ကမ္ဘာတဝှမ်း ပဋိပက္ခတွေ ဖြစ်ပွားရာ ဒေသတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၄၅ သန်းလောက် ကျား-မ အခြေပြု အကြမ်းဖက်မှုဒဏ်ခံနေရပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံက ၉ သန်းနီးပါး ပါဝင်ကြောင်း ကုလသမဂ္ဂ လူဦးရေရံပုံငွေအဖွဲ့ UNFPA အာရှနဲ့ ပစိဖိတ်ဒေသရုံးက သတင်း ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေကြားမှာ အမျိုးသမီးနဲ့ မိန်းကလေး ရှစ်သန်း၊ ရှစ်သိန်း (၈,၈၀၀,၀၀၀) လောက် ဟာ အရေးပေါ် အကာအကွယ်လိုအပ်နေတာကို UNFPA က ထောက်ပြထားပါတယ်။ အာဖဂန်နစ္စတန်မှာ မိန်းကလေးနဲ့ အမျိုးသမီး ဆယ့်လေးသန်း၊ နှစ်သိန်း (၁၄,၂၀၀,၀၀၀) ဟာ ကျားမ အခြေပြု အကြမ်းဖက်မှုရန် ဆိုးဆိုးဝါးဝါး ခံရနိုင်ခြေ ရှိနေတာကိုလည်း ပြောဆိုထားပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတဝှမ်း ပဋိပက္ခနဲ့ သဘာဝ ဘေးအန္တရာယ်တွေကြား အမျိုးသမီး ၉၂ သန်းလောက်ရဲ့ ဘဝတွေ အတိဒုက္ခရောက်ခဲ့ရတာကို UNFPA အဖွဲ့ရဲ့ ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာမှု အကူအညီ ပေးရေး ရှေ့ဆက်ဆောင်ရွက်မယ့်အစီအစဉ် ကြေညာချက်မှာ ဖေါ်ပြပါတယ်။ အမျိုးသမီးတွေရဲ့ မျိုးဆက်ပွား ကျန်းမာရေးနဲ့ အကြမ်းဖက်မှုရန်က ကာကွယ်ရေး ဒေါ်လာဘီလျံ တသန်းလေးသိန်းတောင်းခံထားပြီး မြန်မာနိုင်ငံအတွက် ဒေါ်လာ ၃၉ သန်းလိုအပ်ကြောင်း ပြောပါတယ်။
ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် မိန်းကလေးနဲ့အမျိုးသမီးတွေ ဘေးကင်းစွာ မီးဖွားခွင့်၊ အကြမ်းဖက်မှုရန်က ကင်းလွတ်ပြီး အသက်ရှင်ခွင့်ရှိရမှာဖြစ်ပြီး UNFPA အဖွဲ့ကြီးအနေနဲ့ ကူညီ စောင့်ရှောက်မှု ပေးနေတဲ့အကြောင်း ကုလသမဂ္ဂ လူဦးရေရံပုံငွေအဖွဲ့က ပြောဆိုထားပြီး အကာအကွယ်ပေးကြဖို့ ကမ္ဘာတဝှမ်းကို တိုက်တွန်းထားပါတယ်။
Forum