သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ သတင်းသမားတွေ အတွက် ထိတ်လန့်စိုးရိမ်ဖွယ် အခြေအနေ ပေါ်ပေါက် (ယူနက်စကို)


စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတခုမြင်ကွင်း။ ၂၄ အောက်တိုဘာ ၂၀၂၁

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာ သမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ (UNESCO) ကပြောလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ သတင်းသမားတွေအပေါ် တိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုတွေကြောင့် မီဒီယာသမားတွေအတွက် စိုးရိမ်ထိတ်လန့်စရာ အခြေအနေတရပ် ပေါ်ပေါက်နေပြီး သတင်းအချက်အလက်တွေ၊ သဘောထားအမြင်၊ အယူအဆတွေကို လွတ်လပ်စွာ ဖြန့်ဝေမှုတွေမှာလည်း အဟန့်အတား ဖြစ်နေကြောင်း UNESCO ကပြောပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရ Farhan Haq က နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သား အစိုးရကို ဖယ်ရှားပြီး စစ်အာဏာသိမ်းခဲ့တဲ့ ၉ လတာ ကာလအတွင်း သတင်းသမား ၁၂၆ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီး ၇ ယောက် အပါအဝင် အနည်းဆုံး ၄၇ ယောက်ဟာ အခုအချိန်အထိ ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာ ၉ ခု ရဲ့ လုပ်ငန်းလိုင်စင်တွေ ရုပ်သိမ်းခံခဲ့ရပြီး လွတ်လပ်တဲ့ သတင်းမီဒီယာ ၂၀ ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရသလို အရေးယူခံခဲ့ရတဲ့ မီဒီယာလုပ်ငန်း ၄ ခုနဲ့ စီးနင်းရှာဖွေခံရတဲ့ သတင်းဌာန ၉ ခု ရှိတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ မီဒီယာလုပ်ငန်းတွေအပေါ် စစ်အာဏာပိုင်တွေက စနစ်တကျ ထိန်းချုပ်ကန့်သတ်တဲ့ မူဝါဒတွေနဲ့ လုပ်ရပ်တွေအပေါ် စိုးရိမ်ကြောင်းနဲ့ သတင်းသမားတွေ အပါအဝင် မတရား ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့လည်း သတင်းသမားတွေအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ကင်းလွတ်ခွင့် ရနေတာတွေ ပပျောက်ရေးနေ့မှာ UNESCO က တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


(Unicode)







XS
SM
MD
LG