သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီ ပျက်ကွက်မှု ဦးကျော်မိုးထွန်းဝေဖန်


ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးမှာ မိန့်ခွန်းပြောနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း
ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးမှာ မိန့်ခွန်းပြောနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း

မြန်မာနိုင်ငံရဲ့ အကျပ်အတည်း လုံခြုံရေးကောင်စီရဲ့ အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်တာဟာ မြန်မာပြည်သူတွေအတွက် အလွန်ကြီးမာပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်နိုင်တဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့က ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးမှာ တင်ပြသွားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ၂၀၂၃ ခုနှစ်အတွက် နှစ်စဉ် အစီရင်ခံစာနှင့်စပ်လျဉ်းပြီး အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး အလေးထားဖို့ ပျက်ကွက်နေမှုအပေါ် စိတ်ပျက်မိတဲ့အကြောင်း တင်ပြသွားတာပါ။

လုံခြုံရေးကောင်စီရဲ့ အရေးယူဆောင်ရွက်မှု ပျက်ကွက်တာကြောင့် ပိုမိုအသက်ဆုံးရှုံးတာ၊ ကိုယ်လက်အင်္ဂါပိုပြီး ဆုံးရှုံးတာ၊ နေရပ်စွန့်ခွာမှုတွေ ပိုများလာတာ၊ ဒုက္ခ ပိုမိုကြီးထွားပြီး မျှော်လင့်ချက်မဲ့တာ စတဲ့ ဒဏ်အမျိုးမျိုးကို ခါးစည်းခံနေရ ကြောင်း သံအမတ်ကြီးက တင်ပြသွားပါတယ်။
တချိန်တည်းမှာ စစ်ကောင်စီကလည်း သတင်းမှားတွေ၊ ဖန်တီးလုပ်ကြံထားတဲ့ အချက်အလက်တွေနဲ့ ဝါဒဖြန့်ပြီး ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုများအပေါ် မကြာခဏ မဟုတ်မမှန် စွပ်စွဲ နာမည်ဖျက်နေတဲ့အကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြသွားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လူပေါင်း ၅,၃၀၀ လောက် သတ်ဖြတ်ခံရပြီး ပြည်သူ (၃.၁) သန်း နေရပ်စွန့်ခွာနေရသလို လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေတဲ့သူ (၁၈.၆) သန်း ရှိတဲ့အကြောင်း သံအမတ်ကြီးက တင်ပြပါတယ်။ နေရပ်စွန့်ခွာရတာ၊ ရွှေ့ပြောင်းနေထိုင်ရတာ၊ စားနပ်ရိက္ခာ မလုံလောက်တာ၊ ဆင်းရဲမွဲတေတာ၊ ငတ်မွတ်ခေါင်းပါးတာတွေနဲ့ အတင်းအကျပ် တပ်သား စုဆောင်းတဲ့ အန္တရာယ်တွေကို ရင်ဆိုင်နေရတဲ့ အခြေအနေတွေကိုလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးမှာ တင်ပြသွားပါတယ်။

မကြာသေးခင်က စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာ ဘိဝံသ ပျံလွန်တော်မူခဲ့တဲ့ ဖြစ်ရပ်ကို ကြည့်ပြီး စစ်တပ်အနေနဲ့ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုပေါင်းများစွာ ကျူးလွန်ပေမဲ့လည်း ပြည်သူတွေနဲ့ အခြားသူများကို ပြစ်တင်ပုံချဖို့ ကြိုးပမ်းနေတဲ့ ဖြစ်စဉ်တခု ဖြစ်တဲ့အကြောင်း အလားတူ ဖြစ်စဉ်တွေ အများအပြားရှိတဲ့အကြောင်းလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG