သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်စည်းဝေးမယ် 


ကုလသမဂ္ဂရဲ့ အဓိကအင်္ဂါစဉ် (၆) ခုထဲက တခုဖြစ်တဲ့ ကုလလုံခြုံရေးကောင်စီ (ဓာတ်ပုံ - UN)
ကုလသမဂ္ဂရဲ့ အဓိကအင်္ဂါစဉ် (၆) ခုထဲက တခုဖြစ်တဲ့ ကုလလုံခြုံရေးကောင်စီ (ဓာတ်ပုံ - UN)

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သောကြာနေ့ကျရင် တံခါးပိတ်အစည်းအဝေးတခု လုပ်ဖို့ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီး တနှစ်နီးပါး ကြာလာပြီးတဲ့နောက် မတည်မငြိမ်အခြေအနေတွေ ဆက်ဖြစ်နေတဲ့အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေနဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ သံတမန် သတင်းရင်းမြစ်တွေကိုးကားပြီး AFP သတင်းမှာ ရေးထားပါတယ်။

ဒီအစည်းအဝေးကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့အတူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn တက်ရောက်မယ့်အကြောင်းလည်း AFP သတင်းမှာ ရေးထားပါတယ်။

အခုလအစောပိုင်းက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံကိုသွားရောက်ပြီး စစ်ကောင်စီအကြီးအကဲနဲ့ တွေ့ဆုံခဲ့တဲ့ အငြင်းပွားစရာဖြစ်ခဲ့တဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ ဝန်ကြီး Prak Sokhonn က ရှင်းလင်း တင်ပြလိမ့်မယ်လို့ ယူဆရပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံကို သွားရောက်တဲ့ ပြည်ပနိုင်ငံ ခေါင်းဆောင်တဦးရဲ့ ပထမဆုံးခရီးစဉ် ဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းချိန်ကစလို့ ဖမ်ဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာမရှိခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာခရီးစဉ်ဟာ စစ်ကောင်စီကို တရားဝင်အောင်လုပ်ပေးဖို့ ကြိုးစားတဲ့ ခရီးစဉ်ဆိုပြီး ဝေဖန်သူတွေက ထောက်ပြခဲ့ကြသလို ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံအကျပ်အတည်းကို ကူညီဖြေရှင်းဖို့ ကြိုးပမ်းရာမှာ အာဆီယံအဖွဲ့ဝင်နိုင်တွေကြား သဘောထား ကွဲလွဲတာတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် မလေးရှား၊ အင်ဒိုနီးရှားနဲ့ စင်္ကာပူနိုင်ငံတွေက အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်တာမှာ တိုးတက်မှုမရှိရင် အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ခွင့်မပေးဘဲ ဆက်ပြီးဖယ်ထုတ်ထားဖို့ သဘောာထားရှိကြပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ အွန်လိုင်းကတဆင့် တွေ့ဆုံ ဆွေးနွေးတာမှာတော့ မြန်မာနိုင်ငံမှာ လတ်တလော ရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေ ပြေလည်ရေးအတွက် တင်းမာမှုတွေ လျှော့ချ တာ၊ လူသားစာနာမှုဆိုင်ရာ အကူအညီတွေ ပေးခွင့်ပြုတာ၊ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲလုပ်တာ စတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

..........................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)








XS
SM
MD
LG