သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စမတ်ကဒ်လုပ်မရလို့ ပြည်ပထွက်ဖို့အခက်ကြုံနေကြ​​​​​​​


မြန်မာပြည်မှာထုတ်ပေးနေတဲ့ စမတ်ကဒ် (Unique Identification Number)
မြန်မာပြည်မှာထုတ်ပေးနေတဲ့ စမတ်ကဒ် (Unique Identification Number)

နိုင်ငံကူးလက်မှတ်ထုတ်ပေးဖို့နဲ့ နယ်စပ်ဖြတ်ကျော်ခွင့်တွေမှာ အီလက်ထရောနစ်မှတ်ပုံတင် ခေါ် စမတ်ကဒ်ရှိမှခွင့်ပြုဖို့ စစ်ကောင်စီက ဖိအားပေးဆောင်ရွက်လာပေမယ့် အင်တာနက်မရတဲ့ဒေသတွေမှာ စမတ်ကဒ်မှတ်ပုံတင်လုပ်မရလို့ ပြည်ပထွက်ဖို့ အခက်အခဲတွေကြုံနေကြပါတယ်။ ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အင်တာနက် ဆိုးဆိုးရွားရွား ပြတ်တောက်တဲ့နေရာက လူငယ်အများစုဟာ စမတ်ကဒ်လုပ်လို့မရတာကြောင့် နိုင်ငံကူးလက်မှတ် လျှောက်လို့မရဘဲ လအတော်ကြာ စောင့်ဆိုင်းနေရပါတယ်။ အထူးသဖြင့် ချင်း၊ ရခိုင်နဲ့ကချင်က လူငယ်အများစုဟာ မူဆယ်မြို့မှာ တရုတ်နိုင်ငံဘက်ကူးဖို့ စောင့်ဆိုင်းနေကြသလို ရန်ကုန်မှာလည်း ပတ်စ်ပို့မရဘဲ လအတော်ကြာ ပိတ်မိနေကြတာပါ။

လွန်ခဲ့တဲ့ဆယ်နှစ်၊ ၂၀၁၄ သန်းခေါင်စာရင်းအရဆိုရင် ကချင်မှာ လူဦးရေ ၁.၆၄ သန်းရှိနေပေမဲ့ နေပြည်တော်မှာရှိတဲ့ အီလက်ထရောနစ် မှတ်ပုံတင်ဌာန (e-ID) ရုံးချုပ်ကိုရောက်လာတဲ့ စာရင်းက ၃ သိန်းလောက်ပဲရှိကြောင်း ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ကျန်တဲ့သူတွေကတော့ အင်တာနက် ပြတ်တောက်သွားလို့ စာရင်းသွင်းလို့ မရသေးကြောင်း သူကပြောပါတယ်။

"ကချင်ပြည်နယ်က သူတွေက ၃ သိန်းကျော်ပဲ စာရင်းဝင်သေးတယ်၊ ကျန်တာ လုံးဝ စာရင်းမဝင်သေးဘူး။ e-ID ရုံးကို ဒေတာ။ အဲဒီ ၃ သိန်း ကျော်ထဲမှာလည်း ဒေတာအမှားတွေ အများကြီးပါသေးတယ်။ ၃ သိန်းကျော် ရခါနီးဆဲဆဲမှာ လိုင်းပြတ်သွားတာ။ အဲဒီတော့ ထပ်ပြီးလည်း ပို့ရဦးမယ်။ အဲဒီ ၃ သိန်းကျော်ထဲမှာ အားလုံးမမှန်သေးဘူး။ မှားတာတွေ အများကြီးပါသေးတယ်။ အဲဒီမှားတာတွေ လှမ်းပြင်ဖို့က အင်တာနက်က မရှိဘူးဖြစ်သွားတာ။ သန်းဂဏန်းရှိတယ်ကွာ။ ကချင်ပြည်နယ်က၊ ၃ သိန်းကျော်ဆို တအားနည်းတယ်။ ဒါဆို ကျန်တဲ့သူတွေ ကရော နိုင်ငံခြား မထွက်ရတော့ဘူးတဲ့လား။ ရခိုင်လည်းအဲလိုပဲ၊ ကချင်လည်း အဲလိုပဲ။"

တရုတ်နိုင်ငံထဲ အလုပ်သွားလုပ်မဲ့သူတွေလည်း စမတ်ကဒ်ရှိထားရမှာဖြစ်ပါတယ်။ စမတ်ကဒ်မရှိတဲ့လူတချို့ဟာ တရုတ်နိုင်ငံထဲဝင်ဖို့ မူဆယ်မြို့မှာပဲ လအတော်ကြာ စောင့်ဆိုင်းနေရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နယ်စပ် မူဆယ်မြို့က ဒေသခံတဦးက အခြေအနေကို ပြောပြပါတယ်။

"အနယ်နယ်အရပ်ရပ်ကနေ မူဆယ်မြို့ရောက်တယ်၊ မူဆယ်မြို့မှာရှိတဲ့ အတိုင်းအတာကလည်း သူတို့နိုင်သလောက်တော့ လုပ်ပေးတယ်၊ လုပ်မပေးဘူးတော့ မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ ပေါ်လစီကလည်း စမတ်ကဒ်ပါမှ ဆိုတဲ့ဟာကြီးကလည်း ဖြစ်နေတာလေနော့။ အနယ်နယ် ပြည်နယ်နှင့်တိုင်း ၁၄ ခုလုံးကနေ တရုတ်ငွေ ၁,၅၀၀-၂,၀၀၀ ရတယ်ဟေ့ဆိုပြီးတော့ အထည်ချုပ်တွေက ခေါ်တယ်၊ ခေါ်တယ်ဆိုပြီး လာကြတယ်။ လာလိုက်တဲ့သူတွေကလည်း ဒုက္ခတွေ မတရားရောက်ကြတယ်။ အဲလို တလ၊ နှစ်လလောက် သောင်တင်နေကြတာ။"

စမတ်ကဒ်လုပ်တာမှာ နေရပ်ပြန်ဖို့မလိုဘဲ ရောက်နေတဲ့မြို့ရဲ့ လဝကရုံးတွေမှာ လုပ်လို့ရတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးဘက်က ပြည်တွင်းသတင်းမီဒီယာတွေကို အခုနှစ် အစောပိုင်းမှာ ပြောခဲ့တာပါ။ ဒါပေမဲ့ နေရပ်မှာရှိတဲ့ လဝကရုံးဆီက အချက်အလက်ကို ပြန်ပြီး စိစစ်နေရတဲ့အတွက် နေရပ်မှာ အင်တာနက် ပြတ်တောက်နေတယ်ဆိုရင်တော့ လုပ်လို့မရကြောင်း ကချင်ဒေသခံတချို့က ပြောပါတယ်။ ခရီးသွားလာခွင့်နဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားတာမှာ စမတ်ကတ် မှတ်ပုံတင်ရှိရမယ်လို့ စစ်ကောင်စီရဲ့ လဝကဌာနက ၂၀၂၃ မတ်လ ကတည်းက ပြောခဲ့တာပါ။ နောက်ပိုင်းမှာတော့ နယ်စပ်ဖြတ်ပြီး ထိုင်းနဲ့ တရုတ်ကို သွားမဲ့သူတွေကိုပါ စိစစ်လာပါတယ်။ စမတ်ကဒ်မရလို့ တချို့လည်း တရားမဝင်သွားရင်း တဖက်နိုင်ငံမှာ အများအပြား ဖမ်းဆီးခံနေရကြရပါတယ်။

Forum

XS
SM
MD
LG