သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသဖွံ့ဖြိုးရေးအတွက် ကန်သံအမတ်ကြီး ကချင်အရပ်ဘက်အဖွဲ့တွေနဲ့တွေ့ဆုံ


ကန်သံအမတ်ကြီး ကချင်အရပ်ဘက်အဖွဲ့တွေနဲ့တွေ့ဆုံ (U.S. Embassy Rangoon)
ကန်သံအမတ်ကြီး ကချင်အရပ်ဘက်အဖွဲ့တွေနဲ့တွေ့ဆုံ (U.S. Embassy Rangoon)

(Zawgyi/Unicode)

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ဟာ ကချင်ပြည်နယ်အတွင်း အမေရိကန်ပြည်ထောင်စုက ပထမဆုံးအကြိမ်အဖြစ် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အကူအညီပေးမယ့် အစီအစဉ် စတင်တဲ့အနေနဲ့ ဒီကဏ္ဍမှာ လုပ်ကိုင် နေကြသူတွေထံက အကြံဉာဏ်ရယူတဲ့ တွေ့ဆုံဆွေးနွေးပွဲတခု ဒီကနေ့ မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

မြစ်ကြီးနားမြို့ကို ၃ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ သံအမတ်ကြီးနဲ့ အဖွဲ့ဟာ မနေ့က KSPP ကချင်ပြည်နယ် ပြည်သူ့ပါတီနဲ့တွေ့ဆုံခဲ့သလို တခြား အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အမေရိကန်သံအမတ်ကြီး Scot Marciel ဦးဆောင်တဲ့ သံရုံးကိုယ်စားလှယ်အဖွဲ့ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို နိုဝင်ဘာလ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ ၃ ရက်တာ သွားရောက်ပြီး ပြည်နယ်အတွင်းက စိုက်ပျိုးရေးကဏ္ဍကို အကူအညီပေးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေအတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ NGO တွေအပြင် အစိုးရတာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။

ဒီကနေ့မှာတော့ စိုက်ပျိုးရေးကဏ္ဍကလူတွေနဲ့ တွေ့ဆုံခဲ့ကြောင်း အမေရိကန်သံရုံး ပြောခွင့်ရ Aryani Manring က ဗွီအိုအေကို ပြောပါတယ်။

“ဒီကနေ့မှာတော့ USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီက ကမကထပြု ကျင်းပတဲ့ စိုက်ပျိုးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။ ကချင်ပြည်နယ်အတွင်းက စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေထံက အကြံဉာဏ် ရယူနိုင်ရေးအတွက် ဒီဆွေးနွေးပွဲကို အဓိက ရည်ရွယ်ပြုလုပ်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ရဲ့ စိုက်ပျိုးရေးဆိုင်ရာ အကူအညီကို ကချင်ပြည်နယ်အတွက် ပထမဆုံးအကြိမ်ပေးသွားမှာကြောင့် ဖြစ်ပါတယ်။”

သံအမတ်ကြီး Marciel နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မှာဘဲ ကချင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရနဲ့ လွှတ်တော် တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ဆက်စပ်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID က ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အကြံပေးချက်တွေရယူပြီး စီမံကိန်းရေးဆွဲဖို့ ပြင်ဆင်နေတာမှာ မနက်ဖြန် နိုဝင်ဘာ ၁၅ ရက်နေ့မှာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။ အဲဒီ အလုပ်ရုံဆွေးနွေးပွဲကို သံအမတ်ကြီး Marciel တက်ရောက် ဖွင့်လှစ်ပေးမယ်လို့ Aryani Manring က ပြောပါတယ်။ ကချင်ပြည်နယ်အတွက် သီးသန့် ပြုလုပ်တဲ့ ဒီမူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ် ၅ နှစ်တာကာလအတွက် အမေရိကန်ဒေါ်လာ ၆ သန်း သုံးစွဲသွားဖို့ ယာထားကြောင်း ပြောပါတယ်။

မနေ့ကတော့ သံအမတ်ကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ခရီးရောက်မဆိုက်ဘဲ ကချင်ပြည်နယ်အတွင်းက နိုင်ငံရေးပါတီကြီး ၅ စုပေါင်းပြီးဖွ့ဲစည်းထားတဲ့ KSPP ကချင်ပြည်နယ် ပြည်သူ့ပါတီနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ပါတီ ဒုဥက္ကဌ Gumgrawng Awng Hkam က ပြောပါတယ်။

“မနေ့က ရောက်ရောက်ချင်းဘဲ ပထမဦးဆုံး ကျနော်တို့ KSPP – Kachin State People’s Party (ကချင်ပြည်နယ် ပြည်သူ့ပါတီ) ရုံးချုပ်ကို လာပြီးမှ တွေ့ပါတယ်။ သူကတော့ KSPP ရဲ့ ရှေ့လုပ်ငန်းစဉ်တွေပေါ့၊ ဘာဖြစ်လို့ ပူးပေါင်းရတဲ့ အကြောင်းရင်းတွေ၊ ရှေ့လုပ်ငန်းစဉ်တွေကို ပြောတယ်။ ကျနော်တို့ဘက်ကလည်း တင်ပြစရာရှိတာတွေကို တင်ပြတယ်။ အဲဒီ အပြန်အလှန် ဆွေးနွေးမှုပေါ့။”

ကချင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အမေရိကန်က အကူအညီပေးနိုင်မယ့် အနေအထားတွေကို သံအမတ်ကြီးက မေးမြန်းခဲ့တာတွေနဲ့ သူတို့ဘက်က ပြန်လည် တင်ပြ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းတွေကို Gumgrawng Awng Hkam က အခုလို ဆက်ပြောပါတယ်။

“အဓိကကတော့ မူးယစ်ဆေးဝါးကိစ္စနဲ့ ငြိမ်းချမ်းရေးကိစ္စ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးမရဘူးဆိုရင် ကျနော်တို့နိုင်ငံမှာ ဘယ်လောက်ဘဲ ဖွံ့ဖြိုးရေးဘဲ လုပ်လုပ်၊ စီးပွားရေးဘဲလုပ်လုပ် အောင်မြင်မှာမဟုတ်ဘူးဆိုတဲ့ အချက်တွေကို ကျနော်တို့ဘက်ကလည်း တင်ပြပါတယ်။ ဒါကြောင့်လည်း သူတို့အနေနဲ့ ဒီဟာကို လက်ခံတယ်။ နောက်တချက်ကတော့ မူးယစ်ဆေးဝါးကိစ္စ ဖြစ်ပါတယ်။ အခုက မြန်မာပြည်မှာ မူးယစ်ဆေးဝါး အရမ်း Effect ဖြစ်နေတယ်။ ပြဿနာတက်နေတယ်။ ကချင်ပြည်နယ်မှာလည်း ဆိုးရွားစွာ ဒီ Effect တွေက ဖြစ်နေတယ်။ တန်ပြန်သက်ရောက်မှုတွေက ဖြစ်နေတယ်ဆိုတဲ့ဟာကိုလည်း သူတို့က လက်ခံတယ်။ ဒါကြောင့်မို့လို့လဲ အဲဒီကိစ္စတွေအတွက် သူတို့က အမြဲတမ်း စောင့်ကြည့်နေတယ်ဆိုတဲ့ အပိုင်းလည်း ဖြစ်ပါတယ်။”

သံအမတ်ကြီး Scot Marciel နဲ့ အဖွဲ့ဟာ မနက်ဖြန်မှာတော့ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တပ်ဖွဲ့တွေနဲ့အတူ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြတဲ့ ကချင် စစ်ပြန်စစ်မှုထမ်းဟောင်းတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မနက်ဖြန်မှာဘဲ မြစ်ကြီးနားမြို့မှာ အမေရိကန်သံရုံး အလုပ်အကိုင်နဲ့ တခြားအခွင့်အလန်းများဆိုင်ရာ ပြပွဲကို ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ ဒီအစဉ်ဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးနဲ့ မကြာခင် နေပြည်တော်မှာ ဖွင့်လှစ်ဖို့ရှိတဲ့ ဆက်ဆံရေးရုံးတွေမှာ အလုပ်အကိုင် ဘယ်လိုလျှောက်လို့ရနိုင်တယ်၊ အမေရိကန်မှာ ပညာသွားသင်လိုသူတွေအတွက် ပညာသင်ခွင့်ရနိုင်တဲ့ အခွင့်အလန်းတွေအကြောင်းကို Facebook ကနေ တိုက်ရိုက် ထုတ်လွင့် ပြသပြီး ရှင်းလင်း ပြောကြားမယ့် အစီအစဉ်ဖြစ်ပါတယ်။

မနက်ဖြန် နိုဝင်ဘာ ၁၅ ရက်၊ သောကြာနေ့ မနက် ၉ နာရီမှာ စတင်မယ့် ဒီအစဉ်ကိုတော့ လူကိုယ်တိုင် မတက်နိုင်သူတွေအနေနဲ့ အမေရိကန်သံရုံးရဲ့ Facebook လူမှုကွန်ယက်ကနေ ကြည့်ရှုနိုင်ဖို့အတွက် တိုက်ရိုက် ထုတ်လွင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.........................


(Unicode)













ဆက်စပ်သတင်းများ ...

XS
SM
MD
LG