သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အရပ်သားပေါ်တိုက်ခိုက်မှု ရှုတ်ချပြီး အပစ်ရပ်ဖို့ လုံခြုံရေးကောင်စီဥက္ကဋ္ဌ တောင်းဆို 


ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ နော်ဝေးနိုင်ငံရဲ့သံအမတ်ကြီး Mona Juul
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ နော်ဝေးနိုင်ငံရဲ့သံအမတ်ကြီး Mona Juul

မြန်မာနိုင်ငံမှာ ကလေးငယ်တွေအပါအဝင် အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကို အပြင်းအထန် ပြစ်တင်ရှုတ်ချတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ နော်ဝေးနိုင်ငံရဲ့သံအမတ်ကြီး Mona Juul က မကြာသေးခင် အချိန်ပိုင်းအတွင်း ကပဲ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ပြောသွားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးတခု ဒီကနေ့ကျင်းပဖို့ ရှိနေချိန်မှာပဲ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌက အဲဒီလိုပြောသွားတာပါ။ အပစ်အခတ် ချက်ခြင်းရပ်စဲဖို့နဲ့ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး စစ်ကောင်စီကဖမ်းထားသူအားလုံးကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ သံအမတ် ကြီး Mona Juul က တောင်းဆိုပါတယ်။

မြန်မာနိုင်ငံ လူဦးရေ ၁၄ သန်းထက်မနည်းဟာ လူသားစာနာမှု အကူအညီတွေ အရေးတကြီး လိုအပ်နေပြီး အကူပေးခွင့်ရရေး လက်ရှိအချိန်မှာ အထူးလိုအပ်တယ်လို့လည်း ပြောပါတယ်။

စစ်ဘက်မှာ တာဝန်အရှိဆုံးဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အခြေအနေတွေ တည်ငြိမ်အောင်လုပ်ဖို့ တာဝန်ရှိတယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နာမည်နဲ့တကွ ထည့်ပြောတာမဟုတ်ဘဲ ကုလလုံခြုံရေးကောင်စီ ဥက္ကဋ္ဌက ထောက်ပြခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ အချက်ငါးချက်ပါ သဘောတူညီချက်ကို ထောက်ခံတဲ့အကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ ဆက်သွယ်ဆွေးနွေးဖို့နဲ့ အာဆီယံနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နှစ်ဦးလုံးရဲ့ လုပ်ငန်းတွေကို ထောက်ခံအားပေးတဲ့အကြောင်း သံအမတ်ကြီး Juul က ပြောပါတယ်။

ဒီကနေ့ တံခါးပိတ်အစည်းအဝေးမှာ အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzer ၊ လူသားစာနာမှုရေးရာ လုပ်ငန်းများဆိုင်ရာ ကုလသမဂ္ဂရုံး (UNOCHA) ရဲ့ ဒုတိယအကြီးအကဲတို့က မြန်မာ့အရေး တင်ပြပြောဆိုကြမယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ နော်ဝေးနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး Mona Juul က ပြောသွားပါတယ်။

.......................................................................








XS
SM
MD
LG