သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြည်ထဲ လူမှောင်ခိုကူးခံရတဲ့ ကချင်မိန်းကလေးငယ်များ


တရုတ်ပြည်ထဲ လူမှောင်ခိုကူးခံရတဲ့ ကချင်မိန်းကလေးတဦး
တရုတ်ပြည်ထဲ လူမှောင်ခိုကူးခံရတဲ့ ကချင်မိန်းကလေးတဦး

မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တို့ကြားဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေအနေနဲ့ မြေယာဆုံးရှုံးရတာ၊ အိုးအိမ်စွန့်ထွက်ပြေးရတာနဲ့ မိသားစုတွေ တကွဲတပြား ဖြစ်ရတာတွေကနေ နေထိုင်စားသောက်ရေး အခက် တွေ့ကြရပါတယ်။ ဒါကြောင့်လည်း ဒေသခံ အမျိုးသမီးငယ်အများအပြားဟာ အိမ်နီးချင်း တရုတ်ပြည်မှာ အလုပ်သွားရှာကြရပြီး လူမှောင်ခို ကူးခံရမှာ၊ အတင်းအဓမ္မ အိမ်ထောင်ပြုခိုင်းခံရမှာ စတဲ့အခြေအနေတွေနဲ့ကြုံရဖို့ ပိုပြီး အကာအကွယ်မဲ့ ဖြစ်ရပါတယ်။ လူမှောင်ခိုကူးခံရတာရဲ့ ရိုက်ခတ်မှုနဲ့ပတ်သက်ပြီး ဒေသတွင်းက တက်ကြွလှုပ်ရှားသူတွေ၊ လူမှောင်ခိုကူးခံခဲ့ရသူတွေနဲ့ တွေ့ဆုံ မေးမြန်းပြီး Steve Sandford က ကချင်ပြည်နယ်ကနေ သတင်းပေးပို့ထားပါတယ်။ ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ကချင်ပြည်နယ်က ထောင်ပေါင်းများစွာသော အလုပ်လက်မဲ့တွေဟာ ငွေရှာဖို့မျှော်လင့်ချက်နဲ့ တရုတ်ပြည်ဘက်ကို သွားကြ လေ့ရှိပါတယ်။

၂၀၁၅ ခုနှစ်ကမှ ရပ်ပစ်ခဲ့တဲ့ မိသားတစု ကလေးတဦးမူဝါဒကြောင့် တရုတ်ပြည်မှာ အမျိုးသားအရေအတွက်ထက် အမျိုးသမီး အရေအတွက်က ပိုနည်းနေပါတယ်။ ဒါကြောင့် အိမ်ထောင်ပြုဖို့၊ ကလေးမွေးဖို့ အိမ်နီးချင်းနိုင်ငံတွေက အမျိုးသမီးနဲ့ မိန်းကလေး တွေကို ပိုလိုလာတာပါ။

ဒါကြောင့်လည်း အကာအကွယ်အမဲ့ဆုံးသူတွေ လှည့်ဖျားခံကြရတာပါပဲ။ အလုပ်ရမယ်ဆိုပြီး သူငယ်ချင်းတဦးက ကတိပေးခဲ့ပေမယ့် နောက်ကျတော့ ဆေးထိုးခံရပြီး တရုတ်ပြည်မှာ ဖမ်းထားခံခဲ့ရတယ်လို့ ဘယ်သူဆိုတာ မဖော်ပြချင်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

“ဒုက္ခရောက်ပြီး သိပ်ဆိုးတဲ့အခြေအနေမှာ နေခဲ့ရပါတယ်။ ကျမကို လိင်ပိုင်း အနိုင့်အထက် ပြုကျင့်ပြီး မတော်မတရားလုပ်ပါတယ်။ ကျမ သူတို့နဲ့ မအိပ်ချင်ပေမယ့် အတင်းအကျပ် အိပ်ခိုင်းပါတယ်။ ကျမကိုလွှတ်ပေးဖို့ တောင်းပန်ပေမယ့် ဂရုမစိုက်ဘဲ ကျမ ကိုယ်ဝန်ရတဲ့အထိ မုဒိန်းကျင့်ပါတယ်။”

ဖြစ်ရပ်တချို့က ရာဇဝတ်မှုမြောက်တယ်ဆိုတာ သိပ်ရှင်းပေမယ့် တချို့ ဖြစ်ရပ်တွေမှာကျတော့ လက်ထပ်ရင် ငွေကြေးပစ္စည်းတွေ ပေးမယ်လို့ ကတိပေးပြီးတော့ အကျအနစီစဉ်ပြီး လက်ထပ်တာကနေ စတာတွေလည်းရှိပါတယ်။

