သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNHCR မဟာမင်းကြီး ဘင်္ဂလားဒေရှ့် က ဒုက္ခသည်စခန်တွေ သွားရောက်


ဘင်္ဂလားဒေရှ့် နိုင်ငံ တက်ကနက်ဖ် က ရိုဟင်ဂျာ ဒုက္ခသည်စခန်းက အမျိုးသမီးတွေနဲ့ ကလေးတွေ ရေခပ်ဖို့ တန်းစီစောင့်ဆိုင်း။ မှတ်တမ်းပုံ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi ဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်မှာရှိနေတဲ့ Cox’s BaZar က ရိုဟင်ဂျာဒုက္ခသည်စခန်း နှစ်ခုကို တနင်္လာနေ့က သွားရောက်ကြည်ရှု့ခဲ့ပါတယ်။ မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ မွတ်စလင်ရိုဟင်ဂျာတွေ သောင်းနဲ့ချီ ဒုက္ခသည်စခန်းတွေထဲမှာရှိနေပါတယ်။

ဒုက္ခသည်တွေဟာ သူတို့ရဲ့ နေရပ်ရင်း ရခိုင်ပြည်မြောက်ပိုင်းမှာ အလွန်ကို စိုးရိမ်၊ ကြောက်လန့်စရာကောင်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဒုက္ခသည်စခန်းတွေကို ကြည်ရှုစဉ်အတွင်း Filippo Grandi က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒါအပြင် သူတို့ကို နေရပ်ရင်းပြန်ပို့ရေးမတိုင်ခင် ဒုက္ခသည်တွေကို စိစစ်ဖို့ကိစ္စဟာ အချိန်ယူကြာမြင့်မှာဖြစ်တယ်လို့ သူ့ကို မြန်မာအာဏာပိုင်တွေက ပြောဆိုခဲ့ကြောင်း Filippo Grandi ကဆိုပါတယ်။ လက်ရှိဒုက္ခသည်စခန်းတွေက အခြေအနေတွေဟာလည်း အလွန်စိုးရိမ်စရာကောင်းကြောင်း သူက အခုလိုသတင်းထောက်တွေကိုပြောပါတယ်။

“ဒုက္ခသည်တွေနေထိုင်နေတဲ့ အခြေအနေဟာ တကယ့်ကို အနိမ့်ဆုံးအခြေအနေဖြစ်ပါတယ်။ အလွန်စိုးရိမ်စရာကောင်းတယ်လို့ ကျနော်ပြောလို့ရပါတယ်။ အထူးသဖြင့် စခန်းတွေထဲမှာ အချိန်အကြာကြီးနေထိုင်သူတွေရဲ့ အခြေအနေဟာ ဆိုးပါတယ်။ ကိုယ်ရောစိတ်ပါ ဖိစီးပြီး အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေလည်း ဆိုးရွားနိုင်ပါတယ်။”

Filippo Grandi ဟာ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး တာဝန်ကို ဒီနှစ်ဆန်းပိုင်းက စတင်ထမ်းဆောင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို ဇူလိုင်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့ထိ ၅ ရက် ကြာလာရောက်ခဲ့ပါတယ်။ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့က နေရပ်ရင်း အဓမ္မရွှေ့ပြောင်းခံရတဲ့ မွတ်စလင် ဒုက္ခသည်စခန်းတချို့အပါအ၀င် မောင်တောဒေသက မွတ်စလင်ရွာတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဒအပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ မြန်မာအစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့ တွေ့ဆုံပြီး ရခိုင်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ လူသားချင်းစာနာမှုအကူအညီတွေ ထောက်ပံပေးရေးကိစ္စတွေကိုလည်း Filippo Grandi က ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံကိုဆက်လက်ထွက်ခွာပြီး ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha ဇူလိုင်လ ၇ ရက်နေ့က တွေ့ဆုံပြီး ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်အရေး ဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG