ထိုင်းနိုင်ငံက မြန်မာလူမျိုးတွေ နေထိုင်အလုပ်လုပ်နေကြတဲ့ ဒေသတော်တော်များများမှာ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ထိုင်းအာဏာပိုင်တွေ လိုက်လံရှာဖွေ ဖမ်းဆီးနေပါတယ်။ ထိုင်းတောင်ပိုင်းမှာဆိုရင် တရားမဝင်ဈေးရောင်းနေကြတဲ့ အထောက်အထားမရှိတဲ့ မြန်မာတွေ ဆက်တိုက်ဖမ်းဆီးခံနေရပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။
ထိုင်းနိုင်ငံနဲ့ နယ်စပ် မြန်မာနိုင်ငံ မြဝတီမြို့က ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းနိုင်ဖို့ ထိုင်း၊ မြန်မာ၊ တရုတ် သုံးနိုင်ငံပေါင်း ကြိုးပမ်းနေတာနဲ့အတူ ထိုင်းနိုင်ငံထဲမှာ အထောက်အထားမဲ့ နိုင်ငံခြားသား တွေကို ထိုင်းအာဏာပိုင်တွေ လိုက်လံရှာဖွေ ဖမ်းဆီးနေပါတယ်။ အထူးသဖြင့် ထိုင်းတောင်ပိုင်းက ပြည်နယ်တွေမှာ နေအိမ်ထဲအထိ ဝင်ရောက် ရှာဖွေမှုတွေရှိနေတဲ့အတွက် မြန်မာတွေ စိုးရိမ်နေကြပါတယ်။ မြန်မာနဲ့ကပ်နေတဲ့ ရနောင်းမြို့မှာ အစစ်အဆေးများနေတယ်လို့ ဖူးခက်ဘန်ထောင် ပရဟိတအသင်းက ဗွီအိုအေကို ပြောပြပါတယ်။
"အိမ်ထဲထိရှာတာ။ ဘာလို့ဆို အခုနောက်ပိုင်းက ဥပဒေသစ်တွေ ပြောင်းသွားပြီဗျ။ နည်းနည်း လူ ၄-၅-၁၀ ယောက်စုမယ်ဆိုရင် ရပ်ကွက်က ထိုင်းလူမျိုးတွေက တိုင်ကြားတာလည်း ရှိတယ်ပေါ့။ နောက်ပြီး အိမ်ကြို အိမ်ကြားတွေ၊ နောက်ပြီး (အထောက်အထား) ဘတ်မရှိတာတို့ ဘာတို့ဆို သူတို့ ဝင်ဖမ်းတာ ပေါ့။ ဟိုတလောက ကျနော့်ရှေ့မှာတင် ဘတ်မရှိသမားတွေကို ခေါ်သွားတယ်။ သူတို့ ပုလိပ်တွေကျ ဝတ်စုံနဲ့မလာဘူး။ ဖမ်းတဲ့အခါမှ သူတို့ ကတ်ပြားထုတ်တယ်၊ လက်ထိပ်ခတ်တွေ ထုတ်ပြတာပေါ့။ အဲဒါ ထုတ်ပြတော့ ပါသွားတာပေါ့။ ကျနော်ပြောချင်တာက တိုင်းရင်းသားတွေ ညီညီညွတ်ညွတ်နဲ့ နေကြရင် ပိုပြီး အဆင်ပြေမယ်လို့ ထင်တာပဲ။ နဂိုကတည်းက ဗမာ၊ ဗမာဆိုပြီး နာမည်ထွက်နေတယ်။"
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီပြည်နယ်၊ ကော့စမွီကျွန်းမှာ မြန်မာတွေနေတဲ့ အိမ်ခန်းတွဲတွေကို ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေက ဝင်ရောက်ရှာဖွေပြီး တချို့ကို ဖမ်းဆီးခေါ်ထုတ်သွားပါတယ်။
"မနေ့ကဖမ်းတဲ့ကိစ္စက ကျနော်ကြားရသလောက်တော့ တယောက်ယောက်တိုင်လို့နဲ့တူတယ်။ အဓိက သူတို့လိုက်ဖမ်းရင် ဗမာတွေများတဲ့ တန်းလျားတွေပေါ့။ အကြောင်းပြချက် တခုလို့ပဲ ထင်တာပဲ။ အခုကြားရသလောက် ဆူရတ်ဌာနီ ဒီနားတဝိုက်ပေါ့။ ဒီဘက်မှာ အများစုက ခရီးသွားလုပ်ငန်းတွေ များတယ်ပေါ့။ စားသောက်ဆိုင်၊ ဟိုတယ်တို့။ အခုလက်ရှိအနေအထားရတော့ အထောက်အထား မရှိတဲ့သူတွေကတော့ အဓိက စိုးရိမ်ရတာကတော့ ဖမ်းမိလို့ရှိရင် မြန်မာပြည် ပြန်ပို့တာပေါ့။"
တရားဝင်လမ်းကြောင်းက လာတဲ့သူတွေကိုတော့ ထိုင်းအလုပ်ရှင်တွေက အကာအကွယ်ပေးထား တယ်လို့ သူကပြောပါတယ်။
ရနောင်း၊ ဖန်င၊ နခွန်ဆီသာမရတ်၊ ဆူရတ်ဌာနီ (ကော့စမွီကျွန်း)၊ ပတ်တလုံ၊ စုံခလာ၊ ချွန်ပွန် စတဲ့ ထိုင်းတောင်ပိုင်းမြို့တွေမှာ မြန်မာအများစုက ရေလုပ်ငန်း၊ ခရီးသွား၊ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို လုပ်ကြပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတချို့ရဲ့ စာရင်းတွေအရ ထိုင်းမှာ မြန်မာ ၄ သန်းလောက် နေထိုင်၊ အလုပ်လုပ်နေကြပါတယ်။ အဲဒီထဲက တော်တော်များများဟာ စစ်အာဏာသိမ်းပြီး ချိန်မှာ ထိုင်းဘက်ကို နည်းမျိုးစုံနဲ့ ထွက်ပြေးလာတာပါ။
မြန်မာနဲ့ ထိုင်းနယ်စပ်မှာရှိတဲ့ တရားမဝင်အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ လူကုန်ကူးမှုတွေကို ရှင်းလင်း ပေးဖို့ တရုတ်အစိုးရက ထိုင်းကို မကြာသေးခင်က ဖိအားပေး တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ထိုင်းအာဏာပိုင်တွေက ဒီကိစ္စတွေနဲ့ ဆက်နွယ်တယ်လို့ ယူဆရတဲ့ နိုင်ငံခြားသားမှန်သမျှကို စစ်ဆေး ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေတာ ဖြစ်ပါတယ်။
Forum