တချို့မိဘတွေဟာ ရည်ရွယ်ချက်ကောင်းနဲ့ လုပ်တာဖြစ်ပေမယ့် စီစဉ်ပြီး လက်ထပ်ခိုင်းတာတွေ မှားယွင်းသွားပြီးတော့ နောက်ဆက်တွဲ ဖြစ်လာတာတွေကို သတိမပြုမိကြဘူးလို့ ကချင်အမျိုးသမီးအဖွဲ့ KWA ကပြောပါတယ်။

“တချို့မိဘတွေဟာ ရည်ရွယ်ချက်ကောင်းနဲ့ လုပ်တာဖြစ်ပေမယ့် စီစဉ်ပြီး လက်ထပ်ခိုင်းတာတွေ မှားယွင်းသွားပြီးတော့ နောက်ဆက်တွဲ ဖြစ်လာတာတွေကို သတိမပြုမိကြဘူး”လို့ ကချင်အမျိုးသမီးအဖွဲ့ KWA က ဆိုင်းခမ်းက ပြောပါတယ်။

“မိဘအတော်များများက သူတို့သမီးတွေကို တရုတ်အမျိုးသားနဲ့ ယူစေချင်ကြတယ်။ တရုတ် ပြည်မှာ ပိုအဆင်ပြေမယ်လို့ ထင်ကြတယ်လေ … တရုတ်အစိုးရက တရုတ်နိုင်ငံသားတွေကို ကောင်းကောင်းဂရုစိုက်မယ်လို့ သူတို့ထင်ကြပါတယ်။”

တရုတ်ပြည်မှာ ပြောင်းခူးအလုပ်သမတဦးဖြစ်တဲ့ ဆိုင်းရော်ဟာ အစိုးရက နယ်စပ်လုံခြုံရေးကို တင်းကျပ်လိုက်တကြောင့် အလုပ် ပြုတ်သွားပါတယ်။ ရုတ်တရက် ဝင်ငွေမဲ့သွားတာကြောင့် သူ့ရဲ့ ၁၆ နှစ်အရွယ် သမီးငယ်ကို ချမ်းသာတဲ့လူတယောက်နဲ့ စီစဉ်ပြီး ပေးစားလိုက်ရင် အဆင်ပြေမယ်လို့ ထင်ခဲ့ပါတယ်။

“သမီးက ငယ်သေးတော့ ပထမတော့ အိမ်ထောင်မပြုစေချင်ဘူး။ ဒါပေမယ့် တရုတ်မိသားစု က သူတို့စောင့်ရှောက်ပါ့မယ်လို့ ပြောတယ်လေ။ ဆွေမျိုးတွေကလည်း ပိုအဆင်ပြေမှာလို့ ပြောကြတယ်။ ဒါနဲ့ပဲ သမီးကို တရုတ် အမျိုးသားနဲ့ပေးစားဖို့ ဆုံးဖြတ်ခဲ့တာပါ။”

အိမ်ထောင်ကျပြီး ဘယ်မှသွားခွင့်မရ၊ ဆက်သွယ်ခွင့်မရတဲ့ ဆိုင်းရော်ရဲ့ သမီးဖြစ်သူကို ၂နှစ်ကြာပြီးကာမှ အိမ်ကိုပြန်လည်ခွင့် ပေးခဲ့ပါတယ်။ အဲဒီအချိန်ကလို့ သမီးက ပြန်မသွားတော့ပါဘူး။

“တရုတ်ပြည်မှာ အိမ်ထောင်ကျပြီး နေရတာ ဘယ်လိုလဲလို့ သူငယ်ချင်းတွေက မေးကြ တယ်။ ပျော်စရာကောင်းလား၊ ကျမ ပျော်သလား ဆိုတာတွေပေါ့၊ ပျော်စရာမကောင်းဘူးလို့ ကျမ ပြောပြတယ်။ အိမ်ထောင်ပြု လိုက်ရတာ သိပ်ကိုဝမ်းနည်းပြီး စိတ်ပျက်ရပါတယ်။”

ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲကြီးတွေ ဆက်ဖြစ်မနေပေမယ့် ဒေသအခြေအနေက သိပ်ကြီး တည်ငြိမ်လှသေးတာ မဟုတ် သလို စီးပွားရေးကလည်း မကောင်းလှသေးတာကြောင့် လူမှောင်ခိုကူးတာတွေ ဆက်ရှိနေဦးမှာပဲလို့ သုံးသပ်ကြပါတယ်။

.........................

(Unicode)















ဆက်စပ်သတင်းများ ...

XS
SM
MD
LG