သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထွေထွေ ညီလာခံအတွက် ကမ္ဘာ့ခေါင်းဆောင်တွေ ပြင်ဆင်


ကုလသမဂ္ဂအထွေထွေညီလာခံ
ကုလသမဂ္ဂအထွေထွေညီလာခံ

နှစ်စဉ်ကျင်းပနေကျ ကုလသမဂ္ဂအထွေထွေညီလာခံကို ဒီသီတင်းပတ်မှာ စတင်ကျင်းပနေပြီး ကမ္ဘာပေါ်က ပဋိပက္ခအခြေအနေအရပ်ရပ်ကို ကမ္ဘာ့ခေါင်းဆောင်တွေ ဆွေးနွေးကြမှာပါ။ ဒီနှစ်ညီလာခံကျင်းပချိန်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်ဆိုင်ရာ လုပ်ဆောင်ချက်တွေ ပိုတိုးလာနေချိန်၊ မြန်မာနိုင်ငံမှာ လူသားဘေးဒုက္ခအကျပ်အတည်း မြင့်မားလာနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ကုလသမဂ္ဂမှာ ပထမဆုံးပြောမယ့် မိန့်ခွန်းကိုလဲ ကမ္ဘာ့ခေါင်းဆောာင်တွေ စိတ်ဝင်စားနေကြပါတယ်။ ဗွီအိုအေသတင်းထောက် Margaret Besheer ကုလသမဂ္ဂက နေ ပေးပို့ထားတဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

လွန်ခဲ့တဲ့သီတင်းနှစ်ပတ်မှာ မြောက်ကိုရီးယာက မြေအောက် နျူကလီးယားစမ်းသပ်မှု လုပ်ခဲ့တာကြောင့် နိုင်ငံတကာက ပြစ်တင်ရှုတ်ချပြီး ပြင်းထန်တဲ့ အရေးယူမှုအသစ်တွေ ချမှတ်ခဲ့ပါတယ်။

တလအတွင်း ဒုတိယအကြိမ်အဖြစ် သောကြာနေ့မှာ မြောက်ကိုရီးယားက ဂျပန်နိုင်ငံကိုကျော်ပြီး ပစိဖိတ်သမုဒ္ဒရာထဲ ဒုံးကျည် တစင်း ပစ်လွှတ်ခဲ့ပါတယ်။

Kim Jong Un နဲ့ သူ့ရဲ့ နျူကလီးယားရည်မှန်းချက်တွေနဲ့ပတ်သက်လို့ ဘာလုပ်ကြမလဲဆိုတာ ခေါင်းဆောင်တွေဆွေးနွေးကြတဲ့ ထဲ ထိပ်တန်းကပါမှာဖြစ်ပေမဲ့ အဖြေရဖို့ကတော့ မလွယ်ပါဘူး။

ပြည်ပဆက်ဆံရေး ဥရောပကောင်စီက Richard Gowan က

“မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး ကုလသမဂ္ဂမှာ အများကြီးပြောကြမှာ ပါ။ ဒါပေမဲ့ ကုလသမဂ္ဂအပြင်ဘက်မှာ အမေရိကန်နဲ့တရုတ် နှစ်နိုင်ငံဆွေးနွေးကြတာကနေသာ လက်တွေ့မှာ သံတမန်ရေးအဖြေ ရဖို့ တခုတည်းသော အခွင့်အလန်းဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာတော့ ရိုဟင်ဂျာမွတ်စလင် ၄ သိန်းဟာ စစ်ဆင်ရေးကြောင့် ထွက်ပြေးပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြ ပါတယ်။

အကြမ်းဖက်အခြေအနေတွေ ရပ်တန့်အောင် လိုအပ်သလောက် မလုပ်ဆောင်ဘူးဆိုပြီး ဝေဖန်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် က အထွေထွေညီလာခံကို မတက်ပါဘူး။ သူမလာပေမဲ့လဲ ဒီအကျပ်အတည်းနဲ့ပတ်သက်လို့ ကုလသမဂ္ဂမှာ အဆင့်မြင့် အစည်း အဝေးနှစ်ခုလုပ်ဖို့ စီစဉ်ထားပါတယ်။

အီရန်နိုင်ငံအနေနဲ့ နျူကလီးယားဗုံးမထုတ်နိုင်အောင် ဟန့်တားထားတဲ့ ၂၀၁၅ ခုနှစ် သဘောတူညီချက်ကနေ မထွက်ဖို့လဲ ကမ္ဘာ့ ခေါင်းဆောင်တွေက သမ္မတထရမ့်ပ်ကို စည်းရုံးကြပါလိမ့်မယ်။ ဒီသဘောတူညီချက်ဟာ သိပ်ဆိုးလွန်းတယ်လို့ဆိုပြီး နုတ်ထွက် မယ်လို့ သမ္မတထရမ့်ပ်က ခြိမ်းခြောက်ထားတာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ကတော့ ဒီသဘောတူညီချက်မှာ အားလုံး ဆက်ပါဝင်စေချင်သူပါ။

“ဒါဟာ သိပ်အရေးကြီးတဲ့ သဘောတူညီချက်လို့ ကျနော်ထင်ပါတယ်။ လက်ရှိမှာအရေးကြီးတဲ့ တင်းမာမှုအရှိန်လျော့စေပြီး တည်ငြိမ်မှုရဲ့ အကြောင်းရင်းတခုလဲဖြစ်ပါတယ။် ဒီသဘောတူညီချက်ကို ဆက်ထိန်းထားနိုင်အောင် ပါဝင်သူအားလုံးက လုပ်နိုင်သမျှအားလုံး လုပ်သင့်တယ်လို့ ကျနော်ယူဆပါတယ်။”

ကာရစ်ဘီယံဒေသ တစိတ်တပိုင်းနဲ့ ဖလော်ရီဒါတောင်ပိုင်းကို တိုက်ခတ်သွားတဲ့ Irma ဟာရီကိန်းမုန်တိုင်းနဲ့ ပတ်သက်လို့လဲ ခေါင်းဆောင်တွေ ဆွေးနွေးကြပါမယ်။ ဟာရီကိန်းမုန်တိုင်းဒဏ် တုန့်ပြန်လုပ်ဆောင်ရေးနဲ့ သဘာဝဘေးရန်နဲ့ ဥတုရာသီ ပြောင်းလဲမှုဒဏ်ကိုခံနိုင်အောင် လူမှုအဝန်းအဝိုင်းတွေကို တည်ဆောက်ရေး အာရုံစိုက် ဆွေးနွေးကြမှာပါ။

Irma မုန်တိုင်းနဲ့ တက္ကဆက်စ်ပြည်နယ် အရှေ့တောင်ပိုင်း ရေဖုံးသွားစေတဲ့ Harvey ဟာရီကိန်းမုန်တိုင်းတွေကြောင့် နိုင်ငံ ၁၉၀ ကျော် လက်မှတ်ရေးထိုးထားတဲ့ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်ကနေ အမေရိကန်နုတ်ထွက်မယ့် ဆုံးဖြတ် ချက်ကို သမ္မတထရမ့်ပ်က ပြန်ပြောင်းမလားလို့ တချို့ကမျှော်လင့်နေပါတယ်။

ပြည်ပဆက်ဆံရေး ဥရောပကောင်စီက Richard Gowan က

“နုတ်ထွက်မှာမဟုတ်ဘူးဆိုတဲ့ သဘောမျိုး သမ္မတထရမ့်ပ်က ပြောထားပါတယ်။ နယူးယောက်မှာ အဲဒီလိုမျိုး တခုခုသာပြောလိုက်ရင် တခြားခေါင်းဆောင်တွေ သိပ်ကျေနပ်သွားမှာဖြစ်တာကြောင့် ဒါက သူ့အတွက် သံတမန်ရေး အောင်မြင် မှုကြီးဖြစ်ပါလိမ့်မယ်။”

ဒီနှစ်အထွေထွေညီလာခံကို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်၊ တရုတ်သမ္မတ ရှီ ကျင့်ပင်နဲ့ ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲလ် တို့လို ထင်ရှားတဲ့ခေါင်းဆောင်တချို့ မတက်ပါဘူး။ သမ္မတထရမ့်ပ်နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့လို တခြား ခေါင်းဆောင်တွေအတွက်ကတော့ နိုင်ငံတကာစုဝေးတဲ့ပွဲမျိုးကို ပထမဆုံးအကြိမ် တက်ကြတာဖြစ်ပြီး အားလုံးက သူတို့ကို စောင့်ကြည့်နေကြပါလိမ့်မယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG