သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီရဲ့အကြမ်းဖက်စစ်ဆင်ရေးများ ကုလလူ့အခွင့်အရေးတာဝန်ရှိသူဝေဖန်


ဒုက္ခသည်များဆိုင်ရာ  ကုလသမဂ္ဂ လက်ထောက်မဟာမင်းကြီး Nada Al-Nashif (ယခင်မှတ်တမ်းဓာတ်ပုံ)
ဒုက္ခသည်များဆိုင်ရာ  ကုလသမဂ္ဂ လက်ထောက်မဟာမင်းကြီး Nada Al-Nashif (ယခင်မှတ်တမ်းဓာတ်ပုံ)

မြန်မာနိုင်ငံတွင်း စစ်တပ်ကအသုံးပြုတဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားသေကျေထိခိုက်မှုတွေ အတော်များများရှိပြီး ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဥပဒေတွေကို ချိုးဖောက်မှုဖြစ်တယ်လို့ အကြီးတန်းကုလအရာရှိတဦးက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကျပ်အတည်းကြောင့် လူသားတွေဆင်းရဲဒုက္ခတွင်းနက်ထဲ ကျဆင်းနေတယ်၊ တိုင်းပြည်တလွှား လက်နက်ကိုင် ပဋိပက္ခတွေ ကျယ်ပြန်လာတာနဲ့အမျှ စစ်တပ်က မြေပြင်မှာရှုံးနိမ့်လာတာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေ အသုံးပြုလာပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ အများအပြားရှိလာတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်မဟာမင်းကြီး Nada Al-Nashif က ကုလလူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ပြောသွားတာပါ။ မြန်မာစစ်တပ်ကျူးလွန်တာနဲ့စာရင် မနှိုင်းယှဉ်သာ ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က အရပ်သားတွေကို အန္တရာယ်ပြုတာလည်းရှိနေတယ်လို့လည်း ထောက်ပြပါတယ်။

မြန်မာစစ်တပ်နဲ့ AA အာရက္ခတပ်တော်ကြားကတိုက်ပွဲတွေမှာ ရိုဟင်ဂျာတွေ ပြေးစရာနေရာမရှိတဲ့အခြေအအနေဆိုက်နေတာကိုလည်း သတိပေးထောက်ပြပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လူပေါင်း ၁၆၇ ဦးကို သေဒဏ်အမိန့်ချထားပြီး သူတို့ကို သေဒဏ်စီရင်ဖွယ် ရှိတဲ့အပေါ် အလွန်ပဲ စိုးရိမ်မကင်းရှိနေတယ်လို့လည်း ကုလ လက်ထောက်မဟာမင်းကြီး Al-Nashif က ပြောပါတယ်။ အကျပ်အတည်းကြီးဟာ သုံးနှစ်ခွဲကျော်လာပြီဖြစ်ပြီး နိုင်ငံရဲ့ ဘက်ပေါင်းစုံကကျဆင်းလာပေမယ့် နိုင်ငံတကာလက်တွေ့တုံ့ပြန်မှု အားနည်းနေတယ်လို့လည်း ထောက်ပြပါတယ်။

အရပ်သားတွေအပေါ် စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေ အားကောင်းလာစေတဲ့ စစ်လက်နက်နဲ့လေယာဉ်ဆီတင်သွင်းမှု ရပ်တန့်ဖို့ကိုလည်း တောင်းဆိုပါတယ်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဒီမိုကရေစီလှုပ်ရှားမှု တို့ကို ညီတူညီမျှ ထိစပ်ဆက်ဆံမှ မြန်မာ့အနာဂတ်ကို အဖြေထုတ်နိုင်မယ်လို့လည်း ကုလ လက်ထောက်မဟာမင်းကြီး Nada Al-Nashif က သတိပေးသွားပါတယ်။

Forum

XS
SM
MD
LG