ အစာရဖို့တန်းစီစောင့်နေကြသူများ (အောက်တိုဘာ ၂၃၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းက မကြုံစဖူး ဆိုးရွားတဲ့ အခြေအနေဆိုက်ရောက်နေပြီလို့ ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။ အစ္စရေး-ဟားမတ်စ် ပဋိပက္ခနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအကြီးအကဲ အန်ထိုနီယို ဂူတာရက်စ်ရဲ့ မှတ်ချက်စကားတွေကြောင့် သူ့ကို ရာထူးကနေ နုတ်ထွက်ဖို့ အစ္စရေးဘက်က တောင်းဆိုမှုတွေ အရှိန်မြှင့်တင်အပြီး တရက်အကြာမှာ အခုလို ကုလသမဂ္ဂက သတိပေးလိုက်တာပါ။

“ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ ဂါဇာမှာ လက်ရှိထောက်ပံ့နေတဲ့ မရှိမဖြစ်လိုအပ်တဲ့ အစားအစာ လက်ကျန်က ၁၂ ရက်စာလောက် ပဲ ရှိတော့တယ်” ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က သတင်းထောက်တွေကို ပြောပါတယ်။ ဂါဇာက စျေးဆိုင်တွေမှာ လက်ကျန် စားနပ်ရိက္ခာကလည်း ငါးရက်စာလောက်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သောက်သုံးရေ အခြေအနေကလည်း ဆိုးရွားနေတယ်ဆိုပါတယ်။

ဂါဇာမှာ အကြီးဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးနေတဲ့ ကုလသမဂ္ဂ ကယ်ဆယ်ရေးနဲ့ အလုပ်အဖွဲ့ UNRWA က ဂါဇာကို လောင်စာဆီ တင်ပို့ခွင့် ချက်ခြင်းခွင့်မပြုခဲ့ရင် သူတို့ရဲ့အလုပ်တွေဟာ ဗုဒ္ဓဟူး ညပိုင်းမှာ ရပ်တန့်ဖို့ ရှိနေတယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က သတင်းထောက်တွေကို ပြောပါတယ်။

လောင်စာဆီ၊ ရေ၊ ဆေးဝါးနဲ့ ၀န်ထမ်းအင်အား ချို့တဲ့မှုကြောင့် ဆေးရုံတွေလည်း ပိတ်ထားရတယ်ဆိုပါတယ်။ လောင်စာဆီကိုလည်း ခွဲတမ်းစနစ်နဲ့ သုံးနေရပြီး အရေးကြီးတဲ့ နေရာတွေမှာပဲ ပေးသုံးထားတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအနေနဲ့ ဂါဇာကမ်းမြောင်ဘက်ခြမ်း အီဂျစ်ရဲ့ ရာဖာနယ်စပ်ကိုဖြတ်ပြီး ဂါဇာကမ်းမြောင်ထဲကို ဝင်ရောက်ဖို့ ရက်အတန်ကြာကတည်းက စောင့်ဆိုင်းနေရတဲ့ လောင်စာဆီလီတာ ၄၀၀,၀၀၀ အဆင်သင့် ရှိနေပေမယ့် ဝင်ခွင့်မရ ဖြစ်နေတာပါ။ ဟားမတ်စ်အဖွဲ့ဟာ လောင်စာအမြောက်အမြားကို သိုလှောင်ထားပြီး စစ်ဘက်ဆိုင်ရာအသုံးပြုနိုင်ဖို့ အခုပို့ဆောင်မှုအသစ်အချို့ကို လမ်းကြောင်းပြောင်းနိုင်ဖို့ စီစဉ်နေတယ်လို့ အစ္စရေးဘက်က စွပ်စွဲပြီး ဒီလောင်စာဆီ ယာဥ်တန်း ဝင်ရောက်ခွင့်ကို လုံခြုံရေးအာမခံချက် မပေးဘဲ နေ,နေတာပါ။

ဂါဇာကမ်းမြောင်မှာ လူဦးရေ ၂.၂ သန်း လောက် နေထိုင်ကြပြီး ဒီထဲက ၁.၄ သန်းကျော်ဟာ အစ္စရေး-ဟားမတ်စ် စစ်ပွဲ စတင်ခဲ့တဲ့ အောက်တိုဘာ ၇ ရက် နောက်ပိုင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားသည်။ နှစ်ပတ်ကြာ နိုင်ငံတကာ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးနောက်မှာ ပြီးခဲ့တဲ့ စနေနေ့ကမှ ရေ၊ အစားအစာနဲ့ ဆေးဝါးပစ္စည်းတချို့ အကန့်အသတ်နဲ့ ဂါဇာကို ဝင်ခွင့်ရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG