သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ လူဦးရေ ထက်ဝက်နီးပါး ဆင်းရဲမွဲတေသွားနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး


(Zawgyi/ Unicode)

ကိုရိုနာ ကပ်ဘေးရောဂါဘေးသင့် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ထပ်ဖြစ်တာကြောင့် လာမယ့် နှစ်သစ် အစပိုင်းမှာ နိုင်ငံ လူဦးရေရဲ့ ထက်ဝက် ဆင်းရဲမွဲတေခဲ့တဲ့ ၂၀၀၅ ခုနှစ်က အခြေအနေမျိုး အထိ ဆုတ်ယုတ် ကျဆင်းသွားနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP က သတိပေးထားပါတယ်။

တချိန်တည်းမှာဘဲ လာမယ့် လပိုင်းတွေ အတွင်း မြန်မာ လူထုရဲ့ ၃ သန်းခွဲကျော် စားနပ်ရိက္ခာ ပြတ်လပ်သွားနိုင်တဲ့ အရေးကြောင့် ရိက္ခာ ထောက်ပံ့နိုင်ရေး ကုလသမဂ္ဂဘက်က ပြင်ဆင်နေကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

အရင်က ဖွယ်ဖွယ်ရာရာ ဖြစ်ဖို့ အဓိက ထားပြီး ဈေးဝယ်ခဲ့သူတွေ အခုတော့ ဝင်ငွေ ထွက်ငွေကို ပိုပြီး ထည့်တွက်လာရပါပြီ။ ရန်ကုန်မြို့လို နေရာက နယ်တွေလို မဟုတ်ပါဘူး။ နယ်က လူတွေကတော့ ခြံထဲမှာ စားပင် သီးပင် စိုက်ထားလို့ နေ့စဉ် ဈေးထွက်ဝယ်လို့ လိုကောင်းမှ လိုမှာ ဖြစ်ပေမယ့်လည်း ရန်ကုန်မှာကတော့ နေ့စဉ် စားရေး သောက်ရေး အတွက် မဖြစ် မနေ ဈေးဝယ်ကြရပါတယ်။ ဈေးဝယ်တာမှာလည်း ငွေစက္ကူ သုံးရတာပါ။

အလုပ်အကိုင် အခွင့်အလမ်း အတွက် ရွှေ့ပြောင်းအခြေချသူတွေ အတွက်တော့ လက်ရှိ ရန်ကုန်မှာ မလွယ်ကူလှပါဘူး။ တနေ့ရတဲ့ ဝင်ငွေကို အဲဒီနေ့ အတွက် စားရေး သောက်ရေး ဖြေရှင်းရသူတွေ အတွက် ပိုပြီး အခက်တွေ့နေပါပြီ။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Marcus Prior က လက်ရှိ မြန်မာနိုင်ငံ အခြေအနေကို UN News နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ရှင်းပြထားပါတယ်။

“ ပြီးခဲ့တဲ့ လပိုင်းတွေ ကတည်းက တချို့ အတွက်တော့ အလွန်အမင်း အခက်အခဲ ဖြစ်နေပါပြီ။ အထူးသဖြင့် ရန်ကုန်ကနေ ရွှေ့ပြောင်းနေကြတာတွေကလည်း တကယ် ဖြစ်နေတာပါ။ ဒါ့အပြင်ကို လက်ရှိမှာ ပိတ်ထားတဲ့ စက်ရုံတွေလည်း အများအပြား ရှိနေပါတယ်။ လည်ပတ်တဲ့ စက်ရုံတွေကလည်း တကယ်ကို အဖြစ်လောက်ဘဲ လည်ပတ်နေတာပါ။ ဆိပ်ကမ်းကလည်း သိပ်ပြီး မလည်ပတ်တော့ပါဘူး။ ဘဏ်စနစ်လည်း အပြည့်အ၀ မလည်ပတ်တော့ပါဘူး။ ငွေထုတ်ရုံ အတွက်ကိုဘဲ လူတန်းရှည်ကြီးနဲ့ စောင့်ဆိုင်းနေရတာဟာဆိုရင် ဖြစ်ရိုးဖြစ်စဉ် ကိစ္စ မဟုတ်ပါဘူး။ လူတွေ အနေနဲ့ မြန်မာနိုင်ငံတွင်း ငွေလွှဲတာမှာရော ပြည်ပနေ ပြည်တွင်းကို ငွေလွှဲဖို့ အတွက်ကိုပါ သက်ရောက် ရိုက်ခတ်မှု ရှိနေပါတယ်။ ”

စစ်အာဏာသိမ်းမှုကြောင့် မတည်မငြိမ် ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ လာမယ့် ၆ လအတွင်း လူပေါင်း ၃ သန်းခွဲကျော် စားနပ်ရိက္ခာမလုံလောက်မှု စိုးရိမ်ထိတ်လန့်ဖွယ် အဆင့်ကို ရောက်လာနိုင်ပြီး ဒီလူတွေ အတွက် ကူညီ ထောက်ပံ့လာရနိုင်ခြေ ရှိကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ WFP က သတိပေးထားပါတယ်။ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Marcus Prior က

“ ဒီအကြောင်းအရာတွေ အားလုံးပေါင်းလိုက်တော့ တကယ်ကို စိုးရိမ်စရာ အခြေအနေ တရပ် ဖြစ်ပါတယ်။ လာမယ့် ၆ လ အတွင်းမှာ လူပေါင်း ၃ ဒသမ ၄ သန်းလောက်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုမှာ စိုးရိမ်ဖွယ်ရာ အခြေအနေထိ ရောက်ရှိလာနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ WFP က ခန့်မှန်းထားပြီး WFP ထံကနေ ဒါမှမဟုတ်လည်း တခြား အဖွဲ့အစည်းတွေ ထံကနေ ထောက်ပံ့မှုတွေ လိုအပ်လာနိုင်ခြေ ရှိနေပါတယ်။ ”

