သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေဘ၀ ကိုယ်ချင်းစာရေး ကမ္ဘာ့တဝှမ်း ကာယလှုပ်ရှားမှု အစီအစဉ် UNHCR စတင်


ကွန်ဂိုနိုင်ငံမှ ဒုက္ခသည်များကို ကုလဝန်ထမ်းတဦး စစ်ဆေးစဉ်။ မတ် ၁၉၊ ၂၀၁၈။
ကွန်ဂိုနိုင်ငံမှ ဒုက္ခသည်များကို ကုလဝန်ထမ်းတဦး စစ်ဆေးစဉ်။ မတ် ၁၉၊ ၂၀၁၈။

ဒုက္ခသည်တွေရဲ့ ဘဝကို ကိုယ်ချင်းစာ နားလည်ပေးနိုင်ဖို့ သူတို့ရဲ့နေရာမှာ ဝင်ပြီးခံစားကြရေးကိုရည်ရွယ်ပြီး ကမ္ဘာ တဝှမ်းလှုံ့ဆော်တဲ့ လှုပ်ရှားမှု အသစ်တခုကို UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက စတင်လိုက်ပါ တယ်။ လုံခြုံစိတ်ချရ မယ့် နေရာတွေကို ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေကို နားလည် စာနာကြောင်း ပြသဖို့ ကမ္ဘာတဝှမ်း ကပြည်သူတွေ ပြေးလွှား လှုပ်ရှားကြရေး UNHCR အဖွဲ့က တိုက်တွန်းနေပါတယ်။ ဒီအကြောင်း Lisa Schleinက UNHCR ရုံးချုပ်ရှိရာ ဂျီနီဗာမြို့ကနေ သတင်းပေးပို့ထားတာကို ကိုကျော်အောင်လွင်က ဆက်ပြီးပြောပါ့မယ်။

ဒုက္ခသည်တွေရဲ့ ဘဝကို တကယ်တမ်း နားလည်စာနာနိုင်ဖို့က ကိုယ့်ရဲ့နေရာ ကနေ မရွေ့ပဲ နားလည် စာနာတယ်လို့ ပြောလို့ မရပါဘူး။ ဒုက္ခသည်ရဲ့နေရာမှာ ကိုယ်ဝင်နေပြီးမှ သူတို့ကို နားလည်မှုပေး နိုင်လိမ့်မယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ယူဆပြီး ဒီလှုပ်ရှားမှုကို ကမ္ဘာတဝှမ်းမှာလုပ်ကြဖို့ စတင်လိုက်တာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေက သူတို့ရဲ့ ဘဝလုံခြုံမှုရနိုင်ဖို့ နှစ်စဉ်နှစ်တိုင်းပြေးလွှားနေကြရတာပါ။ ဒီအဖြစ်ကို နားလည်စာနာနိုင်အောင် ဒုက္ခသည်တွေပြေးရတဲ့ အကွာအဝေး အတိုင်းအတာကို နိုင်ငံတကာအလိုက်ပြေးလွှားလှုပ်ရှားကြဖို့ UNHCR က လှုံ့ဆော် နေပါတယ်။

ဒုက္ခသည်တွေဟာ သူတို့အတွက် လုံခြုံမှုရှိမယ့်နေရာကို ရောက်နိုင်ဖို့ ကီလိုမီတာ ၂ဘီလျှံ နှစ်စဉ်နှစ်တိုင်း ပြေးလွှားနေကြ ရတယ်လို့ UNHCR အဖွဲ့က ခန့်မှန်းတွက်ချက်ထားပါတယ်။ ဒီအကွာအဝေး ကီလိုမီတာ စုစုပေါင်းကို ကာမိအောင် ဒုက္ခသည် မဟုတ်တဲ့သူတွေက ပြေးတာပဲ ဖြစ်ဖြစ်၊ လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ စက်ဘီးစီးတာပဲဖြစ်ဖြစ်ဝိုင်းပြီးလှုပ်ရှားကြဖို့ UNHCRအဖွဲ့က ကမ္ဘာတဝှမ်းတိုက်တွန်းနေတာလို့ UNHCRအဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ် Babar Baloch က VOA ကိုပြော ပါတယ်။

"ဒုက္ခသည်တွေရဲ့အရေးကိုလူတွေ ပြန်ပြီး စိတ်ဝင်တစားနဲ့ စည်းလုံးမှုတွေရှိလာအောင် ရည်ရွယ်ပြီး လုပ်တဲ့ လှုပ်ရှားမှု ဖြစ်ပါ တယ်။ ဒီလှုပ်ရှားမှုမှာ ပါဝင်ပြီး လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာတွေ အားလုံးက ကျန်းမာရေးလှုပ်ရှားမှုသက် သက်ပါ။ ဒါပေမဲ့ ဒုက္ခသည်တွေပြေးလွှားနေကြတာကတော့ အပျော်သဘော မဟုတ်ပါဘူး။ အန္တရာယ်ရှိတဲ့အခြေအနေ ကနေ လွတ်မြောက်အောင် ထွက်ပြေးနေကြရတာဖြစ်ပါတယ်။"

ဆီးရီးယားနိုင်ငံက ဒုက္ခသည်တွေဟာ တူရကီနိုင်ငံကိုရောက်အောင် ကီလိုမီတာ ၂၄၀ ထွက်ပြေးခဲ့ကြရပါတယ်။ တောင်ဆူဒန် ဒုက္ခသည်တွေက ကင်ညာနိုင်ငံ အထိရောက်အောင် ကီလိုမီတာ ၆၄၀ကျော် ထွက်ပြေးခဲ့ကြရပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်အောင် ကီလိုမီတာ ၈၀လောက် ထွက်ပြေးခဲ့ကြရတာလို့ UNHCR ပြောခွင့်ရပုဂ္ဂိုလ် ကဆိုပါတယ်။

UNHCRက လှုံ့ဆော်နေတဲ့ အခုလှုပ်ရှားမှု အသစ်မှာ အာရှ၊ အာဖရိက၊ မြောက်အမေရိက၊ အမေရိကတိုက် အလယ်ပိုင်း၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသ ကမ္ဘာတဝှမ်း နိုင်ငံပေါင်း၂၇နိုင်ငံ က ပြည်သူတွေပါဝင်ပြီး ဆင်နွှဲလှုပ်ရှားကြဖို့ တိုက်တွန်း နေပါတယ်။ ဒီအစီအစဉ်မှာပါဝင် လှုပ်ရှားကြသူတွေ အနေနဲ့ ဒုက္ခသည်အရေး ရန်ပုံငွေရအောင်လည်း ကမကထ လုပ်နိုင်ပါ တယ်။ ဒီလှုပ်ရှားမှုကနေ UNHCRအဖွဲ့ကမျှော်လင့်ထားတဲ့ငွေကြေးပမာဏကတော့ ဒေါ်လာ ၁၅သန်းကျော်လိမ့်မယ်လို့ ဆိုပါတယ်။ ဒီရန်ပုံငွေတွေကနေ ဒုက္ခသည်တွေအတွက်၊ အစားအစာ၊ ရေ၊ နေရာထိုင်ခင်းနဲ့ တခြားအခြေခံလိုအပ်ချက် တွေကို ကူညီပေးသွားမှာပါ။

ဒုက္ခသည်တွေအတွက်ပြေးလွှားလှုပ်ရှားကြမယ့်သူတွေအနေနဲ့ ကိုယ်ဘယ်လောက်ပြေးထားသလဲ၊ ဘယ်အကွာအဝေး ရောက်နေပြီလဲဆိုတာ UNHCR က စီစဉ်ထားတဲ့ ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ Application ကို ကိုယ့်ရဲ့ စမတ်ဖုန်းမှာ Download လုပ်ယူပြီး အသုံးပြုနိုင်သလို၊ UNHCRက စီစဉ်ထားတဲ့ ဝဘ်ဆိုဒ် www.stepwithrefugees.org မှာလည်း ကိုယ့်ရဲ့ပါဝင်လှုပ်ရှားမှုကို ပြသနိုင် တယ်လို့ဆိုပါတယ်။

UNHCRရဲ့ အစီရင်ခံစာတွေအရ ကမ္ဘာတဝှမ်းမှာ အတင်းအကျပ်နေရာ ရွှေ့ပြောင်းခံနေကြရသူပေါင်း ၆၈.၅သန်း ရှိနေပြီး အဲဒီအထဲမှာ ဒုက္ခသည်တွေက ၂၅.၄သန်းရှိတယ်လို့ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG