သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလစုံစမ်းရေးတွေ့ရှိချက် မပြည်စုံနိုင်ဟု Stimson Center သုတေသီသုံးသပ်


Stimson Center ရဲ့ အရှေ့အာရှရေးရှာ အစီအစဉ်ရဲ့ တွဲဖက် ညွှန်ကြားရေးမှူး၊ တရုတ်ဆိုင်ရာ အစီအစဉ်ရဲ့ ညွှန်ကြားရေးမှူး Yun Sun
Stimson Center ရဲ့ အရှေ့အာရှရေးရှာ အစီအစဉ်ရဲ့ တွဲဖက် ညွှန်ကြားရေးမှူး၊ တရုတ်ဆိုင်ရာ အစီအစဉ်ရဲ့ ညွှန်ကြားရေးမှူး Yun Sun

လူမျိုးတုံးရှင်းလင်းရေး ရည်ရွယ်ချက်နဲ့ ရိုဟင်ဂျာ မူဆလင်တွေကို ရှင်းလင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ စစ်တပ် တာဝန်ရှိသူတွေကို စွဲချက်တင်ဖို့ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့ရဲ့ အစီရင်ခံစာကို မြန်မာ အစိုးရက လက်မခံ ပယ်ချခဲ့ပါတယ်။ မြန်မာနိုင်ငံထဲကို ဝင်ရောက်ခွင့် မရဘဲ ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းပြီး ထုတ်ပြန်လိုက်တဲ့ ကုလ အစီရင်ခံစာက မပြည့်စုံဘူးလို့ အမေရိကန် အခြေစိုက် Stimson Center ရဲ့ အရှေ့အာရှရေးရှာ အစီအစဉ်ရဲ့ တွဲဖက် ညွှန်ကြားရေးမှူး၊ တရုတ်ဆိုင်ရာ အစီအစဉ်ရဲ့ ညွှန်ကြားရေးမှူး Yun Sun က သုံးသပ်ပါတယ်။ CCTV သတင်းတပုဒ်ကို မသိင်္ဂ ီထိုက် ပြန်ပြောပြမှာပါ။

ရခိုင်ပြည်နယ်တွင်းကနေ ရိုဟင်ဂျာ ဒုက္ခသည် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးခဲ့ကြရတာက မြန်မာ စစ်တပ်ရဲ့ အင်အားအလွန်အကျွံသုံး နယ်မြေ ရှင်းလင်းမှုတွေကြောင့်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က ဖွဲ့စည်းတဲ့ မြန်မာ ဆိုင်ရာ အချက်အလက်ရှာ အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ် တာဝန်ရှိသူ ၆ ဦးကို နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးနဲ့ တရားစွဲဆိုနိုင်ဖို့လည်း အစီရင်ခံစာက တိုက်တွန်းပါတယ်။ မြန်မာ အစိုးရဘက်ကတော့ ဒီအစီရင်ခံစာကို ယတိပြတ် ပယ်ချပါတယ်။

အမေရိကန် အခြေစိုက် ပညာရှင် အဖွဲ့ Stimson Center ရဲ့ အရှေ့အာရှရေးရှာ အစီအစဉ်ရဲ့ တွဲဖက် ညွှန်ကြားရေးမှူး၊ တရုတ်ဆိုင်ရာ အစီအစဉ်ရဲ့ ညွှန်ကြားရေးမှူး Yun Sun ကတော့ ကုလ အစီရင်ခံစာ အပေါ် အခုလို သုံးသပ်ပါတယ်။

"အမှန်တရားဆိုတာက နှစ်ဘက်ရဲ့ ကြားမှာဘဲ အမြဲတမ်း ရှိတယ်လို့ ပြောချင်ပါတယ်။ အချက်အလက်ရှာ အဖွဲ့ အနေနဲ့ ရခိုင်ပြည်နယ်ထဲကို ဝင်ရောက်ခွင့် မရခဲ့ပေမယ့် ဘင်္ဂလားဒေရှ့်မှာ လက်ရှိ နေထိုင်နေကြတဲ့ ဒုက္ခသည် ၇ သိန်းနဲ့တော့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ရခိုင်ပြည်နယ်ထဲကို ဝင်ရောက်ခွင့် မရခဲ့တော့ သူတို့ ဘာမှ မသိဘူး ဒါကြောင့် ဒါက မျှတတဲ့ အကဲဖြတ်ချက် မဟုတ်ဘူးလို့ ပြောစရာပါ။ အမှန်တရားက နှစ်ဘက်စလုံးရဲ့ ကြားမှာ ရှိပါတယ်။ ဒါပေမယ့်လည်း ရှုပ်ထွေးတဲ့ ပြည်တွင်း နိုင်ငံရေး အကြောင်းတွေရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီကိစ္စ အပေါ် သူမရဲ့ ရှုမြင်ချက်ကို ပြောဖို့ တွန့်ဆုတ်နေဟန် ရှိပါတယ်။ မြန်မာ လူထုက ဒီလူတွေကို ဘင်္ဂါလီလို့ဘဲ ခေါ်ကြတာကြောင့် သူမ အနေနဲ့ ရိုဟင်ဂျာလို့ သုံးနှုန်း ပြောဆိုဖု့ိတောင် ဝန်လေးနေတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်တပ်နဲ့ အရပ်သား အစိုးရကြားမှာ ပြသနာ ရှိနေပါတယ်။ အမြင် မတူတာတွေ ရှိနေပါတယ်။"

ရိုဟင်ဂျာ ပဋိပက္ခမှာ ရှုထောင့်ပေါင်းစုံက သုံးသပ်နိုင်ဖို့ လိုအပ်တယ်လို့လည်း Stimson Center ရဲ့ အရှေ့အာရှရေးရှာ အစီအစဉ်ရဲ့ တွဲဖက် ညွှန်ကြားရေးမှူး၊ တရုတ်ဆိုင်ရာ အစီအစဉ်ရဲ့ ညွှန်ကြားရေးမှူး Yun Sun က အခုလို ပြောပါတယ်။

ဒါက အပြည့်အ၀ မှန်မှာ မဟုတ်ဘူးလို့ဘဲ ပြောချင်ပါတယ်။ အကြောင်းအရာ အများကြီး ပါဝင်တဲ့ ဒီပဋိပက္ခရဲ့ ရှု့ထောင့် တခုကိုဘဲ အချက်အလက်ရှာ အဖွဲ့ အနေနဲ့ ရွေးပြီး အဓိကထား လုပ်ခဲ့တယ်လို့ ကျမ အနေနဲ့ ယူဆပါတယ်။ မူဝါဒရေးရာ ကျွမ်းကျင် နှံ့စပ်သူတွေ၊ ကောင်းကောင်း နားလည်တဲ့ အရာရှိတွေ လိုအပ်တဲ့ အကြောင်းလည်း သူတို့က ပြောဆိုကြပါတယ်။ သူတို့ အနေနဲ့ တကယ့် ပြသနာကို နားလည်ကြပါတယ်။ နိုင်ငံတွင်းမှာ ရိုဟင်ဂျာတွေ ရှိနေတာကို ပြင်းပြင်းထန်ထန်ကို လက်မခံနိုင်တဲ့မြန်မာ လူထုရဲ့ သဘောထားက နက်နက်ရှိုင်းရှိုင်းကို အမြစ်တွယ်နေတာက ပြသနာပါ။

ဒါက လူမျိုးရေး ခွဲခြားမှုများ ဖြစ်နေပါသလားဆိုတဲ့ မေးခွန်းကိုတော့ Yun Sun က အခုလို တုံ့ပြန်ပါတယ်။

"လူမျိုးရေး အရ ခွဲခြား ဆက်ဆံတာ မဟုတ်ပါဘူး။ ဒါက ကိုးကွယ်ယုံကြည်မှု ပါနေတာပါ။ အချက်အလက်တွေ သမိုင်းဆိုင်ရာတွေလည်း ပါနေပါတယ်။ နောက် တချက်ကတော့ မူဆလင်တွေမှာ မိသားစုတွေက ပိုပြီး ကြီးတယ်၊ ဗုဒ္ဓဘာသာဝင်တွေထက် ကလေးတွေ ပိုပြီးမွေးတယ် ဆိုပြီး မြန်မာ လူထုကြားမှာ ယုံကြည်နေကြတဲ့ အချက်ပါ။ ဒီကိစ္စ အပေါ်မှာလည်း မြန်မာ ပြည်သူတွေက စိုးရိမ်ကြပါတယ်။ ဒါကြောင့်မို့လို့ အချက်အလက်ရှာ အဖွဲ့ အနေနဲ့ ပြသနာ တခုလုံးကို ပုံပေါ်လာအောင် ဘက်ပေါင်းစုံ ပါဝင်အောင် လုပ်ရမယ်လို့ ကျမ ယူဆပါတယ်။"

မြန်မာ အစိုးရဘက်ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုံး၀ လက်သင့်မခံဘူးလို့ ပြောဆိုနေသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တရားစွဲဆိုကြဖို့ တိုက်တွန်းထားတာပါ။ ဒါ့အပြင် ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးရသူတွေ ပြန်လာကြဖို့လည်း ဖိတ်ခေါ်ပါတယ်။ ဒါပေမယ်လို့ ရိုဟင်ဂျာ ဆိုတာကိုတော့ လက်မခံပါဘူး။ ရခိုင်ပြည်နယ်ထဲကို ကိုယ်တိုင် သွားရောက်ခဲ့ကြတဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေကတော့ မြန်မာနိုင်ငံ အခြေအနေဟာ ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်တဲ့ အခင်းအကျင်းမျိုး မရှိသေးဘူးလို့ ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG