(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်း လုပ်ရပ်ကို လက်မခံနိုင်ကြောင်း နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ သောကြာနေ့က မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကြေညာလိုက်တဲ့အပေါ် နိုင်ငံတော်တော်များများက ကြိုဆိုလိုက်ကြပါတယ်။ အရပ်သားအစိုးရ ခေါင်းဆောင်တွေ အပါအဝင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေသူတွေကို အကြမ်းဖက် နှိမ်နင်းတာတွေ မလုပ်ဖို့လည်း သတိပေးခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုယ်တိုင်က အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်းနဲ့ နိုင်ငံတကာကလည်း ဆန့်ကျင်ဖိအားပေးဖို့ တိုက်တွန်းလိုက်တာကြောင့် အထွေထွေညီလာခံမှာ တက်ရောက်လာသူတွေ သောင်းသောင်းဖြဖြကြိုဆိုလိုက်ကြတာပါ။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးသစ်အဖြစ် တာဝန်ယူပြီး ပထမဆုံးအကြိမ် အထွေထွေညီလာခံမှာ တက်ရောက်လာတဲ့ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကလည်း သတ္တိရှိတဲ့ ရပ်တည်ချက်အဖြစ် ကြိုဆိုခဲ့တာပါ။
“မြန်မာကိုယ်စားလှယ်ရဲ့ ဒီမနက် ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောကြားချက်ကို တခြားလူတွေလည်း ကျမနဲ့အတူ ကြိုဆိုကြစေလိုပါတယ်။ မြန်မာကိုယ်စားလှယ်လိုပဲ၊ ဆရာဝန်တွေ၊ ဝန်ထမ်းတွေ၊ ဈေးသည်တွေ၊ လဖက်ရည်ရောင်းတဲ့သူတွေ၊ ပစ္စည်းပို့တဲ့သူတွေ၊ အနုပညာရှင်တွေလို မြန်မာပြည်သူတွေကလည်း သူတို့ရဲ့ သဘောထားဆန္ဒတွေကို ထုတ်ဖော်နေကြပါတယ်။ အနီရောင် မိုးပျံပူဖောင်းတွေ၊ အိုးခွက်တွေ တီးတာတွေနဲ့ ဒီမိုကရေစီ ပြန်ရရှိရေး တောင်းဆိုနေကြပါတယ်။ ဒီလူတွေနဲ့အတူ ကျမတို့ ရပ်တည်နေပါတယ်။”
မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener အစီရင်ခံ တင်ပြတဲ့ အလွတ်သဘော ဆွေးနွေးပွဲမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုသာ ဆက်လက် ကိုယ်စားပြုနေကြောင်း ကြေညာလိုက်တဲ့အပေါ် ဗြိတိန်သံအမတ်ကြီး Barbara Woodward ကလည်း ချီးကျုးခဲ့တာပါ။
“တခြားသူတွေနည်းတူ ဒီကနေ့ အစီရင်ခံတင်ပြခဲ့တဲ့ အထူးကိုယ်စားလှယ်ကို ကျေးဇူးတင်စကား ပြောကြားလိုပါတယ်။ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဖက် မြန်မာအမြဲတမ်း ကိုယ်စားလှယ်ရဲ့ အားကောင်းလှတဲ့ ပြောကြားချက်ကိုလည်း ဂုဏ်ပြုပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ အဖွဲ့ဝင်တွေကို မတရားဖမ်းဆီးမှုတွေကိုလည်း ရှုတ်ချပါတယ်။”
ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေကို ဖြေရှင်းဖို့ ပျက်ကွက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က အရပ်သား အစိုးရကို ဖယ်ရှားပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တာပါ။ အာဏာသိမ်းပြီးနောက် အသစ်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်သစ်ကလည်း ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ကြောင်း ပြောဆိုထားပါတယ်။ ဥရောပသမဂ္ဂ (EU) သံအမတ်ကြီး Olof Skoog ကတော့ NLD ပါတီ အများစု အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို ဆန့်ကျင်တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို လက်မခံကြဖို့ အထွေထွေညီလာခံမှာ တိုက်တွန်းခဲ့တာပါ။
“ရွေးကောက်ပွဲ ရလဒ်ကို လေးစားရမှာဖြစ်ပြီး၊ ဒါကို အင်အားသုံးတာပဲဖြစ်ဖြစ် တခြားနည်းနဲ့ပဲဖြစ်ဖြစ် ပယ်ဖျက်ဖို့ ကြိုးစားတာကို ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ စွပ်စွဲချက်တွေ အငြင်းပွားမှုတွေကိုလည်း ဥပဒေနဲ့အညီသာ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းတဲ့ လုပ်ရပ်နဲ့ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အားလုံးကိုလည်း EU အနေနဲ့ အပြင်းထန်ဆုံး ရှုတ်ချပါတယ်။”
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို နိုင်ငံတကာ အတိုင်းအတာနဲ့ ဖိအားပေးဖို့လည်း အထွေထွေညီလာခံမှာ တိုက်တွန်းခဲ့ကြတာပါ။ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jun ကတော့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ဖိအားတွေနဲ့ ပတ်သက်လို့ သတိပေးပြောဆိုသွားပါတယ်။
“မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာဟာ ပြည်တွင်းရေးသာဖြစ်ပြီး၊ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ၊ နိုင်ငံရေးအရ သီးခြားလွတ်လပ်မှုနဲ့ အချုပ်အခြာအာဏာပိုင်မှုတွေကို လေးစားဖို့ လိုအပ်ကြောင်း” တရုတ်ဘာသာနဲ့ ပြောဆိုသွားတာပါ။
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ အဖွဲ့ဝင်ဖြစ်တာကြောင့် အသင်းရဲ့မူတွေနဲ့အညီ ဖြေရှင်းတာမျိုးကို တရုတ်နိုင်ငံက အားပေးကြောင်းလည်း ပြောဆိုသွားပါတယ်။
အထွေထွေညီလာခံရဲ့ အလွတ်သဘော ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက အခြေအနေနဲ့ ပတ်သက်လို့ အစီရင်ခံတင်ပြခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener ကတော့ အာဏာသိမ်းစစ်တပ်ကို လက်မခံဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
.............
(Unicode)