မြန်မာနိုင်ငံတွင်း ဘဏ်စနစ် ကောင်းကောင်း မလည်ပတ်နိုင်တော့တဲ့ ကိစ္စကိုလည်း ကုလသမဂ္ဂက အထူး စိုးရိမ်မှုနဲ့ ကြိုတင် ပြင်ဆင်ထားပါတယ်လို့ သူက ပြောပါတယ်။

“ ဖြစ်လာနိုင်တဲ့ အရေးပေါ် အခြေအနေ အတွက် ကျနော်တို့က စားနပ်ရိက္ခာ သိုလှောင်ရေး ဆောင်ရွက်ထားပါပြီ။ တကယ်လို့ ဈေးကွက်မှာ စားနပ်ရိက္ခာ မလုံလောက်တဲ့ အခြေအနေမျိုးမှာ - နောက် ကျနော်တို့ရဲ့ အဓိက စိုးရိမ်တဲ့ အချက်ကတော့ လက်ရှိ ဘဏ်စနစ်မှာ ပြသနာ ဖြစ်နေတာကြောင့် အကူအညီ လိုအပ်နေသူတွေထံ ငွေ လွှဲမပေးနိုင်တဲ့ အခြေအနေမျိုးမှာ ငွေကြေး ထောက်ပံ့မှု အစား ရိက္ခာကို အစားထိုး ထောက်ပံ့နိုင်ဖို့ ဖြစ်ပါတယ်။”

၂၀၂၀ ပြည့်နှစ်မှာ ကိုရိုနာကပ်ဘေးဒဏ် သင့်တာကြောင့် မြန်မာ့ စီးပွားရေး အထိနာခဲ့တာမှာ အခု ၂၀၂၁ ခုနှစ် အတွင်း စစ်အာဏာသိမ်းမှုကြောင့် လူမှု စီးပွား အပေါ် ထပ်ပြီး ထိခိုက်ရပြီး အခြေအနေတွေ မပြောင်းလဲဘူးဆိုရင်တော့ ၂၀၂၂ ခုနှစ် အစပိုင်း အရောက်မှာ မြန်မာ လူဦးရေရဲ့ ထက်ဝက်နီးပါး ဆင်းရဲမွဲတေတဲ့ အဆင့်ကို ရောက်သွားနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP ရဲ့ သုံးသပ်ချက် အစီရင်ခံစာက ဖော်ပြပါတယ်။ UNDP ရဲ့ အာရှ ပစိဖိတ် ဒေသတွင်းဆိုင်ရာ ညွှန်ကြားရေးမှူး Kanni Wignaraja က အခုလို ပြောပါတယ်။

“ အခြေမခိုင်၊ မပြည့်စုံပေမယ့်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကာလ ဖြစ်တာကြောင့် ပြီးခဲ့တဲ့ ၁၀ နှစ်တာ အတွင်းမှာ ဒီဖွံ့ဖြိုးတိုးတက်မှုတွေ အားလုံး ရခဲ့တာဟာ အံ့သြစရာ မဟုတ်ပါဘူး။ ကမ္ဘာ့ ကပ်ဘေးရောဂါဒဏ်သင့်တာမှာ နိုင်ငံရေး ပြသနာရဲ့ ရိုက်ခတ်မှုပါ ထပ်ပေါင်းလာတဲ့ အတွက် လ အနည်းငယ် အတွင်းမှာ ဒီ တိုးတက်မှုတွေ ပျောက်ပျက် သွားနိုင်ပြီး မြန်မာ လူဦးရေ ထက်ဝက်လောက် ဆင်းရဲမွဲတေခဲ့တဲ့ ၂၀၀၅ ခုနှစ်က အခြေအနေကို ပြန်လည် ဦးတည်နေပါတယ်။ ”

စစ်အာဏာသိမ်းပြီးနောက် ဖြစ်လာရတဲ့ အကြမ်းဖက်မှုတွေကြောင့် ရာနဲ့ချီ သေကြေ ဒဏ်ရာရ၊ ထောင်ချီ ဖမ်းဆီးခံရတဲ့ အပြင် စီးပွားရေး ပြိုလဲမယ့် အန္တရာယ်နဲ့ အထူး ရင်ဆိုင်နေရပြီလို့ UNDP အစီရင်ခံစာက သတိပေးထားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ဧပြီလထုတ် အရှေ့အာရှနဲ့ ပစိဖိတ် ဒေသ စီးပွားရေးရာ ခန့်မှန်းချက်မှာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အတွင်း စီးပွားကျမှု ၁၀ ရာခိုင်နှုန်းထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာ့ ကုန်သွယ်ရေးရဲ့ ၈၀ ရာခိုင်နှုန်းက ပင်လယ်ရေကြောင်း ကုန်သွယ်ရေး ဖြစ်ပြီး စစ်အာဏာသိမ်းမှု နောက် ၂ လ အတွင်း ရေကြောင်း ကုန်သွယ်မှု ပမာဏ ၅၅ ရာခိုင်နှုန်းကနေ ၆၄ ရာခိုင်နှုန်း အထိ ကျဆင်ခဲ့ကြောင်းလည်း UNDP ကခန့်မှန်းထားပါတယ်။ ဒီအချက်တွေကို ထောက်ချင့်ခြင်း အားဖြင့် မြန်မာနိုင်ငံဟာ စီးပွားရေး ပြိုကျမယ့်ဘက်ကို ချဉ်းကပ်လာနေတာကို ပြသနေတာ ဖြစ်တယ်လို့လည်း UNDP က အစီရင်ခံစာမှာ သတိပေးထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)














XS
SM
MD
LG