သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ပြည်တွင်းစစ် ဖြစ်မလာရေး လုံခြုံရေးကောင်စီ အဓိကထားသင့်၊ ကုလ တရုတ်သံအမတ်ကြီး တိုက်တွန်း


ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jun. (စက်တင်ဘာ ၂၃၊ ၂၀၂၁)
ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jun. (စက်တင်ဘာ ၂၃၊ ၂၀၂၁)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ပိုများမလာအောင်နဲ့ ပြည်တွင်းစစ် ဖြစ်မလာရေးတို့ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အဓိကရည်မှန်းချက် ဖြစ်သင့်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးက သောကြာနေ့မှာ ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သောကြာနေ့က လုပ်ခဲ့တဲ့ မြန်မာ့အရေး တံခါးပိတ်စည်းဝေးပွဲ ပြီးတဲ့နောက် တရုတ်သံအမတ်ကြီး Zhang Jun က သတင်းထောက်တွေကို အဲဒီလို ပြောခဲ့တာပါ။

အဲဒီအစည်းအဝေးမှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer တို့က မြန်မာ့အရေး တင်ပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အခြေအနေ တည်ငြိမ်လာအောင် အာဆီယံ၊ ကုလသမဂ္ဂနဲ့ တခြားနိုင်ငံတွေ ဆက်ပြီး ကြိုးပမ်းအားထုတ်သွားနိုင်မယ်လို့ သူမျှော်လင့်ကြောင်း သံအမတ်ကြီး Jun က ပြောပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ မြန်မာ့အရေးမှာ "အဓိကအခန်းကဏ္ဍ" ကနေ ပါဝင်သင့်တယ်လို့ တရုတ်က ယုံကြည်ကြောင်းလည်း တရုတ်သံအမတ်ကြီးက ပြောပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို တရုတ်နိုင်ငံက ကြိုဆိုတယ်လို့ သံအမတ်ကြီး Jun က ပြောပြီး ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ "သိပ်ကောင်းပြီး သိပ်ကို အကျိုးရှိကြောင်း"၊ "ထပ်ပြီး ကြိုးပမ်းလုပ်ဆောင်သွားဖို့ ပန်ကြားထားကြောင်း" ပြောပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ် ဝန်ကြီး Sokhonn က လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ နောက်ခံသမိုင်းကြောင်း၊ "တမူထူးခြားတဲ့ နိုင်ငံရေး ဖွဲ့စည်းတည်ဆောက်ပုံ" နဲ့ စစ်ဘက်ပါဝင်တဲ့ အခန်းကဏ္ဍကို နားလည်ရမှာဖြစ်ကြောင်း၊ "အဲဒီပေါ် အခြေခံပြီးတော့သာ မိမိတို့အနေနဲ့ အဖြေတခုကို ရှာနိုင်မှာဖြစ်တယ်" လို့ ပြောခဲ့ပါတယ်။

တရုတ်သံအမတ်ကြီးက "လက်ရှိအခြေအနေမျိုးကို လူတချို့က မနှစ်မြို့ကြပါဘူး။ ဒါပေမယ့် အခြေအနေ ပိုဆိုးလာမှာ၊ အကြမ်းဖက်မှုတွေ ပိုများလာမှာ၊ ပြည်တွင်းစစ် ဖြစ်လာမှာကို ကျနော်တို့ ရှောင်ရှားသင့်တယ် ဆိုတာကိုလည်း သတိထားသင့်တယ်လို့ ကျနော်ယူဆပါတယ်" ဆိုပြီး ပြောပါတယ်။ "ဒါဟာ ကျနော်တို့ မပြတ်ကိုင်စွဲထားရမယ့် အဓိကရည်မှန်းချက်ပါပဲ" လို့ ဆိုပါတယ်။

Noeleen Heyzer ကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်တဲ့အပေါ် တရုတ်နိုင်ငံက ကြိုဆိုတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။ မြန်မာ့အရေး အဓိက သက်ဆိုင်သူတွေနဲ့ Noeleen Heyzer က ဆက်သွယ်ပြောဆိုနေပြီး မြန်မာနိုင်ငံကို လာရောက်ခွင့်ရဖို့ ပန်ကြားထားကြောင်း၊ "သူ ဖြစ်အောင်လုပ်နိုင်မယ်လို့ မျှော်လင့်ကြပါစို့" ဆိုပြီး တရုတ်သံအမတ်ကြီး Zhang Jun က ပြောသွားပါတယ်။

အထူးကိုယ်စားလှယ် Heyzer အနေနဲ့ မြန်မာနိုင်ငံကို မကြာခင် သွားရောက်ဖို့ ကြိုးစားမှာဖြစ်ပေမယ့် "လက်ခံနိုင်ဖွယ် ကောင်းမွန်တဲ့ သတ်မှတ်ချက်ရှိရမယ်" လို့ ဗြိတိန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ ဒုတိယသံအမတ်ကြီး James Kariuki က ပြောပါတယ်။

လုံခြုံရေးကောင်စီမှာ ပထမဆုံးအကြိမ်အဖြစ် အာဆီယံနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့ ပြောတာကို နားထောင်ခွင့်ရခဲ့တာ အရေးပါကြောင်းနဲ့ သူတို့ကို လုံခြုံရေးကောင်စီက အပြည့်အဝ အားပေးထောက်ခံတယ်လို့ ဗြိတိန် ဒုသံအမတ်ကြီး Kariuki က ပြောပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေကြားမှာ သဘောတူညီတဲ့ ကဏ္ဍတွေကို ထင်ဟပ်မယ့် ထုတ်ပြန်ချက်တခု ထွက်လာဖို့ လုပ်ဆောင်နေတယ်လို့လည်း ဒုသံအမတ်ကြီး Kariuki က ပြောပါတယ်။

"လုံခြုံရေးကောင်စီအနေနဲ့ ဒီကနေ့ ကြားခဲ့ရသလိုပဲ အာဏာသိမ်းမှု မတိုင်ခင်က အသက်ကယ်အကူအညီ အရေးပေါ်လိုအပ်သူ လူပေါင်း ၁ သန်း ရှိခဲ့တာကနေ အခုဆို ၁၄ သန်း ဖြစ်နေပါပြီ" လို့ ဒုသံအမတ်ကြီး Kariuki က အေပီသတင်းဌာနကို ပြောပါတယ်။ "ဒီအခြေအနေ ပိုပြီး ကြာရှည်လာတာနဲ့အမျှ ပိုဆိုးလာပါလိမ့်မယ်။ လူသားစာနာမှု အကူအညီတွေ စစ်ဘက်က ပိတ်ဆို့ထားတာကို ရပ်ပစ်ဖို့လိုပြီး ငါးချက်ပါ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရေး သူတို့ကိုယ်တိုင် ပေးထားတဲ့ ကတိကဝတ်အတိုင်း စလုပ်ရပါမယ်၊ နောက်ထပ် နှောင့်နှေးကြန့်ကြာမှု မရှိရတော့ပါဘူး" လို့ ဗြိတိန် ဒုသံအမတ်ကြီး James Kariuki က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)














XS
SM
MD
LG