သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ဆူဒန်ပြည်တွင်းစစ်ကြောင့် ကလေးငယ် သန်းနဲ့ချီပြီး ဘေးဒုက္ခရောက်နေ" - UNICEF


ပြည်တွင်းမှာနေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ ဆူဒန်ကလေးငယ်များကို တွေ့ရစဉ် (ဇူလိုင် ၁၀၊ ၂၀၂၃)
ပြည်တွင်းမှာနေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ ဆူဒန်ကလေးငယ်များကို တွေ့ရစဉ် (ဇူလိုင် ၁၀၊ ၂၀၂၃)

ဆူဒန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ တိုက်ပွဲတွေ ပိုပြီးဖြစ်လာနေတာကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေဟာ သူတို့ရဲ့လုပ်ငန်းစဉ်တွေကို တချို့နေရာတွေမှာ ယာယီရပ်ဆိုင်းလိုက်ရပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေ မြင့်တက်လာနေတာကြောင့် ကလေးတွေ သန်းနဲ့ချီပြီး အန္တရာယ်တွေနဲ့ရင်ဆိုင်နေရတဲ့အပေါ် စိုးရိမ်ကြောင့် ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ UNICEF ပြောပါတယ်။

ဆူဒန်နိုင်ငံမြို့တော် ခါတွန်မြို့ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ Jazeera ပြည်နယ်မှာ ပြီးခဲ့တဲ့သီတင်းပတ်က ကလေး ၁ သိန်းခွဲထက်မနည်း သူတို့ရဲ့ နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ UNICEF အဖွဲ့က ဒီနေ့ ပြောပါတယ်။

ဆူဒန်ရဲ့ RSF ပြည်သူ့စစ်အဖွဲ့က Wed Medani မြို့ကို ဆူဒန်စစ်တပ်ဆီကနေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကြေညာပြီးတဲ့နောက်မှာ တိုက်ပွဲတွေနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးသူတွေ ပိုများလာနေတာပါ။

Wad Medani မြို့ဟာ ဒေသတွင်းမှာ အဓိကအချက်အချာကျတဲ့ မြို့ဖြစ်ပြီး၊ ဆူဒန်နိုင်ငံတခြားဒေသကနေ ထွက်ပြေးလာကြတဲ့ ကလေးတွေ သိန်းနဲ့ချီ ရှိနေတာဖြစ်တယ်လို့ UNICEF ရဲ့ ကြေညာချက်မှာပြောပါတယ်။

အခုလို နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်လာတာကြောင့် ၂ ဘက်တိုက်ပွဲတွေကြား ပိတ်မိနေတဲ့သူတွေ သေဆုံးတာတွေ ရှိလာနိုင်ပြီး၊ နိုင်ငံတဝန်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့်၊ ဆူဒန်မှာရှိတဲ့ ကလေးသန်းပေါင်းများစွာဟာ စိုးရိမ်စရာအန္တရာယ်တွေနဲ့ ထပ်ပြီးကြုံနေရတယ်လို့ UNICEF အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Catherine Russell က ပြောပါတယ်။

ဒါ့အပြင် ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့ WFP ကလည်း တိုက်ပွဲတွေ ပိုများလာနေတဲ့အတွက် သူတို့ရဲ့ လုပ်ငန်းစဉ်တွေလည်း ထိခိုက်လာနေပြီး၊ Jazeera ဒေသမှာ စားနှပ်ရိက္ခာကူညီထောက်ပံ့နေတာတွေကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ ကြေညာပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG